ဥရောပနှင့် စီးရီးအေဂိုးသွင်းဘုရင်ဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အိပ်မက်များအမှန်တကယ်ဖြစ်လာပြီဟု အီမိုဘီလီ ဝင့်ကြွား

ဥရောပနှင့် စီးရီးအေဂိုးသွင်းဘုရင်ဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အိပ်မက်များအမှန်တကယ်ဖြစ်လာပြီဟု အီမိုဘီလီ ဝင့်ကြွား
Published 3 August 2020

၂၀၁၉-၂၀ ရာသီ စီးရီးအေဂိုးသွင်းဘုရင်ဆုနှင့် ဥရောပဂိုးသွင်းဘုရင်ဆုများကို ဆွတ်ခူးနိုင်ခဲ့သည့် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက အိပ်မက်များ အမှန်တကယ်ဖြစ်လာပြီဖြစ်ကြောင်း ဝင့်ကြွားခဲ့သည်။

နာပိုလီအသင်းကို (၁-၃)ဂိုးနှင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အီမိုဘီလီ၏ ၂၀၁၉-၂၀၂၀ ရာသီ စီးရီးအေသွင်းဂိုးအရေအတွက်သည် (၃၆)ဂိုးအထိရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် ဂျူဗင် တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ သွင်းဂိုးအရေ အတွက်ထက် (၅)ဂိုး ပိုများကာ စီးရီးအေဂိုးသွင်း ဘုရင်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အီမိုဘီလီသည် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၏ လိဂ်ပြိုင်ပွဲသွင်းဂိုး (၃၄)ဂိုးကို (၂)ဂိုးအသာ ဖြင့်ကျော်ဖြတ်၍ ဥရောပဂိုးသွင်းဘုရင်ဆုအား ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၁၉-၂၀ ရာသီတွင်  စီးရီးအေသွင်း ဂိုး (၃၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သဖြင့်  အီမိုဘီလီသည် ၂၀၁၅-၁၆ ရာသီက နာပိုလီတိုက်စစ်မှူး ဟီဂွါအင်ရယူထားနိုင်သည့် တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုး အများဆုံးသွင်းယူနိုင်သောစံချိန်ကိုလည်း လိုက်မီခဲ့ကြောင်း သိရသည်။

ဂိုးသွင်းဘုရင်ဆုများ ဆွတ်ခူးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အီမိုဘီလီက ''ကျွန်တော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါပြီ။ ကျွန်တော် သိပ်ပြီး ပျော်ရွှင်ရပါတယ်။ ပြီးတော့ ဂုဏ်ယူရတယ်။ အတိတ်ကို ပြန်ကြည့်လိုက်တဲ့အခါ အရာအားလုံး ဖြတ်သန်းနိုင်ခဲ့ တယ်လို့ ကျွန်တော် ထင်တယ်။ ယုံကြည်မှုသာ တကယ်ရှိရင် အိပ်မက်တွေဟာ အမှန်တကယ်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်ရဲ့နည်းပြနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပိုင်ဆိုင်ခဲ့တဲ့အရာတွေဟာ တစ်သင်းလုံးကို ကိုယ်စားပြုပါတယ်။ လာဇီယိုပရိသတ်တွေကိုလည်း ကျေးဇူးတင်ပြီး သူတို့က ကျွန်တော့်ကို ဒီအသင်းမှာ မရှိမဖြစ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်အောင် ပြုလုပ်ပေးသူတွေပါပဲ။ ဒီအတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။ ဘယ်တော့မှ အရှုံးမပေးဘူးဆိုရင် ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်ဆီရောက်နိုင်တယ်ဆိုတာအတွက် ကျွန်တော်က ဥပမာကောင်းဖြစ်လာပါပြီ။ ဘောလုံးအားကစားနည်းမှာ ကျွန်တော်က ကိုယ်ပိုင်သမိုင်းတစ်ခု ဖန်ဆင်းနိုင်ခဲ့ပါပြီ''ဟု ပြောကြားခဲ့သည်။

ဥရောပဂိုးသွင်းဘုရင်ဆုကို ၂၀၀၆-၀၇ ရာသီတွင် ရိုးမားဂန္ထဝင်ကစားသမား တော့တီ ပိုင်ဆိုင်ပြီးနောက် အီတလီကစားသမားတစ်ဦးမျှ ရယူနိုင်ခြင်းမရှိတော့ဘဲ လက်ရှိ ၂၀၁၉-၂၀ ရာသီတွင်မှ  အီမိုဘီလီက ဥရောပဂိုးသွင်းဘုရင်ဆုအား ပထမဆုံးပြန် လည်ဆွတ်ခူးနိုင်သည့် အီတလီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent