လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ယခင်နှစ် ကာလတူထက် သွင်းကုန်တင်သွင်းမှု ပိုမိုမြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ သန်း ၆၃၀ ကျော်ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားပြည်ပမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။
လက်ရှိ ၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ၁၀ လတွင် မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏသည် ဒေါ်လာ၁၄ ဒသမ ၆၁၀ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၀၀ ခန့်သာပိုမို တင်ပို့ထားနိုင်ခဲ့သည်။
သို့သော်လည်း ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၁၆ ဒသမ ၃၁၂ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁၃၅ ဘီလျံအထိမြင့်တက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း ပို့ကုန်/ သွင်းကုန်ပမာဏများအား နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ဒေါ်လာ ၁ ဒသမ ၇၀၂ ဘီလျံအထိ ပိုမိုတင်သွင်းထားသည်။
လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၇၀၂ ဘီလျံဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်သာရှိသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာ ၆၃၆ ဒသမ ၆၇၁ သန်းပိုမိုဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မြင့် တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှမဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျှော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။
“တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာမွေးမြူရေးက တက်လာတယ်။ ကြက်စာအရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းကတန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆိုတန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလဲဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေကလျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာ ရှိတယ်။ စားအုန်းဆီကလည်းလျော့မပေး နိုင်ဘူး။ ဒီဇယ်မှာလည်းလျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန်ဒေါ်လာသန်း ၅၀၀ အထိ လျော့ချရန်မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။