ကမ္ဘာ့ဘဏ်မှချေးငွေ ဒေါ်လာသန်း ၂၀၀ ဖြင့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း NFASP ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်မည်

ကမ္ဘာ့ဘဏ်မှချေးငွေ ဒေါ်လာသန်း ၂၀၀ ဖြင့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း NFASP ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်မည်
 ဧရာဝတီတိုင်းအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခွင်တစ်ခုတွင် ငါးများအား အစာကျွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ဧရာဝတီတိုင်းအတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခွင်တစ်ခုတွင် ငါးများအား အစာကျွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 9 July 2020

ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာသန်း ၂၀၀ ဖြင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း MFASP ကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်၌ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်း၊ မြန်မာနိုင်ငံအောက်ပိုင်း၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသများနှင့် ကမ်းရိုးတန်းဒေသများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံအမည်စုံ ပိုမိုစိုက်ပျိုးလာနိုင်စေရန်၊ ရွေးချယ်ထားသော တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက်မှ စိုက်ပျိုးရေးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် စျေးကွက်ယှဉ်ပြိုင်မှု တိုးမြှင့်လာနိုင်စေရန်နှင့် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာသန်း၂၀၀ ဖြင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အထိ စီမံကိန်းကာလ ငါးနှစ်ခွဲအတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုများကို တုံ့ပြန်နိုင်ရေးနှင့် နိုင်ငံတော်က ရေးဆွဲလျက်ရှိသည့် တုံ့ပြန်ရေးမဟာဗျူဟာအစီအစဉ်တွင် ပါဝင်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုကို ထိရောက်စွာ တုံ့ပြန်နိုင်ရေးနှင့် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်လျက်ရှိသည့် COVID-19 တုံ့ပြန်ရေးမဟာဗျူဟာ အစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးရခြင်းဖြစ်ပြီး လုပ်ကွက်ငယ် တောင်သူများနှင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများအတွက် ငွေကြေးထောက်ပံ့မည့်အစီအစဉ်များ၊ စျေးကွက်ခိုင်မာရေးနှင့် နည်းပညာပ့ံပိုးပေးမည့်အစီအစဉ်များ၊ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမည့်အစီအစဉ်များ၊ Cash for Work ဆောင် ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ဧက ၁၇ ဒသမ ၈ သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိကာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်းတန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးထွက်ရှိသည့်နှစ်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီးဗဟိုစာ ရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် မြန်မာနိုင်ငံအနေဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကို တိုက်ရိုက်အချိုးကျ ပတ်သက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝရေ မြေရာသီဥတုအရ စိုက်ပျိုးမြေဧရိယာများစွာ ရှိသော်လည်း လက်ရှိအသုံးချစိုက်ပျိုးမှု ဧရိယာမှာ နည်းပါးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။

အရည်အသွေးပြည့်ဝပြီး ဘေးအန္တ ရာယ်ကင်းရှင်းသည့် လယ်ယာထွက်ကုန်သီးနှံများ၊ ရေထွက်ပစ္စည်းနှင့် အသားငါးများကို စျေးကွက်ဝယ်လိုအားနှင့် တိုက်ဆိုင်၍ တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး တစ်ဖက်တွင်လည်း ပြည်တွင်း ပြည်ပနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင်ပူးပေါင်းလာရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent