ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်များအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး တစ်ခုမျှပိုယူထားခြင်း မရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်များအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး တစ်ခုမျှပိုယူထားခြင်း မရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 5 July 2020
အောင်မင်းသိန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်များအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး တစ်ခုမျှပိုယူထားခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဇူလိုင် ၅ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ယာယီဌာနချုပ် (ရုံးခွဲ) ဖွင့်လှစ်မှုအပြီးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရွေးကောက်ပွဲကာလတွင် ပါတီလုပ်ငန်းများလုပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟုဆိုသည့် ပြောဆိုမှုများအပေါ် မည်သို့တုံ့ပြန်မည်ကို သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ဒါက ခင်ဗျားတို့ သတိထားမိမှာပါ။ အရင်က ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေနဲ့ အခုရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်တွေ ယှဉ်ကြည့်လိုက်။ အကုန်အတူတူပဲ။ ပေးထားချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်အတိုင်း လုပ်တာပဲ။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့ကြတာပဲ။ အခုလည်း ကျွန်တော်တို့ အဲဒီအတိုင်းလုပ်တာပဲ။ အဲဒီတော့ ဒါက ဘာလဲဆိုလို့ရှိရင် ပေးထားချက်တွေကို အသုံးပြုတာပဲ ရှိတယ်။ ပိုပြီးယူတာ တစ်ခုမှ မရှိဘူး" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

COVID-19 ကပ်ရောဂါကာလတွင် NLD ပါတီအနေဖြင့် မဲဆွယ်စည်းရုံးခွင့် ပိုရနေသည်ဆိုပြီး ပါတီအများစုက ဝေဖန်မှုများ ရှိနေခြင်းနှင့်ပတ်သက်၍ မဲဆွယ်စည်းရုံးခွင့် ပိုရခြင်းဆိုသည်က အေထောက်အပံ့များ ပိုဖြစ်လာနိုင်မလား ဟူသောမေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က "အခုမြင်သားပဲ။ ကျွန်တော်တို့ ဒီဖွင့်ပွဲလေး ကျွန်တော်တို့ ဖိတ်တောင် မဖိတ်ဘူး။ ဘယ်သူ့မှ မဖိတ်ဘူး။ ကျွန်တော့်ပါတီလည်း မဖိတ်ဘူး။ ဒါဒီရုံးမှာ ရုံးလာကူလုပ်တဲ့ လူငယ်တွေရယ်၊ ဒါကတော့ ဦးမင်သူက နေပြည်တော်မှာ။ ကျွန်တော်တို့ ငါးယောက်ရယ်။ ဒါပဲရှိတယ်။ ကျွန်တော်တို့ ဒါဖိတ်လို့ရှိရင်လည်း ရတယ်။ သေချာကို မဖိတ်တာ။ မန္တလေးတိုင်းလည်း မဖိတ်ဘူး။ နေပြည်တော်လည်း မဖိတ်ဘူး။ အကျဉ်းရုံး လုပ်တာ။ ဘာမှ အခွင့်အရေးမှ မယူဘူး။ အဲဒီတော့ မဖြစ်ခင် ကျွန်တော်တို့ရော အခု ဘာလုပ်နေလဲ။ ဘာပွဲမှ မလုပ်ဘူး။ ကျွန်တော်တို့ အစိုးရပွဲလုပ်တဲ့ဟာတွေတော့ ရှိကောင်း ရှိမှာပေါ့။ ကျွန်တော် ပြောချင်တာ ပါတီနဲ့ပတ်သက်လို့ ဘာပွဲမှ မလုပ်ဘူး။ အဲဒီတော့ ဒါ Advantage ရတယ်ဆို ကျွန်တော် နားမလည်ဘူး။ ဘာ Advantage ရမှန်းမသိဘူး။ ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ လုံခြုံရေးအစည်းအဝေး ရှိတယ်။ အပတ်စဉ်။ ဘယ်ပါတီတွေ ဆိုင်းဘုတ်တင်တယ်။ အများကြီး တက်လာတယ်။ ဘာတစ်ခုမှ ကျွန်တော်တို့ ဝင်မစွက်ပါဘူး။ အကုန်လုံး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ နားမလည်ဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ ရနေတယ်ဆိုတာ" ဟု ပြန်လည် ဖြေကြားသည်။

ထို့ပြင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စိန်ခေါ်မှုများ အထိုက်အလျောက်ရှိခဲ့ပြီး အဓိက ပြိုင်ဘက်၊ အတိုက်အခံ ပါတီတစ်ခုအနေဖြင့် စိန်ခေါ်မှုအရမ်းကြီးသည့် အခြေအနေဖြင့် ပြိုင်ဆိုင်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က "ကနေ့ပြိုင်တော့ ၂၀၁၅ ခုနှစ်ကတော့ စိန်ခေါ်မှုအကြီးဆုံး။ ကျွန်တော် ပြောပြောနေသလို သူတို့ရဲ့ ရွေးကောက်ပွဲကော်မရှင်၊ သူတို့ ဥပဒေတွေရယ်၊ ကျွန်တော်တို့က အဓိကပြိုင်ဘက်အနေနဲ့ ကျွန်တော်တို့ ဘာတစ်ခုမှ မကန့်ကွက်ခဲ့ဘူး။ ဘယ်သူကို မယုံဘူး။ ဘာကို မပြောဘူးဆိုတဲ့ တစ်ခွန်းမှ မထွက်ခဲ့ဘူး။ ဘာလဲ ပြိုင်မယ်၊ သူတို့ချထားတဲ့ ဥပဒေ။ ၂၀၂၀ ရောက်တော့ ကျွန်တော်တို့က ဒီနေရာရသွားတယ်။ ကျွန်တော်တို့က ဘာဖြစ်လဲဆိုတော့ အစိုးရဖွဲ့နိုင်တဲ့ အခါကျတော့ လက်ရှိ လုပ်ပိုင်ခွင့်ရှိထားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီမှာ ကျွန်တော်တို့က ဘာလဲဆိုတော့ အခြေခံဥပဒေ ပေးထားချက်နဲ့အညီ ကျွန်တော်တို့ ဒီဟာတွေကို ထုတ်ပြန်တာ။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဘာဖြစ်လဲဆိုတော့ ငါတို့ ဒီအခြေအနေရောက်နေပြီ။ ကျွန်တော်တို့ လုပ်ချင်တာလုပ်မယ် ဆိုတဲ့ဟာ မရှိဘူး။ ကျွန်တော်တို့ ဥပဒေအတိုင်းပဲ နေမယ်။ ထုတ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်တဲ့ဟာတွေအတိုင်း လေးစားလိုက်နာမယ်။ ပြိုင်တဲ့အခါလည်း သူတို့ရဲ့ ပေးထားခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ပြိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးတော့ မတရားတာတော့ မလုပ်ဘူး။ အဲဒါတော့ သေချာတယ်" ဟု ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ပါတီက ချမှတ်ထားသည့် မူများအတိုင်း ဘက်လိုက်မှုမရှိဘဲ ရွေးချယ်ရန်နှင့် ပါတီက လွှတ်လိုက်သူများသည် အရည်အချင်း မပြည့်ဝပါက တိုင်းပြည်နစ်နာခြင်းကြောင့် အရည်အချင်း ပြည့်ဝသည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသွားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

 

Most Read

Most Recent