စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေလျှင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသောအိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု အစီရင်ခံစာတစ်စောင်တွင် ခန့်မှန်းထား

စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေလျှင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသောအိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု အစီရင်ခံစာတစ်စောင်တွင် ခန့်မှန်းထား
Published 27 June 2020
နီလာ

စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အောင်မြင်မှုများရရှိလျက်ရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသော အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ရင်ခံစာတွင် ခန့်မှန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယေဘုယျခန့်မှန်းခြေ အခြေအနေအရ ကမ္ဘာ့စီးပွားရေးပြန်လည် ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာနိုင်သည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ရေတိုကာလတွင် မြင့်တက်လာနိုင်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တိုင်သည်အထိ ကိုဗစ်မတိုင်မီ ကာလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ဦးမည်မဟုတ်ပေ။ ဆိုးရွားသွားနိုင်သည့် ခန့်မှန်းအခြေအနေတွင် ဆင်း ရဲနွမ်းပါးမှုနှုန်းသည် အနည်းဆုံး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တိုင်အောင် ကိုဗစ် မတိုင်ခင် ကာလကအဆင့်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာသည် မြန်မာနိုင်ငံအစိုးရ၏ တု့့ံပြန်ဆောင်ရွက်မှုများဖြစ်သော COVID-19 Fund ထူထောင်ခြင်းနှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးစီမံချက် (CERP) များအား လေ့လာသုံးသပ်ထားသည်။ ယင်းတို့တွင် အခွန်သက်သာခွင့်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးခြင်း၊ အိမ်ထောင်စုများအတွက် အစားအစာနှင့် ငွေသားများ ပံ့ပိုးပေးခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေမည့်မူဝါဒများ အပါအဝင် စီးပွားရေးကုစားပေးနိုင်ရန်နှင့် ကြံ့ကြံ့ခံနိုင်သော ပြန်လည်ထူထောင်မှုဖြစ်စေရန် အထောက်အကူပေးမည့်နည်းလမ်းများ ပါဝင်သည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ အရပ်ဘက်အုပ်ချုပ်ရေးသို့ စတင်ကူးပြောင်းလာသည့် မြန်မာနိုင်ငံသည် သိသာထင်ရှားသည့် စီးပွားရေးတိုးတက်မှုများနှင့် တိုင်းတာဖော်ပြနိုင်သည့် လူနေမှုဘဝအခြေအနေသို့ တိုးတက်မှုများ ရှိလာခဲ့သည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆင်ရဲနွမ်းပါးမှုနှုန်းသည် ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၅ ရာခိုင်နှုန်းအထိ ထက်ဝက်နီးပါး ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ထိုကာလအတွင်း ရရှိခဲ့သော တိုးတက်မှုများ၏ အသီးအပွင့်များ မခံစားနိုင်သည့် ပြည်သူအများအပြား ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent