၂၀၂၀-၂၁ ရာသီအစပွဲစဉ်အချို့ကို ပူလီဆစ် လွဲချော်ဖွယ်ရှိကြောင်း လမ်းပတ် ဆို

၂၀၂၀-၂၁ ရာသီအစပွဲစဉ်အချို့ကို ပူလီဆစ် လွဲချော်ဖွယ်ရှိကြောင်း လမ်းပတ် ဆို
Photo: Getty Images
Photo: Getty Images
Published 8 August 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က အသင်းတောင်ပံကစားသမား ပူလီဆစ်သည် တံကောက်ကြောဒဏ်ရာကြောင့် ၂၀၂၀-၂၁ ရာသီအစပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၁)နှစ်အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် သြဂုတ်လ (၁)ရက်က ကစားခဲ့သည့် FA ဖလားဗိုလ်လုပွဲ အာဆင်နယ် (၂-၁) ချယ်လ်ဆီးပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ပူလီဆစ်သည် အဆိုပါဒဏ်ရာကြောင့် သြဂုတ်လ (၈)ရက်တွင် ကစားမည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်သလို ၂၀၂၀-၂၁ ရာသီအစပွဲစဉ်အချို့ကို လွဲချော်နိုင်ကြောင်း လမ်းပတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လမ်းပတ်က "ပူလီဆစ်ဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပူလီဆစ်အနေနဲ့ ပထမဆုံးရာသီမှာ ဂိုးတွေသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ လာမယ့်ရာသီမှာ အခုထက်ပိုပြီးတိုးတက်လာဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ ပူလီဆစ်ကို ကြံ့ခိုင်မှုပြန်လည်ပြည့်ဝမှ အသုံးပြုမှာပါ။ ပူလီဆစ်အနေနဲ့ ၂၀၂၀-၂၁ ရာသီအစပွဲစဉ် (၁)ပွဲ၊ (၂)ပွဲကို လွဲချော်နိုင်ပါတယ်။ ဒါပေမဲ့ သူ ဒဏ်ရာက ပြန်လာတဲ့အခါ ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

ပူလီဆစ်သည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၁၁)ဂိုး သွင်းကာ ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။

Most Read

Most Recent