COVID-19 ကာလနှင့် အလွန်ကာလတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အရှိန်မပျက်စေရန် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှုမြှင့်တင်ရေး ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကာလနှင့် အလွန်ကာလတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အရှိန်မပျက်စေရန် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှုမြှင့်တင်ရေး ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်အတွင်းပိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်အတွင်းပိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 14 July 2020
နီလာ

COVID-19 ကာလနှင့် COVID-19 အလွန်ကာလများတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက်စေရန် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှုမြှင့်တင်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

COVID-19 ကာလနှင့် COVID-19 အလွန်ကာလများတွင် ရိက္ခာထုတ်လုုပ်သည့်နိုင်ငံ ဖြစ်စေရေးဆောင်ရွက်ရန် လမ်းညွှန်ထားသည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် COVID-19 အလွန်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇွန် ၁၆ ရက်က ပြောကြားသည်။

“ မြန်မာနိုင်ငံနဲ့ စားနပ်ရိက္ခာဖူလုံတဲ့ နိုင်ငံဖြစ်သလို ပြည်ပကိုလည်း တင်ပို့ရောင်းချနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒါကြောင့် ရှိပြီးသား အခွင့်အလမ်းတွေကို အကျိုးရှိအောင် အသုံးချပြီးတော့ ခေတ်မီစိုက်ပျိုးရေးစနစ်နဲ့ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမျိုးသားစီးပွားရေးစနစ်တစ်ခု တည်ထောင်ရာမှာ ကဏ္ဍဘက်စုံကနေ တိုးတက်အောင်လုပ်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ အခုလိုကာလ ကပ်ရောဂါ ကြုံတွေ့နေချိန်မှာ နိုင်ငံရိက္ခာဖူလုံရေးအပြင် ပို့ကုန်အဖြစ် တင်ပို့နိုင်မယ့်စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် COVID-19 အလွန်ကာလမှာ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်လို့ မြင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

COVID-19 ကြောင့် လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှုအား တုံ့ပြန်ဆောင်ရွက်ရာ၌ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပါဝင်သည့် ဘက်စုံထောင့်စုံမှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) အရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍမှ ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

လယ်ယာကဏ္ဍကြီးတွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ တင်ပို့နိုင်ရန်၊ စျေးကွက်ဝင် အထွက်ကောင်းမျိုးစေ့ အဆင့်ဆင့် ထုတ်လုပ်ရန်၊ ငါး၊ ပုစွန် တိုးချဲ့မွေးမြူနိုင်ရန်နှင့် နည်းပညာ အဆင့်မြှင့်တင်ရန်တို့ကို မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျှော်မှန်းချက်ပြည့်မီ လွှမ်းခြုံနိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒကို ပြင်ဆင်ရေးဆွဲခဲ့ကြောင်း သိရသည်။

Most Read

Most Recent