COVID-19 ရောဂါနှင့် ပတ်သက်၍ Facebook တွင် ရေးသားခဲ့သည့် Eleven Media Group ၏ နေပြည်တော်မှ သတင်းထောက် တစ်ဦးအား အစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) ဖြင့် တရားစွဲဆို

COVID-19 ရောဂါနှင့် ပတ်သက်၍ Facebook တွင် ရေးသားခဲ့သည့် Eleven Media Group ၏ နေပြည်တော်မှ သတင်းထောက် တစ်ဦးအား အစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) ဖြင့် တရားစွဲဆို
Published 1 July 2020
နေရိုင်း

COVID-19 ရောဂါနှင့် ပတ်သက်၍ Facebook လူမှုကွန်ရက်စာမျက်နှာတွင် မတ် ၂၃ ရက်က ရေးသားခဲ့သည့် Eleven Media Group ၏ နေပြည်တော်မှ သတင်းထောက် အောင်ကိုကိုအား အစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က) ဖြင့် ဇူလိုင် ၁ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် အချို့တွင် သတင်းထိန်ချန်ခြင်းနှင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းများရှိသည် ဟုဆိုကာ သတင်းထောက် အောင်ကိုကိုက ၎င်း၏ Facebook အကောင့်မှတစ်ဆင့် ရေးသားခဲ့ခြင်းကြောင့် နိုင်ငံတော် အကြည်ညိုပျက်အောင် မဟုတ်မမှန်သတင်း ဖော်ထုတ်ရေးသားသည် ဟုဆိုကာ မှုခင်းရဲတပ်ဖွဲ့ (CID)မှ ဒုရဲမှူး ရဲအောင်က တရားလိုပြုလုပ်၍ နေပြည်တော် ဥတ္တရသီရိတရားရုံး၌ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ COVID-19 ရောဂါ စတင်တွေ့ရှိတဲ့ အချိန်မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေက အချိန်နောက်ကျပြီးတော့ သတင်းထုတ်ပြန်တယ်။ သတင်းထုတ်ပြန်ချက် တွေကလည်း လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေတယ်။ အဲဒီအခြေအနေပေါ်မှာ COVID-19 ရောဂါပိုးက ပြည်သူအများကြားမှာ ပြန့်ပွားလာပြီး လူအများအပြား ရောဂါကူးစက်ပြီး သေဆုံးမှာကို စိုးရိမ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ထောက်ပြရေးသား ခဲ့တဲ့အတွက် တရားစွဲဆိုခံရခြင်း ဖြစ်ပါတယ်။ အမှန်တွေကိုပဲ ရေးခဲ့တဲ့အတွက် မှန်တဲ့အတိုင်းပဲ ဆက်လက်ရင်ဆိုင်မယ်” ဟု တရားစွဲခံထားရသည့် သတင်းထောက် အောင်ကိုကိုက ဆိုသည်။

အဆိုပါ ရေးသားမှုများကြောင့် Aung Ko Ko မန်းသားလေး အကောင့်ပိုင်ရှင်အား CID မှ စုံစမ်းခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၇ ဖြင့် တရားစွဲဆိုရန် ဥပဒေရုံးသို့ တင်ပြခဲ့သော်လည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) ဖြင့် တရားစွဲဆိုရန် ပြန်လည်ညွှန်ကြားခဲ့ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းထောက် ကိုအောင်ကိုကိုသည် ယခင်က Eleven Media Group ၏ရန်ကုန်ရုံးတွင် တာဝန်ထမ်းဆောင် နေသူဖြစ်ပြီး နေပြည်တော်ရုံးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်ကာ ၎င်းအား တရားရုံးမှ ဇူလိုင် ၁ ရက် ရုံးချိန်းတွင် အာမခံပေးကာ အချုပ်လွတ် ထုချေခွင့် ပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ဥတ္တရသီရိမြို့နယ် တရားရုံးကနေ ရာဇဝတ်မှုအမှတ် ၁၄၇/၂၀၂၀ နဲ့ အမှုလက်ခံပြီးတော့ ဆောင်ရွက်ထားပါတယ်။ စွဲဆိုထားတဲ့ပုဒ်မက အာမခံပေးလို့ရတဲ့ပုဒ်မ ဖြစ်တဲ့အတွက် ကျွန်မတို့က ကျပ်ငါးသိန်းတန် ခံဝန်သူနှစ်ဦးနဲ့ အချုပ်လွတ်ထုချေခွင့် ပေးထားပါတယ်” ဟု သတင်းပြန်ကြားရေး အရာရှိ ဒေါ်မေဆုမွန်ကျော်က ဆိုသည်။

ယခုအမှုအား ဇူလိုင် ၁၆ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) တွင် မမှန်ကန်သော သတင်းအချက်အလက်များကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း (သို့မဟုတ်) ပေးဝေခြင်း (သို့မဟုတ်) ပါဝင်ဆောင်ရွက်ခြင်းဟု ပြဌာန်းထားပြီး ယင်းဥပဒေပုဒ်ဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

Eleven Media Group ၏ နေပြည်တော် သတင်းထောက် အောင်ကိုကိုအား တရားစွဲဆိုခြင်းသည် CID မှ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ တိုင်တန်းခြင်း မရှိဘဲ တိုက်ရိုက်တရားစွဲဆိုခြင်း ဖြစ်သဖြင့် ယခုအမှု ဖြစ်စဉ်အား မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ အသိပေးထားကြောင်း Eleven Media Group ၏ Policy Director ဦးဝေဖြိုးက ပြောကြားသည်။

 

Most Read

Most Recent