ထိုင်းတွင် COVID-19 ကန့်သတ်ချက်များ အဆင့်ငါးဆင့်မြောက် ဖြေလျှော့ပေးမှုကို စတင်ခဲ့ပြီး မတ်လလယ်ကစပြီး ပိတ်ထားခဲ့သည့် စာသင်ကျောင်းများနှင့် အရက်ဆိုင်၊ အနှိပ်ခန်းအစရှိသည့် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေများသော ဖျော်ဖြေရေးနေရာများကို ဇူလိုင် ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ဇူလိုင် ၁ ရက်တွင် ပြန်လည်မဖွင့်လှစ်မီ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား ၂၀ မှ ၂၅ ဦးအထိသာ ကန့်သတ်ထားရှိရန် အာဏာပိုင်များက အကြံပြုခဲ့သည်။ ကျောင်းမဖွင့်မီရက်တွင် စာသင်ခန်းတံခါး လက်ကိုင်ဖုများ၊ စာရေးစားပွဲများနှင့် ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ခြေများသော နေရာများကို သန့်ရှင်းရေးလုပ်ခဲ့သည်။
“ကျွန်မ ဗိုင်းရပ်စ်ကူးစက်ခံရမှာကို မစိုးရိမ်ပေမယ့် အချိန်အကြာကြီးခွဲပြီးမှ အခန်းဖော်တွေနဲ့ ပြန်တွေ့ရမှာကိုတော့ စိတ်လှုပ်ရှားနေတယ်” ဟု Parichat Klampumisri အမည်ရ ကျောင်းသူတစ်ဦးက ပြောကြားခဲ့သည်။
တရားဝင်အလုပ်လုပ်ခွင့်ပြုသည့် ပါမစ်ဖြင့် အလုပ်လုပ်သည့် နိုင်ငံခြားသားများ (သို့မဟုတ်) ထိုင်းနိုင်ငံသားများ၏ အိမ်ထောင်ဖက်များနှင့် မိသားစုဝင်များရှိသည့် နိုင်ငံခြားသားများ၊ ကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆေးကုသရန်အတွက် ထိုင်းနိုင်ငံသို့ လာရောက်လိုသူများအတွက်လည်း ကန့်သတ်ချက်များ ဖြေလျှော့ပေးသွားမည်။ ထိုင်းနိုင်ငံသို့ ခရီးသည်တင်လေကြောင်းလိုင်းများ ဝင်ရောက်မှုကို ဧပြီအစောပိုင်းတွင် ဆိုင်းငံ့ခဲ့သည်။
ထိုင်းသို့ နေ့စဉ်ဝင်ရောက်ခွင့်ပြုမည့် နိုင်ငံခြားသားခရီးသည် အရေအတွက်ကို ၂၀၀ ဦးအထိ ကန့်သတ်ထားသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်သည့် လေကြောင်းလိုင်းများနှင့် လာရောက်ရမည်ဖြစ်သည်။ နိုင်ငံခြားသားများနှင့် နေရပ်ပြန်လာသည့် ထိုင်းနိုင်ငံသားအားလုံးသည် ရောဂါခြေချုပ်မှု အဆင့်ဆင့် လုပ်ဆောင်ရမည်ဖြစ်သည်။
ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် တရုတ်နှင့် ဟောင်ကောင်မှ ခရီးသွားများကို ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့ကို ဟိုတယ်များတွင် အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နေ့စဉ်နေထိုင်မှုအခြေအနေကို ပုံမှန်အခြေအနေပြန်လည်ရောက်ရှိအောင် လုပ်ဆောင်နေသော်လည်း ထိုင်းအစိုးရအဖွဲ့က အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကို နောက်ထပ်တစ်လ သက်တမ်းတိုးခဲ့သည်။
အရေးပေါ်အခြေအနေဥပဒေသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆေးကုသမှုအတွက် ခရီးသွားများအစရှိသည့် ခရီးသွားလာသူများလက်ခံရန်အတွက် ပြင်ဆင်ရန်လိုအပ်ကြောင်း အာဏာပိုင်များက ခုခံပြောကြားခဲ့သည်။ ယင်းဥပဒေသည် နိုင်ငံရေးသဘောထားကွဲလွဲသူများကို ဖိနှိပ်ရန်နှင့် စာနယ်ဇင်းကို ဆင်ဆာဖြတ်ရန် အသုံးပြုခဲ့သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုသည် လွတ်လပ်မှုများကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းမဟုတ်ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့ပြီး ယင်းဥပဒေကို သက်တမ်းတိုးသည့် ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ခဲ့သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးသည် အကျဘက်သို့ ယိမ်းယိုင်နေစဉ် ကပ်ရောဂါဖြစ်သည့် ကာလတစ်လျှောက်လုံး ပရာယွတ်၏ အစိုးရအဖွဲ့သည် မကြာခဏဝေဖန်ခံခဲ့ရသည်။
ခရီးသွားကဏ္ဍနှင့် ပို့ကုန်စသည့်ကဏ္ဍများအပေါ် အဆိုးရွားဆုံးသက်ရောက်ခဲ့မှုကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ကုန်တွင် ငါးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁၀၀ ကျော်အနက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၈ ဦးရှိခဲ့သည်။ ပြီးခဲ့သည့်သီတင်းငါးပတ်တွင် အတည်ပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အားလုံးသည် ပြည်တွင်းကူးစက်မှုထက် နေရပ်ပြန်ထိုင်းနိုင်ငံသားများထံတွင် တွေ့ရှိခဲ့မှုကြောင့် ကန့်သတ်ချက်များ ကိုဖြေလျှော့ရန် အစိုးရကို ယုံကြည်စိတ်ချမှု ရှိစေခဲ့သည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်းကူးစက်မှုမရှိသည်မှာ တစ်လကျော်ကြာပြီးနောက် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေအများဆုံး ဖြစ်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှစပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စိုးရိမ်ရမယ့် အဓိက အရေးကြီးတဲ့အချက်က မိသားစုအတွက် ဝင်ငွေမရှိတဲ့သူတွေအတွက်ပါ။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ်က ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကို ကိုင်တွယ်ဖို့အသင့်ဆိုတာကို ယုံကြည်မှုရှိတာက ဒုတိယအချက်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဘားများ၊ ကလပ်များနှင့် အနှိပ်ခန်းများကိုလည်း ဇူလိုင် ၁ ရက် ညနေတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သော်လည်း လူမှုဆိုင်ရာ တင်းကျပ်သည့် ကန့်သတ်ချက်များကို ထားရှိရမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ပြန်လည်ဖွင့်လှစ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများသည် Social Distancing စည်းကမ်းများကို လိုက်နာရမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။















