လူထုသဘောထားဟူသည် ...

လူထုသဘောထားဟူသည် ...
Published 27 June 2020

အကြောင်းအရာတစ်ရပ် (သို့မဟုတ်) ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ ပြည်သူအများစု၏ ဆန္ဒများ၊ လိုလားချက်များနှင့် တွေးတောထင်မြင်မှုများကိုသော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ စုပေါင်းထင်မြင်ချက် ကိုသော်လည်းကောင်း လူထုသဘောထားအမြင်ဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်အသုံးအနှုန်း ဖြစ်သည့် Public Opinion ဟူသည့် စကားလုံးကိုကြည့်လျှင် ၁၇ ရာစု တွေးခေါ်ရှင် ဂျွန်လော့က်၏ အရေးအသားထဲ၌ အစောဆုံး တွေ့နိုင်သည်။ သူ၏ An Essay Concerning Human Understanding တွင် နိုင်ငံရေးအခင်းအကျင်း၌ လူထုသဘောထားအမြင်က အရေးကြီးပုံကို အစောဆုံး ထည့်သွင်းစဉ်းစားထားသည်ကို တွေ့ရှိရသည်။ သို့သော် စကားလုံးသက်သက်ကိုကြည့်လျှင် ပြင်သစ်စကားလုံးဖြစ်သော  T’ Opinion ကို ၁၅၈၈ ခုနှစ်တွင် မီရှယ်ဒီမွန်တိန်းက ပထမဆုံး သုံးစွဲခဲ့သည်။

လူထုသဘောထားအမြင်ဟူသည့် သဘောတရားတစ်ရပ်သည် မြို့ပြယဉ်ကျေးမှု ပေါ်ထွန်းခြင်းနှင့် အခြားနိုင်ငံရေးနှင့် လူမှုရေးအင်အားစုများ ဖြစ်ပေါ်လာခြင်း ဖြစ်စဉ်တစ်လျှောက်၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပြိုင်ဆိုင်မှုပုံစံများ ပြောင်းလဲလာချိန်တွင် ပထမဆုံးအဖြစ် ပြည်သူတို့၏အတွေးများက အရေးကြီးလာခြင်းလည်း ဖြစ်သည်။ ဂျာမန်လူမှုဗေဒပညာရှင် ဖာဒီနန်တိုနီက လူ့အဖွဲ့အစည်းများအတွင်း လူမှုရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကဲ့သို့ပင် လူထုသဘောထားအမြင်က အရေးကြီးကြောင်း ၁၉၂၂ ခုနှစ်တွင် ထုတ်ဝေသည့် သူ၏သဘောတရားရေးရာ စာအုပ်၌ ရေးသားခဲ့သည်။ ဂျာမန် လူမှုဗေဒ သဘောတရားရေးရာ ပညာရှင် ဂျာဂင်ဟာဘာမက်က လူထုသဘောထားအမြင်အကြောင်း ဆွေးနွေးရာတွင် ပြည်သူ့ရပ်ဝန်း (Public Sphere) ဟု သုံးနှုန်းခဲ့သည်။ လူထုသဘောထားထင်မြင်ချက်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်သွားရာ၌ ယင်း ပြည်သူ့ရပ်ဝန်းက အရေးကြီးသည်။ ယင်းပြည်သူ့ရပ်ဝန်းသည် ဘုံသဘောရပိုင်ခွင့်၊ ကျိုးကြောင်းဆီလျော်သော ငြင်းခုံမှုနှင့် အဆင့်အတန်းကို အလေးမထားမှုဟူသော စရိုက် လက္ခဏာများကို ဖော်ပြကြောင်း ဟာဘာမက်က အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် သူက ပြည်သူ့သဘောထားအမြင်ကို အကောင်းဆုံး ဖွဲ့စည်းထားသည့် ယင်း စရိုက်လက္ခဏာ သုံးရပ်သည် အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် ဆက်လက်၍ တည်ရှိခြင်း မရှိတော့ဟု ယုံကြည်သည်။ အနောက်တိုင်းဒီမိုကရေစီနိုင်ငံများတွင် ပြည်သူ့သဘောထား အမြင်ကို အီလစ်များက အကြီးအကျယ် ကိုင်တွယ်ခြယ်လှယ်လာကြသည်ဟု ဆိုသည်။

အမေရိကန်လူမှုဗေဒပညာရှင် ဟာဘက်ဘလူမာက ပြည်သူတို့နှင့်ပတ်သက်၍ မတူညီသော တွေးထင်ချက်တစ်ရပ်ကို အဆိုပြုခဲ့သည်။ ဘလူမာက လူထုသဘောထား ထင်မြင်ချက်ကို အချိန်တစ်ခု၌ သက်ဆိုင်ရာ ပြည်သူ့အကြောင်းအရာတစ်ရပ်အား ဆွေးနွေးနေသူများဖြင့် ဖွဲ့စည်းထားသော အပြုအမူစုစုပေါင်း၏ ပုံစံတစ်ရပ်အဖြစ် ဆွေးနွေးခဲ့သည်။ သူ၏ဖွင့်ဆိုချက်အရ ပြည်သူဟူသည် များစွာရှိနေပြီး ၎င်းတို့အသီးသီးသည် အကြောင်းအရာတစ်ရပ် ပေါ်ထွက်လာသည့်အခါ ဖြစ်တည်လာပြီး အကြောင်းအရာ တစ်ရပ်ကို ဖြေရှင်းသည့်အခါ ဖြစ်တည်မှု ရပ်စဲသွားသည်ဟု ဆိုသည်။ ဘလူမာက လူများသည် ပြည်သူဟူသော အစုအဝေးထဲသို့ ကွဲပြားခြားနားသော စွမ်းရည်များနှင့် ကွဲပြားခြားနားသော အဆင့်များဖြင့် ပါဝင်ကြသည်ဟု ဆိုသည်။ ထို့ကြောင့် လူထုသဘောထား ထင်မြင်ချက်စစ်တမ်းက ပြည်သူဟူသည်ကို တိုင်းတာနိုင်ခြင်းမရှိဟု ဆိုသည်။ ပညာတတ်တစ်ဦး၏ ပါဝင်မှုသည် သာမန်အရပ်သားတစ်ဦး၏ ပါဝင်မှုထက် ပို၍ အရေးကြီးသည်၊ လူများ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချကြသည့် အစုအဝေးသည် အပြုအမူအပေါင်းအစု ပုံစံတစ်ရပ်သာဖြစ်ပြီး ပြည်သူဟူသည်နှင့် ကွဲပြားခြားနားသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လူထုသဘောထားအမြင်ဟူသည် နိုင်ငံရေးရပ်ဝန်း၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပြီး ပြည်သူတို့၏ သဘောထားအမြင်ကို နိုင်ငံရေးသမားများအနေဖြင့် လျစ်လျူရှု၍ မရပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန် ၂၈ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent