ယခင်အစည်းအဝေးများတွင် ချန်လှပ်ထားခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့်အချက်များ ယခုအစည်းအဝေး၌ သဘောတူညီချက်ရရှိဟု NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပြောကြား

ယခင်အစည်းအဝေးများတွင် ချန်လှပ်ထားခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့်အချက်များ ယခုအစည်းအဝေး၌ သဘောတူညီချက်ရရှိဟု NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပြောကြား
ဇူလိုင် ၄ ရက်က အစိုးရနှင့် NCA-S EAO နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- NCA-S EAO Office)
ဇူလိုင် ၄ ရက်က အစိုးရနှင့် NCA-S EAO နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- NCA-S EAO Office)
Published 4 July 2020
မင်းနိုင်စိုး

ယခင်အစည်းအဝေးများတွင် ချန်လှပ်ထားခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များကို သုံးရက်ကြာ ပြုလုပ်ခဲ့သော အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့၏ ယခုအစည်းအဝေးတွင် သဘောတူညီချက်ရရှိခဲ့ကြောင်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ရှိ NRPC တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဗိုလ်မှူးကြီးစိုင်းငင်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစ ုပင်လုံစတုတ္ထအစည်းအဝေး ကျင်းပခြင်း အပါအဝင် အချက်ရှစ်ချက်ကို သဘောတူဆုံးဖြတ်ခဲ့ရာ အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့သည် အဆိုပါ သဘောတူညီချက် ရှစ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့ မိမိတို့နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ရဲ့ အကြောင်းအရာတွေထဲက ချန်ထားခဲ့တဲ့ ဆက်လက်ညှိနှိုင်းဖို့ အချက်တွေကို ဒီအစည်းအဝေးမှာ ဆက်လက် ညှိနှိုင်းနိုင်ခဲ့တယ်။ သဘောတူညီချက်များလည်း ထပ်မံရရှိခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပုံသဏ္ဌာန် (Format) ကို ရေးဆွဲရန်အတွက် စာချုပ်မူကြမ်းရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်ရေးဆွဲနိုင်ရေးကို ယခုအစည်းအဝေးတွင် ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ်အား NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ သဘောတူညီချက်ဟူသော အပိုင်း သုံးပိုင်းဖြင့်ချုပ်ဆိုမည်ဖြစ်ပြီး အဆိုပါ အပိုင်းသုံးပိုင်းတွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းသဘောတူညီထားသော အချက်များ ရှိသကဲ့သို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှု မရသေးသော အချက်များလည်း ရှိနေသည်။

COVID-19 ရောဂါကာလ အခြေအနေအောက်တွင် ကျင်းပရဖွယ်ရှိသည့် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းကို ယခုပြုလုပ်ခဲ့သော သုံးရက်တာ အစည်းအဝေး၌ အသေးစိတ် ဆွေးနွေးခဲ့ပြီး ဆောင်ရွက်မည့်အစီအစဉ်များကိုလည်း ညှိနှိုင်းနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် တစ်ဖက်တွင်လည်း အစိုးနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့များ၏ ဆွေးနွေးညှိနှိုင်းရေး အစည်းအဝေးများမှ ရရှိသောရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ထံ ရှင်းလင်းတင်ပြနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် သဘောထားချမှတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ အားလုံးကျေနပ်လက်ခံတဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေး၊ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ ချောမွေ့စွာ ရှေ့ဆက်ချီတက်သွားနိုင်ရေးတို့အား ဒီညှိနှိုင်းအစည်းအဝေးမှာ ဝိုင်းဝန်းကြိုးပမ်းညှိနှိုင်း ဆွေးနွေးပေးကြတဲ့အတွက် မိမိအနေနဲ့ နှစ်ဖက်ကိုယ်စားလှယ်ခေါင်းဆောင်များကို ဂုဏ်ပြုပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

အစိုးရနှင့် NCA-S EAO များ၏ နောက်တစ်ကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်နောက်ဆုံးအပတ်တွင် ပြုလုပ်မည်ဖြစ်ပြီး COVID-19 ရောဂါကြောင့် အွန်လိုင်းတွင် ညှိနှိုင်းဆွေးနွေးရသည်မှာ အကန့်အသတ်ရှိသည့်အတွက် လူချင်းမျက်နှာစုံညီ ဆွေးနွေးနိုင်မည့် အခင်းအကျင်းအား ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်နိုင်ရန် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

သုံးရက်ကြာ ပြုလုပ်ခဲ့သော ယခုညှိနှိုင်းအစည်းအဝေးသို့ အစိုးရဘက်မှ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ် ကိုးဦး တက်ရောက်ခဲ့ပြီး NCA-S EAO အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၄ ဦးအနက် ကိုယ်စားလှယ်အချို့မှာ Online Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent