ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်နှင့် ဆက်သွယ်မေးမြန်းခြင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်နှင့် ဆက်သွယ်မေးမြန်းခြင်း
Published 12 July 2020
ဆန်းမိုးထွန်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်တွင် ကြေညာခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၀ နှင့် ၂၀၁၅ တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများနှင့် မတူညီနိုင်ဘဲ ပါတီအချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်မှုများရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ပြည်နယ်အချို့တွင် သက်ဆိုင်ရာတိုင်းရင်းသားပါတီအချင်းချင်း ပါတီတစ်ခုတည်းအဖြစ်ပူးပေါင်း၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအားကောင်းသည့် အခြေအနေများရှိသည့်အပြင် ပြည်မတွင်လည်း မဲဆန္ဒရှင်ပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်နေသည့် ပါတီအသစ်များ ပေါ်ပေါက်လာသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မည်ဟု ခန့်မှန်းသုံးသပ်နေကြခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ပါတီကိုကြည့်၍ မဲပေးမည်လား ကိုယ်စားလှယ်လောင်းကိုကြည့်၍ မဲပေးမည်လားဆိုသည့်မေးခွန်းက ထွက်ပေါ်လာသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်၌ ချင်းသုံးပါတီပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်နှင့် ဆက်သွယ်မေးမြန်းခဲ့သည့် အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။

မေး ၂၀၁၀ နဲ့ ၂၀၁၅ မှာ တစ်ပါတီတည်းက မဲအပြတ်အသတ်နိုင်ခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့အတွက် အစိုးရပိုင်းနဲ့ လွှတ်တော်အပိုင်းမှာ Check and Balance ပျောက်ဆုံးခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲ။

ဖြေ အစိုးရကို ကောင်းကောင်းထိန်းကျောင်းနိုင်ရမယ်။ လွှတ်တော်မှာက ဘာသွားဖြစ်နေလဲဆိုတော့ အစိုးရ လုပ်သမျှကို လွှတ်တော်က ငြိမ်ခံနေတယ်။ အစိုးရကလည်း အထိန်းအကျောင်းမရှိ ထင်ရာလုပ်သွားတယ်။ ပြည်နယ်တွေမှာလည်း အလားတူပဲ။ တကယ်တော့ ကျွန်တော်က NLD ကို အများကြီးမျှော်လင့်ပါတယ်။ ဖက်ဒရယ်ကိစ္စမှာ၊ ဒီမိုကရေစီကိစ္စမှာ။ ဒါပေမဲ့ လက်တွေ့မှာ တစ်ပါတီတွင်းမှာ အပြန်အလှန်ထိန်းကျောင်းမှု လုံးဝမရှိတော့ လွှတ်တော်နဲ့ အစိုးရက တစ်ဖွဲ့တည်းဖြစ်ပြီးတော့ အတူတူ တစ်သံတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်းနဲ့ သွားနေကြတယ်။ အဲဒါက တိုင်းပြည်အတွက် အန္တရာယ် သိပ်များတယ်။

မေး တစ်ပါတီတည်းက အပြတ်အသတ်နိုင်တဲ့အတွက် လွှတ်တော်ထဲမှာရော အခြေအနေက ဘယ်လိုပုံစံမျိုးတွေ ကြုံတွေ့ခဲ့ရတယ်လို့ သုံးသပ်ချင်ပါသလဲ။

ဖြေ ၂၀၁၅ တုန်းက NLD တစ်ပါတီတည်း အပြတ်အသတ်အနိုင်ရခဲ့တဲ့ အခုလွှတ်တော်ကိုကြည့်တဲ့အခါမှာ အကြောင်းအရာ ဘယ်ဥပဒေက လိုအပ်တယ်ဆိုတဲ့ လွှတ်တော်ကို အဆိုတင်သွင်းတဲ့အပေါ်မှာ မမူတည်တော့ဘဲ ဘယ်ပါတီက အဆိုတင်သွင်းသလဲဆိုတာနဲ့ သွားတယ်။ ကိုယ့် NLD ပါတီထဲက အဆိုသွင်းတာဆို ဆိုးဆိုးကောင်းကောင်း ၀ိုင်းထောက်ခံမယ်။ တခြားပါတီက တင်သွင်းတယ်ဆို ဘယ်လောက်ပဲကောင်းကောင်း လက်မခံဘူးဆိုတာမျိုး ဒါက လွှတ်တော်မှမဟုတ်ဘဲ။ ပါတီရဲ့ အလုပ်လို သွားလုပ်နေတယ်။ အဲဒါကြောင့် အစိုးရကလည်း ဒီပုံစံနဲ့သွားတယ်။  .... မကောင်းတာကိုကျတော့ ပယ်ပေါ့။ မကောင်းတာကိုကျတော့ ယူတယ်။ ကောင်းတဲ့ဟာကိုကျတော့ မယူပြန်ဘူး။ ဥပမာ လွှတ်တော်က ပြောတယ်။ ရခိုင်လိုမျိုးမှာ ဥပဒေထဲမှာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်နိုင်တယ်လို့ပဲ ပြောတာ။ ကိုယ့်ပါတီထဲက ခန့်အပ်ရမယ်လို့မှ မသုံးဘဲ အဲဒီတော့ ဒီမိုကရေစီကို လက်ခံတဲ့သူက သက်ဆိုင်ရာပြည်နယ်ကို ဝန်ကြီးချုပ် ပေးလို့ရတာပဲ။ အဲဒါကို အခြေခံဥပဒေကို တစ်ခါတည်း ရည်ညွှန်းပြီးတော့ အရင်တုန်းက အခြေခံဥပဒေကို မကြိုက်ပါဘူးဆိုတဲ့ပါတီတွေက အခုကျတော့ အရမ်းကို ချစ်မြတ်နိုးပြီးတော့ ဖက်တွယ်နေကြတော့တာလေ။

မေး လာမယ့် ၂၀၂၀  ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ ပါတီကိုကြည့်ပြီး မဲပေးသင့်လား။ ကိုယ်စားလှယ်လောင်းကိုကြည့်ပြီး မဲပေးသင့်လား။ ဒီအပေါ်မှာလည်း ဆွေးနွေးပေးပါဦး ဆရာ။

ဖြေ ၂၀၁၅ ကတော့ တကယ်တော့ တိုင်းရင်းသားတွေကတော့ ပါတီကိုလည်း ကြည့်သင့်တယ်။ လူလည်း ကြည့်သင့်တယ်လို့ ကြွေးကြော်ခဲ့ကြတယ်။ NLD ကတော့ အထူးသဖြင့် ပါတီကိုပဲ ကြည့်ပါ။ လူကို မကြည့်ပါနဲ့ ပြောတာကို။ အဲဒီလို ကြည့်ခိုင်းတာကလည်း ဖဆပလခေတ်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဖဆပလကို လူတွေ ထောက်ခံမှန်း အဲဒီတုန်းက တော်တော်သိသာနေတော့ လူကိုမကြည့်ပါနဲ့ ပါတီကိုပဲ ကြည့်ပါဆိုပြီးမှ မဲဆွယ်ခဲ့သလိုပဲ။ အခုလည်း ထပ်ဆွယ်လိုက်တဲ့အခါကျတော့ အောင်မြင်တယ်လို့ ပြောရမယ်။ သူတို့က အပြတ်အသတ် နိုင်သွားတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့အလုပ်လုပ်တဲ့အခါမှာ ပါတီကိုကြည့်လိုက်တဲ့အခါကျတော့ ဘာသွားဖြစ်နေလဲဆိုတော့ လူကောင်းတွေပါလာသလို မကောင်းတဲ့လူတွေလည်း ပါလာတာပေါ့။ နောက်တစ်ခုက ပညာသိပ်မတတ်တဲ့သူ။ အထူးသဖြင့် လေးတန်းအောင်တွေလည်း ပါတယ်။ ခုနစ်တန်းအောင်တွေလည်း ပါတယ်ဆိုတော့ သူတို့ကို နိုင်ငံရေးမှာတော့ ဒီလိုလေးတန်းအောင်၊ ခုနစ်တန်းအောင်၊ ၁၀ တန်းအောင်တွေကို အထင်သေးဖို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စာဖတ်အားနဲ့ သုံးသပ်မှုအပိုင်း၊ ခွဲခြမ်းစိတ်ဖြာမှုအပိုင်းမှာတော့ အတန်းပညာနည်းတဲ့အတွက် အားနည်းသွားတယ်။ သူများနိုင်ငံတွေမှာ တကယ်တမ်း ခုနစ်တန်းကလည်း နိုင်ငံကို အုပ်ချုပ်တယ်ဆိုတာက သူ့ရဲ့ နိုင်ငံရေး ကြိုးပမ်းမှုနဲ့တကွ စာဖတ်ဗဟုသုတက သာလို့သာ သူများတွေက လက်ခံတာ။ အမှန်က ခုနကလို ပါတီကြည့်ပြီး လူမကြည့်တဲ့အခါကျတော့ အုပ်ချုပ်ရေးအပိုင်းမှာရော၊ စီမံခန့်ခွဲမှု အပိုင်းမှာရော ဥပဒေပြုရေးအပိုင်းမှာရော ယက်ကန်ယက်ကန်ဖြစ်နေတာကို သတိပြုမိတာ များတယ်။ တစ်ခါတည်းပဲ ပြောရမယ်ဆို ၂၀၂၀ မှာတော့ ပြည်မဒေသမှာတော့ ပါတီကြီးတွေက ဘယ်ဟာကိုကြည့်ခိုင်းမလဲတော့ မသိဘူး။ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေမှာကတော့ သက်ဆိုင်ရာ အမျိုးသားပါတီကတော့ ပါတီကို နံပါတ် (၁) ကြည့်ရမှာပဲ။ နံပါတ် (၂) ကတော့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အသွေးကို ကြည့်ပြီးတော့ မဲပေးဖို့လိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်စားလှယ်လောင်းက အရည်အသွေးမပြည့်တဲ့အခါမှာ အထူးသဖြင့် တိုင်းရင်းသားတွေက ဗမာဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ဘူးဆိုရင် တကယ့်ပြည်ထောင်စုအဆင့်တွေမှာဆိုရင် လွှတ်တော်မှာ နင်လား၊ ငါလား အပြိုင်ပြောတဲ့အခါမှာတော့ အခက်အခဲတွေရှိတတ်တယ်။ အဆိုတင်သွင်းတဲ့အပိုင်းတွေမှာပေါ့။ ဒါကြောင့် တိုင်းရင်းသားပါတီတွေက နံပါတ် (၁) ကတော့ ကိုယ့်အမျိုးသားပါတီကို မဲပေးပါ။ နံပါတ် (၂) ကတော့ လူပုဂ္ဂိုလ်ကိုယ်စားလှယ်လောင်းကို ကြည့်ပါဆိုတဲ့မူနဲ့ တိုင်းရင်းသားတွေက သွားမှ အဆင်ပြေမယ်။ ပြည်မဘက်မှာတော့ ထုံးစံအတိုင်းပေါ့။ ဒီတစ်ခေါက်က လူကြည့်မယ်ဆိုရင် တခြားပါတီကလူတွေ ပါသွားမှာစိုးလို့ ပါတီကြီးတွေအနေနဲ့ ပါတီကိုပဲ ကြည့်ခိုင်းမလားဆိုတာတော့ ပြည်မဘက်ပေါ်လစီ အနေအထားက နိုင်ငံရေးမှာ သူတို့ ဘယ်လိုလုပ်မလဲတော့ မသိဘူး။ တိုင်းရင်းသားတွေ ပြည်နယ်တွေမှာကတော့ ကိုယ့်အမျိုးသားရေးပါတီကို ကြည့်ရမယ်။ ဘာလို့လဲဆိုတော့ မဲလိုတယ်။ အမျိုးသားရေးကိစ္စအဆုံးအဖြတ်မှာ အမျိုးသားရေးမဲက လိုတယ်။ ဒါကြောင့် ကိုယ့်အမျိုးသားရေးပါတီ အနိုင်ရဖို့လိုတယ်။ နံပါတ် (၂) မှာ ဘာလိုလဲဆိုရင် လူကို တစ်ပြိုင်တည်း စဉ်းစားရမယ်။ သီးသန့်တောင်မှ မခွဲသင့်ဘူး။ လူကို တစ်ပြိုင်တည်း ကြည့်ပြီးတော့ လူပုဂ္ဂိုလ် အရည်အသွေးကိုလည်း သေသေချာချာ စိစစ်ရွေးချယ်ပြီးတော့ သုံးသပ်ရလိမ့်မယ်။

မေး ပါတီကို ကြည့်မယ်ဆို ဘယ်လိုပါတီမျိုးကို မဲပေးသင့်ပြီး ကိုယ်စားလှယ်လောင်းကြည့်မယ်ဆိုရင် ဘယ်လိုလူမျိုးကို မဲပေးသင့်တယ်ဆိုတာ ဆရာ့အမြင်ကို သိချင်ပါတယ်။

ဖြေ ပါတီကိုကြည့်ရင်တော့ ပါတီရဲ့ ပေါ်လစီကိုကြည့်ရမှာ။ ပါတီက ဒီမိုကရေစီကို အမှန်တကယ် လိုလားသလား။ ဒီမိုကရေစီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးတဲ့ ဒီမိုကရေစီကိုတော့ ရနေကြတာပဲ။ အဲဒါကတော့ သိပ်ပြောစရာမရှိဘူး။ ဒါပေမဲ့ ဒီမိုကရေစီတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ Over Hall ပြောရရင်တော့ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်တည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တကယ်ညီညီညွတ်ညွတ်နဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ သက်ဆိုင်သူအားလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ အောင်မြင်အောင် ကျင်းပနိုင်မယ့်ပါတီက အရေးကြီးတယ်လို့ သုံးသပ်တယ်။ ဒါကတော့ ပါတီအပိုင်းပေါ့။ လူကကျတော့ ဘယ်လိုမျိုးလူကို ကြည့်ရမလဲဆိုရင် လူက ပညာအရည်အချင်းလည်း အသင့်အတင့်ကတော့ ရှိရမှာပဲ။ ပညာအရည်အချင်း အသင့်အတင့်မရှိတဲ့ အခါမှာ ဘာဖြစ်လဲဆိုတော့ လွှတ်တော်ထဲမှာ ဆွေးနွေးတာကို နားမလည်နိုင်ဘူး။ နားဝေတိမ်တောင် ဖြစ်တယ်။ ကိုယ့်ရဲ့အထက်ပါတီ လူကြီးတွေက ခိုင်းတာကိုပဲ လုပ်နေရတာမျိုးလည်း ဖြစ်တယ်။ ဒါကတော့ မသင့်တော်တဲ့အတွက် ကိုယ့်ပါတီကိုလည်း ပြန်ထောက်ပြသင့်ရင် ထောက်ပြရမယ့်က နိုင်ငံရေးပဲ။ မြန်မာပြည်မှာ ကိုယ့်ရဲ့ကျွမ်းကျင်မှု ပညာအရည်အချင်းလည်း လျော့တာရယ်။ စားဖတ်အားနည်းတာရယ်။ အဲဒီဟာကြောင့်လည်း တကယ်တော့ ကိုယ့်ပါတီထဲက နည်းနည်းသိတတ် နားလည်တဲ့သူက ပြောသမျှ၊ ခိုင်းသမျှကို လုပ်ကြရတဲ့ အစဉ်အလာလို ဖြစ်နေတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းက ပညာအရည်အချင်း အသင့်အတင့်လည်း ရှိရမယ်။ နံပါတ် (၂) ကတော့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ စိတ်ဓာတ်ရှိတဲ့လူ ဒါမှမဟုတ် ကိုယ်စားလှယ်လောင်းကို ရွေးချယ်သင့်တယ်လို့ မြင်တယ်။ ဒါက အဓိကပါပဲ။

မေး လာမယ့် ၂၀၂၀  ရွေးကောက်ပွဲမှာရော တစ်ပါတီတည်းက သောင်ပြိုကမ်းပြိုအနိုင်ရပြီး အစိုးရဖွဲ့သင့်လား၊ ဒါမှမဟုတ် ပါတီပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းအစိုးရလိုမျိုးပုံစံနဲ့ သွားသင့်လား။  ဒီအပေါ်မှာလည်း မှတ်ချက်ပြုပါဦး။

