ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီ နှစ်ပါတီရှိရာ ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် ပါတီတစ်ခုတည်းက ယှဉ်ပြိုင်သည့်သဘောဖြစ်စေရန် ညှိနှိုင်းထားသည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။
ကရင်ပြည်နယ်တွင် ကရင်နိုင်ငံရေး ပါတီများအဖြစ် ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ရှိသော်လည်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အမည်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်ဟု မန်းအောင်ပြည်စိုးက ဆိုသည်။
“ သဘောကတော့ ကရင်ပြည်နယ်မှာ နှစ်ပါတီရှိပေမဲ့ လူမထပ်အောင် ပါတီမထပ်အောင် တစ်ပါတီတည်းဝင်ပြိုင်မယ့် အနေအထားမျိုးတော့ ညှိနှိုင်းထားပါတယ်” ဟု KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွ့ံဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းတည်ထောင်ထားသည့် ပါတီဖြစ်သည်။
သို့သော် ပါတီဖျက်သိမ်း၍ ပေါင်းစည်းပါတီသို့ တရားဝင်ပူးပေါင်းခြင်းမရှိသော်လည်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပါတီဝင်အချို့ ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီသို့ ပူးပေါင်းခဲ့သည်။
ထို့ကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် ပါတီတစ်ခုတည်းဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သလို ကရင်ပါတီတစ်ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီနှင့်လည်း ရွေးကောက်ပွဲယှဉ်ပြိုင်သည့် မဲဆန္ဒနယ် မထပ်စေရန် ညှိနှိုင်းမှုများ ပြုလုပ်ထားသည်ဟု မန်းအောင်ပြည်စိုးက ပြောကြားသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်၌ သံတောင်ကြီးမြို့နယ်မှအပ ကျန်ခြောက်မြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်သည်။
“ ကရင်ခုနစ်မြို့နယ်မှာ ခြောက်မြို့နယ် ပြိုင်မယ်။ သံတောင်တစ်မြို့နယ်ကိုတော့ မပြိုင်တော့ဘူး။ ဟိုးဘက်ကျွန်တော်တို့ရဲ့ ညီအစ်ကို ကရင်ပြည်သူ့ပါတီကို လုံးလုံးလျားလျားလွတ်လွတ်လပ်လပ်ပဲ ပြိုင်ပါစေတော့ဆိုပြီး သံတောင်မြို့နယ်တော့ မပြိုင်ဘူး” ဟု KNDP ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။
ကရင်ပြည်နယ်တွင် ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ သံတောင်ကြီး၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ်ခုနစ်ခုရှိပြီး အဆိုပါ မဲဆန္ဒနယ်များအပြင် ဗမာ၊ မွန်နှင့် ပအိုဝ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များအတွက်လည်း ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။
ထို့ပြင် ကရင်တိုင်းရင်းသား အများစုရှိရာ မွန်ပြည်နယ်ရှိသထုံ၊ ဘီးလင်း၊ ကျိုက်ထို မြို့နယ်များ အပါအဝင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်းရှိ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတို့ကို ယှဉ်ပြိုင်ရန် လျာထားပြီး ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း မန်းအောင်ပြည်စိုးက ပြောကြားသည်။
လက်ရှိတွင် KNDP ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှု ပြုလုပ်လျက်ရှိပြီး ယခုလကုန်ပိုင်းတွင် ကိုယ်စားလှယ်လောင်းစာရင်း အတည်ပြုနိုင်ဖွယ်ရှိကြောင်း မန်းအောင်ပြည်စိုးက ဆိုသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကဲ့သို့ပင် ချင်း၊ မွန်၊ ကယားနှင့် ကချင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားပါတီအချို့လည်း ပါတီပေါင်းစည်းရေး ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။
ကရင်နိုင်ငံရေးပါတီများအဖြစ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ရှိပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့မှာ ကရင်ပြည်နယ်အခြေစိုက်ပါတီများဖြစ်သည်။ ကရင်အမျိုးသားပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှာ ပါတီရုံးချုပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ထားရှိသည်။















