နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ၆၈၅ ဦးရှိသည့်အနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ၃၃ ဦး ပါဝင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး (တိုင်းရွေးကောက်ပွဲအရာရှိ) ဦးအောင်မျိုးလွင်၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် နိုင်ငံရေးပါတီ ၁၇ ခုအထိရှိကြောင်း၊ အလားတူ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွင် စစ်ဆေးပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအတွက် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ တစ်တိုင်းလုံးအနေနဲ့ ၆၈၅ ဦးအထိ ရှိပါတယ်။ အဲဒီမှာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၃၃ ဦးအထိ ရှိတယ်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုရင် ကျွန်တော်တို့တိုင်းမှာ စစ်တယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း တွေဆိုရင် သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲတွေမှာ ဒီကနေ့စပြီးတော့ စိစစ်နေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး (တိုင်းရွေးကောက်ပွဲအရာရှိ) ဦးအောင်မျိုးလွင် က ပြောကြားသည်။
လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ၃၇ နေရာအထိရှိပြီး အမည်စာရင်း တင်သွင်းသူ ၁၉၉ ဦးရှိကြောင်း ယင်းအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ကိုးဦး ပါဝင်ကြောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတွင် ၁၂ နေရာအထိရှိပြီး စာရင်းတင်ထားသူ ၆၂ ဦးရှိကြောင်း ယင်းအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနှစ်ဦး ပါဝင်ကြောင်း သိရသည်။