COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့်လုပ်ငန်းများအတွက် COVID-19 Fund မှ ခွင့်ပြုငွေ ကျပ် ၁၄ ဒသမ ၅၅၆၄ ဘီလျံကို ချေးငွေလျှောက်ထားသည့်လုပ်ငန်း ၃၀၇ ခုအား သတ္တမအသုတ်အဖြစ် ချေးငွေထုတ်ယူခွင့်ပြု

COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့်လုပ်ငန်းများအတွက် COVID-19 Fund မှ ခွင့်ပြုငွေ ကျပ် ၁၄ ဒသမ ၅၅၆၄ ဘီလျံကို ချေးငွေလျှောက်ထားသည့်လုပ်ငန်း ၃၀၇ ခုအား သတ္တမအသုတ်အဖြစ် ချေးငွေထုတ်ယူခွင့်ပြု
 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 2 July 2020

COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့် လုပ်ငန်းများအတွက် COVID-19 Fund မှ ခွင့်ပြုငွေကျပ် ၁၄ ဒသမ ၅၅၆၄ ဘီလျံအား ချေးငွေလျှောက်ထားသည့် လုပ်ငန်း ၃၀၇ ခုအား သတ္တမအသုတ်အဖြစ် ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၆/ ၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့်လုပ်ငန်းများအနက် သတ္တမအသုတ်အဖြစ် လုပ်ငန်း ၃၀၇ ခုသို့ ခွင့်ပြုငွေပမာဏကျပ် ၁၄ ဒသမ ၅၅၆၄ ဘီလျံကို COVID-19 Fund မှ ချေးငွေထုတ်ယူခွင့် ပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါချေးငွေ ထုတ်ယူခွင့်ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုထားသည့် လုပ်ငန်းဖြစ်ပါက ချေးငွေထုတ်ပေးမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့် လုပ်ငန်းများအတွက် မူလချေးငွေ ကျပ် ဘီလျံ ၁၀၀ အပြင် ကျပ်ဘီလျံ ၁၀၀ ထပ်မံထုတ်ချေးပေးရန် လျာထားပြီး တိုးချဲ့ထုတ်ချေးပေးမည့် စီးပွားရေးကဏ္ဍများကိုလည်း မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“မူလစဉ်းစားစဉ်ကတော့ ကဏ္ဍသုံးခုပေါ့။ သို့သော်လည်း ဒီဘက်လုပ်တဲ့အပိုင်းမှာ ထပ်ပြီးတော့ အခြားကဏ္ဍပိုင်းတွေမှာ လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးဖို့ ပေါ်လာတာ လေးတွေလည်းရှိပါတယ်။ နောက်ချေးငွေတွေ ထပ်ထုတ်ပေးတဲ့အပိုင်းမှာ ကျွန်တော်တို့တိုင်းပြည်မှာ အရေးကြီးတဲ့ စိုက်ပျိုးရေးကဏ္ဍကိုလည်း စိုက်ပျိုးမွေးမြူရေး၊ ရေထွက်၊ ငါးမွေးမြူရေးလုပ်ငန်း စသည်ဖြင့်ပေါ့နော်။ ဒါတွေကိုလည်း ထည့်စဉ်းစားပေးဖို့ရှိပါတယ်။ ထပ်ပြီးတော့ ကဏ္ဍတွေတိုးချဲ့ပေးသွားဖို့လည်း အကြီးအကဲတွေ ညှိနှိုင်းထားပြီးတော့မှ မကြာခင်မှာ နောက်ဆုံးသတ်မှတ်လိုက်တဲ့ ကဏ္ဍတွေကို ထုတ်ပြန်ပေးဖို့ရှိပါတယ်။ ဒါကချေးငွေဆက်ထုတ်သွားမယ့် အပိုင်းဖြစ်ပါတယ်။ အဲဒီအတွက်ကို စီမံဘဏ္ဍာ၊ စက်မှုဝန်ကြီးဌာနက ဘီလျံ ၁၀၀ ထပ်ပြီးလျာထားပေးပါတယ်။ မူလဘီလျံ ၁၀၀ အပြင် နောက်ထပ် ဘီလျံ ၁၀၀ ကို လျာထားပေးပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဇွန် ၂၄ ရက်က ကျင်းပသည့်  နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထပ်မံတိုးချဲ့ထုတ်ချေးပေးမည့် စီးပွားရေးကဏ္ဍများအတွက် ယခင်ကထုတ်ချေးပေးထားသည့် CMP လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပြည်တွင်းအသေးစား အလတ်စား စီးပွားရေးလုပ်ငန်း SMEs ကဏ္ဍများသို့ ထုတ်ချေးပေးထားသည့်အတိုင်း အတိုးနှုန်းတစ်ရာခိုင်နှုန်းဖြင့်သာ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ Revolving Fund မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကို ကနဦးမတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်ခဲ့သည်။

ယင်းကနဦးမတည်ငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ SME ကို အတိုးနှုန်းတစ်ရာခိုင်နှုန်းဖြင့် ကနဦးမတည်ရန်ပုံငွေကျပ် ဘီလျံ ၁၀၀ မှ ချေးငွေ ထုတ်ချေးခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှသိရသည်။

ချေးငွေထုတ်ချေးပေးမှုအနေဖြင့် လက်ရှိအချိန်ထိ ခြောက်ကြိမ်အထိ ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ချေးငွေပမာဏအနေဖြင့် ကျပ် ၈၆ ဘီလျံကျော်အထိ ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် SME လုပ်ငန်းများစသည်ဖြင့် လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ချေးငွေကျပ် ၈၆ ဘီလျံကျော် ထုတ်ချေးထားပြီဖြစ်ကြောင်း စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇွန် ၁၆ ရက်က ပြောကြားထားသည်။

Most Read

Most Recent