၂၀၂၀ ပြည့်နှစ် မေလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် ဧပြီလတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၁၂ လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် မေတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် ဧပြီလ၏ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီနှင့် မေတွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မေအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၄ ဒသမ ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မေလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၇၉ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၂ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ နေပြည်တော်တွင် ၁၀ ဒသမ ၃၉ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် မေလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၈ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၀ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ်အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် မေအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် ဧပြီအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၄၅ ရာခိုင်နှုန်းကျဆင်းလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















