လောဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင ့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်ခြောက်မြို့နယ်တွင် ရှစ်နေရာ ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ်တွင် ပြည်နယ်အမှတ်(၁) နေရာ၊ ဝိုင်းမော်မြို့နယ်တွင် ပြည်နယ်အမှတ်(၁) နေရာ၊ ဆော့လော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမှတ် (၉) နှင့် အမှတ်(၁၂) တို့တွင် အမျိုးသားလွှတ်တော် နှစ်နေရာတို့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်တွင် ပြည်နယ်လွှတ်တော် (၁) နှင့် (၂)၊ ပြည်သူ့လွှတ်တော် တစ်နေရာ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ခြောက်မြို့နယ်တွင် စုစုပေါင်းရှစ်နေရာ ဝင်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
လောဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၅ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
လောဝေါ်တိုင်းရင်းသားများ လိုအပ်ချက်အရ လောဝေါ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နေရာမရှိသဖြင့် အဆိုပါ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာ ရရှိနိုင်ရန် ပြည်ထောင်စုထံ ဆက်လက်တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မြို့နယ်ပေါင်း ခြောက်မြို့နယ်မှာ စုစုပေါင်း ရှစ်နေရာပေ့ါ။ အမျိုးသားလွှတ်တော် နှစ်နေရာ၊ ရှမ်းပြည်နယ် ကွမ်းလုံမှာ သုံးနေရာ၊ ဝိုင်းမော်၊ မိုးကောင်း၊ ချီဖွေနဲ့ဆော့လော်၊ ကွမ်းလုံပေါင်း ခြောက်မြို့နယ်။ ကျွန်တော်တို့ကတော့ နိုင်ခြေရှိတဲ့နေရာတွေပဲ ရွေးထားပါတယ်လို့။ အခွင့်အရေး ဆုံးရှုံးတာတွေက အများကြီးပါပဲ။ ကျွန်တော်က လော်ဝေါ်နော်၊ မှတ်ပုံတင်မှာ ကချင်ဖြစ်လာတယ်။ ကချင်ဆိုတော့ ဂျိန်းဖောဖြစ်လာတာ၊ နိုင်ငံတော်က ပြောင်းလို့ရတယ် ပြောပေမဲ့ သက်ဆိုင်ရာနေရာ သွားလုပ်တော့ မရတော့ဘူးပြောတယ်။ တစ်ယောက်တည်း မဟုတ်ဘူး။ ရာခိုင်နှုန်း ၉၀ လောက်ရှိတယ်။ ရှမ်းပြည်နယ်ဆိုရင် အဲဒီလို မှတ်ပုံတင် လော်ဝေါ်နဲ့ တစ်ယောက်တောင် ရှိမယ်မထင်ဘူး။ ရှမ်းပြည်နယ်မှာ သုံးသိန်းကျော်တယ်လို့ ရှမ်းပြည်နယ်ရေးရာ ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက လော်ဝေါ်ပဲ။ သူ့မှတ်ပုံတင် ကြည့်ကြည့်ဦး၊ ပြည်သူ့လွှတ်တော် ဦတီခွန် မြတ် ကြည့်ကြည့်ပါဦး။ သူက လော်ဝေါ်ပဲ။ တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှုံးတာအ များကြီးပါပဲ။ စာပေတွေလည်း ဘယ်နားသုံး ရမလဲ မသိဘူး။ အနည်းဆုံး KG မှာ သုံးချင်တာပေ့ါ။ တိုင်းရင်းသား စာပေတွေကိုလေ။ အခုက မှန်းထားတဲ့ နေရာတွေပဲ ပြိုင်တာ၊ ၇၅ ရာခိုင်နှုန်းလောက်တော့ မျှော်လင့်တယ်။ လောဝေါ်က တစ်ပါတီပဲရှိတယ်။ ဒါပေမဲ့ တခြားပါတီတွေမှာလည်း လောဝေါ်တွေ အများကြီးရှိတယ်။ ပြည်သူလူထုကို ပြောချင်တာ နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ဖြစ်နေတဲ့ ရွေးကောက်ပွဲ မဲကိုထည့်နိုင်ရင် ကောင်းတယ်ပြောချင်တာပေ့ါ။ နိုင်ငံတော် အခင်းအကျင်းမှာ တိုင်းရင်းသားအဖြစ် နိုင်ငံသားတစ်ဦး အနေနဲ့ အားလုံးပါဝင်သင့် ပါဝင်ထိုက်တယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မတ်မတ်ရပ်တည် သွားကြအောင်လို့ ပြောချင်တာပေ့ါ။ အောင်နိုင်ရင်တော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမှာ ပြည်ထောင်စုလို့ ပြောနေရင်လည်း ဂဃနဏ မဖြစ်သေးဘူး။ အဲဒီအပိုင်းတွေကို တအား အားခဲနေကြတယ်။ ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် တတ်နိုင်သလောက် ပါဝင်ဆွေးနွေးဖို့ပေ့ါ” ဟု လောဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဒေးဝိဒ်က ပြောကြားသည်။
လောဝေါ်တိုင်းရင်းသားများသည် ကချင်ပြည်နယ်တွင် ၃၆၀၀၀၀ ကျော်၊ ရှမ်းပြည်နယ်တွင်လည်း နှစ်သိန်းကျော်ရှိကြောင်း၊ လောဝေါ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ခန့်မှန်းစာရင်းအရ သိရပြီး ကချင်အမည်ပေါက် လောဝေါ်တိုင်းရင်းသား များစွာရှိကြောင်း၊ တရားဝင် စာရင်းပေါက် လူဦးရေ ခြောက်သောင်းကျော်သာ ရှိသဖြင့် နိုင်ငံတော်ထံ တင်ပြပြီးနောက်ပိုင်းတွင် လောဝေါ်တိုင်းရင်းသား လူဦးရေ တစ်သောင်းခွဲသာ ရှိသည်ဟု ထပ်မံအကြောင်းပြန်လာကြောင်း ဦးဒေးဝိဒ်က ဆိုသည်။
၂၀၁၉ ခုနှစ် သြဂုတ်လ လဝကစာရင်းအရ လောဝေါ်တိုင်းရင်းသား လူဦးရေစာရင်း ခြောက်သောင်းကျော် ရှိကြောင်း သိရသည်။ လောဝေါ်တိုင်းရင်းသားများသည် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ ကွမ်းလုံတို့တွင် အနှံ့အပြား နေထိုင်ကြပြီး ကုတ်နံပါတ် အမည်ပေါက် တိုင်းရင်းသားဖြစ်ကြောင်း သိရသည်။