အင်တာမီလန်အသင်းပိုင်ရှင်များက နာပိုလီနှင့်ပွဲအကြောင်းကြေညာစဉ် မက်ဆီအောင်ပွဲခံသည့်ပုံရိပ်ကို အသုံးပြုခဲ့သော်လည်း ၎င်းအားခေါ်ယူရန်မှာ စိတ်ကူးယဉ်ဆန်ကြောင်း မာရော့တာ တုံ့ပြန်

အင်တာမီလန်အသင်းပိုင်ရှင်များက နာပိုလီနှင့်ပွဲအကြောင်းကြေညာစဉ် မက်ဆီအောင်ပွဲခံသည့်ပုံရိပ်ကို အသုံးပြုခဲ့သော်လည်း ၎င်းအားခေါ်ယူရန်မှာ စိတ်ကူးယဉ်ဆန်ကြောင်း မာရော့တာ တုံ့ပြန်
Published 30 July 2020

အင်တာမီလန်အသင်းပိုင်ရှင်များက အင်္ဂါနေ့တွင် နာပိုလီအသင်းနှင့်ပွဲအကြောင်း ကြေညာစဉ် မက်ဆီအောင်ပွဲခံနေသည့်ပုံရိပ်ကို အသုံးပြုခဲ့သော်လည်း ၎င်းအားခေါ်ယူရန်မှာ အီတလီကလပ်များအတွက် စိတ်ကူးယဉ်ဆန်ကြောင်း အမှုဆောင်ချုပ် မာရော့တာက တုံ့ပြန်ပြောကြားသည်။

အင်တာမီလန်အသင်း၏ ရှယ်ယာအများစုပိုင်ဆိုင်သည့် Suning Holdings Group သည် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် မက်ဆီကိုခေါ်ယူရန် ကြိုးပမ်းနေကြောင်း Gazetta dello Sport သတင်းစာက မကြာသေးမီရက်ပိုင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အင်္ဂါနေ့က အင်တာမီလန်-နာပိုလီပွဲကို တရုတ်နိုင်ငံ၌ ထုတ်လွှင့်ပြသမည့်အကြောင်း ကြေညာစဉ် မီလန်မြို့ရှိ Duomo ဘုရားကျောင်းတွင် မက်ဆီအောင်ပွဲခံနေသည့်ပုံရိပ်ကို မီးမောင်းဖြင့်ထိုးပြထားသည့်ပုံစံ ပြုလုပ်ထားသဖြင့် အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းချက်များ ပိုမိုထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် အင်တာမီလန်အသင်းအမှုဆောင်ချုပ် မာရော့တာက Sky Sports Italia သတင်းဌာနနှင့်တွေ့ဆုံစဉ် မက်ဆီကို ခေါ်ယူရန်မဖြစ်နိုင်ကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။

''ဘုရားကျောင်းပေါ်က မက်ဆီ အကြောင်းလား။ ဒါက ကျွန်တော့်စိတ်ကူး မဟုတ်ပါဘူး။ ဒီအခြေအနေက ဟိုးအရင်တုန်းက ဘောလုံးလောကအကြောင်း သတိရစေပါတယ်။ ကျွန်တော်တို့ပြောနေကြတာ စံနမူနာပြပုဂ္ဂိုလ်တစ်ယောက်အကြောင်း၊ ထိပ်တန်းကစားသမားတစ်ယောက်အကြောင်း၊ အားလုံးက လိုချင်နေကြတဲ့သူတစ်ယောက် အကြောင်းပါ။ ဒါက စိတ်ကူးယဉ်ဆန်တဲ့ အခြေအနေပါ။ အသင်းပိုင်ရှင်တွေရဲ့ များပြားတဲ့ စိုက်ထုတ်မှုသာမရှိရင် ဘယ်အီတလီကလပ်အသင်းမှ ဒီလိုအပြောင်းအရွှေ့ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ FFP (ဘဏ္ဍာရေး မျှတစွာယှဉ်ပြိုင်မှုစည်းမျဉ်း) ကိုလည်း လိုက်နာရမယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒီနှစ်မှာ COVID-19 ဖြစ်ပွားခဲ့လို့ ပြောင်းလွယ်ပြင်လွယ်အခြေအနေတချို့ရှိပေမဲ့ ဒီစည်းမျဉ်းတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ Suning အနေနဲ့ ဒီကုမ္ပဏီအတွက် သန်းပေါင်း များစွာ ရင်းနှီးမြှုပ်နှံထားပြီးပါပြီ''ဟု မာရော့တာက ဆိုသည်။

ထို့ပြင် မာရော့တာက မန်ယူအသင်းထံမှ အငှားခေါ်ယူထားသည့် ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူရန် မလွယ်သလို ဘရက်စီယာအသင်းလူငယ်ကြယ်ပွင့် တိုနယ်လီအတွက် ဆွေးနွေးမှုမရှိသေးကြောင်း ဆက်လက်ပြောကြားသည်။

''အလက်ဆစ်ရဲ့စာချုပ်က နှစ်နှစ် ကျန်နေသေးလို့ မလွယ်ပါဘူး။ မက်ဆီမိုဆယ်လီနို (ဘရက်စီယာအသင်းဥက္ကဋ္ဌ)နဲ့ ရင်းနှီးပေမဲ့ အပြောင်းအရွှေ့အကြောင်း တစ်ခါမှ မဆွေးနွေးဖူးပါဘူး''ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent