လာမည့်တစ်ပတ်အတွင်း ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့်ရရန် ဟာဗက်ဇ် ဆန္ဒရှိနေ

လာမည့်တစ်ပတ်အတွင်း ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့်ရရန် ဟာဗက်ဇ် ဆန္ဒရှိနေ
Published 30 July 2020

ချယ်လ်ဆီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် လေဗာကူဆင်အသင်း ကွင်းလယ်ကြယ်ပွင့် ဟာဗက်ဇ်သည် ယူရိုပါလိဂ်ပြိုင်ပွဲ ပြန်လည်မစတင်မီ လာမည့်တစ်ပတ်အတွင်း ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် သြဂုတ် ၆ ရက်တွင် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနှင့် အိမ်ကွင်းပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ အပြောင်းအရွှေ့အပြီးသတ်နိုင်ရန် ဟာဗက်ဇ်က ဆန္ဒရှိနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အသက် ၂၁ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမားနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားကြောင်း သတင်းများထွက်ပေါ်နေပြီး ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။

လေဗာကူဆင်အသင်းက ၎င်း၏ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အပြင် Add-ons ကြေးများဖြင့် ကမ်းလှမ်းပါက သဘောတူညီမှုရဖွယ်ရှိနေသည်။

လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့် ချယ်လ်ဆီးအသင်းသည် လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဗာနာနှင့် အေဂျက်စ်အသင်း တောင်ပံကစားသမား ဇီယာ့ရှ်တို့ကိုခေါ်ယူထားပြီးဖြစ်သည်။

ဂိုးသမား၊ ဘယ်နောက်ခံလူ နှင့် ခံစစ်အတွင်းလူတစ်ဦးစီ ထပ်မံခေါ်ယူရန် စီစဉ်နေပြီး ဂိုးသမား ကယ်ပါ၏နေရာအတွက် အိုဘလက်ခ်(အက်သလက်တီကို)၊ အိုနာနာ(အေဂျက်စ်)၊ နစ်ပုပ်(ဘန်လေ) တို့ကို စိတ်ဝင်စားနေသည်။

 

Most Read

Most Recent