ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၉ ရက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ဇူလိုင် ၈ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်သွား ကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ဒုဌဝတီ မြစ်ကူးတံတားဘက်မှ နောင်ချို မြို့ဘက်သို့ လားရှိုးမြို့ ၇ ရပ်ကွက်နေ စိုင်းစံမြင့် (၃၂နှစ်) မောင်းနှင်ပြီး ကျောက်ပန်းတောင်းမြို့နယ် ခါးပတ်ကျေးရွာနေ အောင်သောင်း (၂၆ နှစ်) လိုက်ပါလာသည့် မြေသယ် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ပလပ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် ကျပ်သိန်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွမူး ယစ်ဆေးပြား ၈၀၀၀၀၀ ပြား၊ ကျပ်သိန်း ၇၈၀၀ ကျော်တန်ဖိုးရှိ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂၆ ဒသမ ၁၈ ကီလိုကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ၎င်းတို့နှစ်ဦးအား နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ကာ ကွင်းဆက်ကျူးလွန်သူများအား အရေးယူနိုင်ရန် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်မှာ မြန်မာနိုင်ငံတွင် ဘိန်းနှင့် စိတ်ကြွမူးယစ်ဆေးများ အများဆုံးထွက်ရှိရာ ဒေသဖြစ်ပြီး စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများလည်း ရှိခဲ့သည်။















