လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ဇွန်လကုန်အထိ ၆၀၀ ကျော်ရှိဟု AAPP ထုတ်ပြန်

လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ဇွန်လကုန်အထိ ၆၀၀ ကျော်ရှိဟု AAPP ထုတ်ပြန်
Published 7 July 2020
ဉာဏ်လင်းထွန်း

လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ၆၄၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်သည်။

လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၃၅ ဦးရှိပြီး တက်ကြွလှုပ်ရှားသူ ၁၄၆ ဦး ထောင်အတွင်းမှ တရားရင်ဆိုင်နေရကာ ၄၆၀ ဦး ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည့် လူတိုင်း၏ အခြေခံလွတ်လပ်ခွင့်ဖြစ်သလို ဒီမိုကရေစီ၏ အခြေခံအကျဆုံး အခွင့်အရေးလည်းဖြစ်သော်လည်း အဆိုပါအခွင့်အရေးများသည် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုကဲ့သို့ ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကန့်အသတ်များဖြင့်သာ ကျင့်သုံးနေရခြင်းသည် ဒီမိုကရေစီ အကူးအပြောင်းကို စိန်ခေါ်မှုဖြစ်စေသည်” ဟု AAPP က ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုသည်။

ဇွန်လအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးခြင်းအတွက် ရာဇသတ်ကြီးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခံရမှုများ ရှိခဲ့သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်သုံးဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ဖျာပုံ၊ ဒေးဒရဲနှင့် မအူပင်တရားရုံးတို့က ထောင်ဒဏ်ချမှတ်မှု၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံကိုမျိုးမင်း ထွန်းကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆို ဒဏ်ငွေပေးဆောင်စေမှု၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သန္တာရင်သွီးမျိုးဆက်သစ်လူ ငယ်များအသင်းမှ လူငယ်နှစ်ဦးနှင့် ရန်ကုန်မြို့ အသံအဖွဲ့မှ ဒါရိုက်တာမောင်ဆောင်းခ အပါအဝင် တက်ကြွလှုပ်ရှားသူ ငါးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုမှုများသည် ဇွန်လအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်းသည့် အမှုဖြစ်စဉ်များ ဖြစ်သည်ဟု AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဇွန်လအတွင်းအမှုဖွင့် တရားစွဲ ဆိုခံရပြီး ၆၆ ဦး ဖမ်းဆီးခံရကာ တက်ကြွလှုပ်ရှားသူ လေးဦး ပြစ်ဒဏ်ချမှတ်ခံရကြောင်းနှင့် လွတ်မြောက်သူ ၄၉ ဦးရှိကြောင်း AAPP စာရင်းအရ သိရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားနိုင်ရန် အသစ်ရေးဆွဲထားသည့် ဥပဒေများကို ဆက်လက်အသုံးပြုခြင်း၊ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် ခေတ်နောက်ကျလျက်ရှိသော ဥပဒေများကို ပြင်ဆင်ခြင်းမရှိဘဲ ဆက်လက်အသုံးပြုလျက်ရှိခြင်းတို့က နောင်လာမည့်ကာလများအထိ အဆိုပါအခွင့်အရေးများ ဆက်လက်ဖိနှိပ်ထားမည်ကို ထုတ်ဖော်ပြသလျက်ရှိသည်ဟု AAPP က ဆိုသည်။

အဆိုပါ အခွင့်အရေးများ ဆက်လက်ဖိနှိပ်ထားသရွေ့ နိုင်ငံသားအခွင့်အရေးများ ဆက်လက်ဆုံးရှုံးမည်ဖြစ်သောကြောင့် ဒီမိုကရေစီကို ဖော်ဆောင်လျက်ရှိသော အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးများကို လေးစားလိုက်နာမြှင့်တင်ပေးရန် တိုက်တွန်းကြောင်း AAPP က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

Most Read

Most Recent