ဖြေ တကယ်တော့ အခုသင်ခန်းစာ ကောင်းကောင်းရကြပြီ။ ကျွန်တော်တို့က ဘယ်လောက်ပဲ ကောင်းလိမ့်မယ်လို့ မျှော်မျှော် တစ်ပါတီတည်း အပြတ်အသတ် အနိုင်ရတဲ့အခါကျတော့ အာဏာရှင်ပုံစံချိုးလာကြတယ်။ အဲဒီတော့ တစ်ပါတီတည်းကို အာဏာအပြတ်အသတ်ပေးလိုက်တာ မြန်မာပြည်မှာ အန္တရာယ်ကြီးတယ်။ ဘယ်ပုဂ္ဂိုလ်မှ ဒဏ်မခံနိုင်ဘူး။ အစတုန်းက ထီးမမိုးပေးပါနဲ့လို့ အော်တဲ့လူက အခုထီးမိုးမှ အရမ်းကျေနပ်လာတဲ့ပုံစံတွေလေ။ အများကြီးတွေ့လာတယ်။ လက်အုပ်မချီရင်ကို မျက်နှာက မပြုံးချင်တော့ဘူး။ အရင်တုန်းကတော့ လက်အုပ်ချီစရာမလိုဘူးလို့ ပြောကြတဲ့လူတွေက။ ဆိုတော့ ဒါတွေက ဘာဖြစ်လို့လဲဆိုတော့ တစ်ပါတီတည်းက အပြတ်အသတ်အနိုင်ရသွားလို့ပဲ။ ဒါကြောင့် ပြောရရင်တော့ ပါတီစုံဒီမိုကရေစီနိုင်ငံလည်း ဖြစ်တယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံနေရာမှာ ပါတီတစ်တည်း အပြတ်အသတ်နိုင်တာထက် တိုင်းရင်းသားပြည်နယ်တွေမှာ သက်ဆိုင်ရာအမျိုးသားပါတီတွေ၊ တိုင်းရင်းသားပါတီတွေက အနိုင်ရဖို့ လိုအပ်တယ်။ အနိုင်ရမှသာလျှင် သက်ဆိုင်ရာတိုင်းရင်းသားတွေကလည်း အမျိုး သားရေးကိစ္စမှာ မိမိကိုယ်ကိုယ်မိမိ ကာကွယ်နိုင်မယ်။ အခုပုံစံနဲ့ဆိုရင် အန္တရာယ်များလွန်းတယ်ဆိုတာ နံပါတ် (၁) အချက်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဒါကို ကောင်းစွာနားလည်ဖို့ လိုအပ်လာပြီ။ သင်ခန်းစာယူဖို့လိုပြီ။ နံပါတ် (၂) အနေနဲ့ကတော့ တိုင်းဒေသကြီး ခုနစ်တိုင်းကနေ ဘယ်ပါတီတက်လာမလဲဆိုတာ မှန်းလို့တော့ မရသေးဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီမှာလည်း အပြတ်အသတ်တော့ မဖြစ်စေချင်ဘူး။ အခုကလည်း ပြည်ထောင်စုတစ်ခုလုံးအတွက် မူဝါဒကောင်းကောင်းချမှတ်တဲ့ ပါတီတွေ အများကြီးပေါ်လာတယ်။ ဆိုတော့ ဒီပါတီတွေကလည်း အထိုက်အလျောက် အနိုင်ရသင့်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတကောကောလုပ်နေတဲ့ ပါတီကို အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့ဆိုရင်တော့ ပြည်မဘက်က ပါတီကြီးထဲမှာ အရှိန်အဝါကြီးတဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်တဲ့ ပါတီတွေကလည်း အနိုင်ရသင့်တယ်။ သူတို့တွေ အနိုင်ရမှာသာလျှင် အပြန်အလှန်ညှိနှိုင်းတိုင်ပင်တဲ့ စိတ်၊ အမျိုးသားရေးသင့်မြတ်လိုတဲ့ စိတ်ဓာတ်က အဲဒီကျမှ ပေါ်လာမှာ။ အခုပုံစံက ပြည်သူလူထုက ဘာသွားဖြစ်လဲဆိုတော့ ဘာပဲလုပ်လုပ် စိတ်ကြိုက်လုပ်နိုင်အောင် ဆိုးဆိုးကောင်းကောင်း လုပ်နိုင်အောင် အာဏာပေးလိုက်သလို ဖြစ်သွားတဲ့အခါ တိုင်းပြည်အတွက်လည်း အန္တရာယ်ကြီးပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား တစ်ခုလုံးအတွက်လည်း အန္တရာယ်ကြီးပါတယ်။ ပြည်ထောင်စုကို ကောင်းစေချင်ရင်တော့ ညှိညှိနှိုင်းနှိုင်းအလုပ်လုပ်တဲ့ အလေ့အထ ပေါ်ပေါက်လာအောင် ပါတီပေါင်းစုံပြိုင်ပွဲဝင်တဲ့အခါမှာ ညွှန့်ပေါင်းအစိုးရပုံစံကတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။

မေး ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောကြားချင်ပါသေးလဲ။

ဖြေ ၂၀၁၀ နဲ့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးနဲ့ NLD က ဦးဆောင်ပြီးပြီ။ တိုင်းပြည်က အရမ်းကိုကောင်းလာမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အောက်မှာ တကယ်လည်း မပြောင်းလဲခဲ့ဘူး။ တကယ်ပြောင်းလဲသွားတာကတော့ လူတွေပြောင်းလဲသွားတာ။ ဦးဆောင်တဲ့လူတွေက ပြောင်းလဲသွားတာ။ ပြည်သူ့ဘဝကတော့ မပြောင်းလဲဘူး။ ဒါကို သင်ခန်းစာယူပြီး တိုင်းရင်းသားပါတီတွေဟာ ကိုယ့်ဒေသမှာ ကိုယ့်တိုင်းရင်းသားပါတီတွေ အားကောင်းအောင်လုပ်ပြီးတော့ အင်အားကို စုစည်းပြီးတော့ ပါတီကြီးတွေရဲ့ လေးစားမှု၊ အလေးထားမှုကို ခံယူနိုင်မှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ လမ်းပွင့်သွားပြီး အောင်မြင်မယ်လို့ ပြောချင်တယ်။

ဟုတ်ကဲ့။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

Most Read

Most Recent