ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၈ ဦးရှိပြီး ၀ါရင့်နိုင်ငံရေးသမားများပါဝင်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ထုတ်ပြန်

ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၈ ဦးရှိပြီး ၀ါရင့်နိုင်ငံရေးသမားများပါဝင်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ထုတ်ပြန်
Published 11 July 2020
ဉာဏ်လင်းထွန်း

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြု ၂၀၂၀ အထွေထွေရွေးကောက် ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၈ ဦးရှိပြီး ကိုယ်စားလှယ်လောင်းများတွင် ၀ါရင့်နိုင်ငံရေးသမားများ ပါဝင်ကြောင်း သိရသည်။

KSPP ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကော်မတီ (ဗဟို) မှ ရွေးချယ်အတည်ပြုထားသည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် ကချင်ပြည်နယ်၏အထင်ကရ ၀ါရင့်နိုင်ငံရေးသမား၊ လူငယ်နိုင်ငံရေးသမားများ၊ အမျိုးသမီးဝါရင့်နိုင်ငံရေးသမား ပါဝင်လာပြီး အမည်စာရင်း အတိအကျကို ဇူလိုင် လကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။

“ ကျွန်တော်တို့ KSPP ပါတီက ကချင်ပြည်နယ်ထဲမှာ ပါတီတွေ ပေါင်းစည်းပြီးမှ လုပ်ထားတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်လည်း ပါတီထဲမှာ ကချင်ပြည်နယ်ထဲမှာရှိတဲ့ နိုင်ငံရေးမှာ သမ္ဘာရှိတဲ့သူတွေက အကုန်လုံး ပါလာတာပေါ့။ အဲဒီအတိုင်းပဲ ရွေးကောက်ပွဲမှာလည်း အားလုံးမျှမျှတတနဲ့ ထည့်ထားတဲ့အပိုင်း ဖြစ်တယ်။ ဒါကြောင့် ၀ါရင့်နိုင်ငံရေးသမားတွေ ပါဝင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က လူငယ်တွေလည်း ပါဝင်ကြပါတယ်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂရောင်အောင်ခမ်းက ပြောကြားသည်။

KSPP ပါတီသည် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၆ နေရာအပါအဝင် ဗမာတိုင်းရင်းသားရေးရာနှင့် ရှမ်းတိုင်းရေးရာဝန်ကြီး စသည့် မဲဆန္ဒနယ် ၆၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်သည်။

 KSPP ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် အများစု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂရောင်အောင်ခမ်းက The Daily Eleven သတင်းစာကို ဇွန်လလယ်တွင် ပြောကြားထားသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်တို့ကို ဖျက်သိမ်း၍ ကချင်ပြည်နယ် ပြည်သူ့ပါတီကို ၂၀၁၉ ခုနှစ်တွင် ပူးပေါင်းတည်ထောင်ခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီက ပါတီဖျက်သိမ်းကာ KSPP နှင့်ပူးပေါင်းခဲ့၍ လေးပါတီကိုဖျက်သိမ်းကာ တည်ထောင်ထားသည့် ပါတီဖြစ်လာခဲ့သည်။

ပါတီဥက္ကဌအဖြစ် ဒေါက်တာ မနာမ်တူးဂျာ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဒေါ်ဒွဲဘူ၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ကွမ်ဂရောင်အောင်ခမ်း၊ ဒုတိယဥက္ကဋ္ဌ (၃) မိထွယ်ဇော်လတ်၊ ဒုတိယဥက္ကဋ္ဌ (၄) အဖြစ် ဒေါ်ဘောက်ဂျာတို့က အဓိက ဦးဆောင်လျက်ရှိနေသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီအဖြစ် ပါတီများ ပူးပေါင်းခြင်းမပြုလုပ်မီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်ပါတီချင်းစီ ယှဉ်ပြိုင်ခဲ့ကြရာ ကချင်ပြည်နယ်ဒီမိုကရေစီပါတီသည် ပြည်သူ့လွှတ်တော်တွင် တစ်နေရာ၊ ပြည်နယ်လွှတ်တော်တွင် သုံးနေရာ အနိုင်ရရှိခဲ့ပြီး စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်သည် ကချင်ပြည်နယ်လွှတ်တော်တွင် တစ်နေရာ အနိုင်ရခဲ့သည်။

Most Read

Most Recent