အိန္ဒိယတွင် ဗိုင်းရပ်စ် နေ့စဉ်ကူးစက်သူသစ် အရေအတွက် စံချိန်တင်နေဆဲဖြစ်ပြီး နယူးဒေလီ၌ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မည်

အိန္ဒိယတွင် ဗိုင်းရပ်စ် နေ့စဉ်ကူးစက်သူသစ် အရေအတွက် စံချိန်တင်နေဆဲဖြစ်ပြီး နယူးဒေလီ၌ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မည်
Published 25 June 2020
Ref: AP, Reuters

အိန္ဒိယတွင် နေ့စဉ်ဗိုင်းရပ်စ်ကူးစက်သူသစ် အရေအတွက်သည် ဇွန် ၂၅ ၌ ထပ်မံ စံချိန်တင်ခဲ့ပြီး မြို့တော်နယူးဒေလီသည် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးမြို့ ဖြစ်လာခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်သူသစ် ၁၆၉၂၂ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့သောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၄၇၃၁၀၅ ဦးအထိ မြင့်တက်လာခဲ့သည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းအတွက်ကြောင့် အိန္ဒိယသည် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်တွင် အမေရိကန်၊ ဘရာဇီးနှင့် ရုရှားတို့ပြီးလျှင် ကမ္ဘာ၌ စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်နေသည်။

ဗိုင်းရပ်စ်ကြောင့် လူ ၄၁၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၄၈၉၄ ဦးအထိ ရှိလာခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၅ ၌ ထုတ်ပြန်ခဲ့သည်။ ပြန်လည်သက်သာကောင်းမွန်သွားမှုနှုန်းသည် ဆက်လက်မြင့်တက်နေခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းရှိကြောင်းလည်း ထိုဌာနက ထုတ်ပြန်ခဲ့သည်။

ကူးစက်အတည်ပြုလူနာ ၇၀၃၉၀ ရှိပြီး အဓိကစိုးရိမ်စရာဖြစ်နေသော နယူးဒေလီတွင် လာမည့်နှစ်ပတ်ကျော်အတွင်း အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သွားရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြသည်။

ထိုမြို့ခံတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အသေးစိတ်အချက်အလက်များအား မှတ်တမ်းတင်ရန်၊ ရောဂါလက္ခဏာများရှိသူ သို့မဟုတ် ရှိကြောင်း ပြသသူများအား စစ်ဆေးရန် တာဝန်ရှိသူများက အိမ်တိုင်းသို့ သွားရောက်မည်ဖြစ်သည်။

နယူးဒေလီတစ်ခုတည်းတွင် ဇူလိုင်နှောင်းပိုင်းမတိုင်မီ COVID-19 အတည်ပြုလူနာအရေအတွက်သည် သန်းဝက်ကျော်အထိ ရှိလာနိုင်ပြီး နောက်ထပ်လူနာခုတင် ၁၅၀၀၀၀ ခန့် လိုအပ်နိုင်သည်ဟု ပြည်နယ်အစိုးရက ခန့်မှန်းထားပြီး ဇိမ်ခံဟိုတယ်များနှင့် အားကစားရုံများအား ယာယီဆေးရုံများအဖြစ် ပြောင်းလဲအသုံးပြုသွားရန် စဉ်းစားနေသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များကလည်း မြို့တော်၏ နေရာကိုးခုတွင် ဆေးဘက်ကုသရေးအဆောင်များအဖြစ် အသွင်ပြောင်းထားသော ရထားတွဲများတွင် ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်လူနာများအား အာရုံစိုက်၍ ကုသမှုပေးနေသည်။

လူဦးရေ သန်း ၂၀ ကျော်နေထိုင်သော ပြန့်ကျဲနေသည့် နယူးဒေလီတွင် COVID-19 အတည်ပြု လူနာများအတွက် လျာထားသော အကြမ်းဖျင်းအားဖြင့် ခုတင် ၁၃၄၀၀ အနက် ၆၂၀၀ ဝန်းကျင် ပြည့်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရက ထုတ်ပြန်ခဲ့သည်။

စစ်ဘက်ဆရာဝန်များနှင့် သူနာပြုများဖြင့် လည်ပတ်မည့် ယာယီဆေးရုံများတွင် ထပ်တိုးခုတင် ၂၀၀၀၀ ခန့်ကို လာမည့်သီတင်းပတ်မတိုင်မီ ရရှိဖွယ်ရှိကြောင်း၊ ထိုခုတင်များတွင် သာသာရေးဆိုင်ရာစင်တာတစ်ခုနှင့် ဆေးရုံအဆောင်များအဖြစ် အသွင်ပြောင်းထားသော ရထားတွဲများမှ ခုတင်ပေါင်း ၁၀၀၀၀ ခန့်ပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းနှင့် ကုန်ထုတ်လုပ်ရေးဗဟိုချက် ချန်နိုင်းတို့သည်လည်း ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့်နေရာများ ဖြစ်ကြသည်။

နိုင်ငံတစ်ဝန်း နေ့စဉ် နမူနာ ၂၀၀၀၀၀ ကျော်အထိ တိုးမြှင့်စစ်ဆေးနေပြီး နမူနာ စုစုပေါင်း ၇.၃ သန်းနီးပါးအထိ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မတ်နှောင်းပိုင်းတွင် ဝန်ကြီးချုပ် နရင်ဒ ရာမိုဒီအစိုးရက နိုင်ငံတစ်ဝန်းချမှတ်ခဲ့သော Lockdown စီမံချက်များအား ပြည်နယ်အစိုးရများက တဖြည်းဖြည်း ပြန်လည်ဖြေလျှော့ပေးနေသောကြောင့် ကူးစက်သူအရေအတွက် ဆက်လက်မြင့်တက်နေမည်ဟု မျှော်မှန်းထားကြသည်။

အိန္ဒိယ၏အိမ်နီးချင်း ပါကစ္စတန်တွင် နေ့စဉ်ရောဂါစစ်ဆေးမှုကို ၅၀၀၀၀ အထိ မြှင့်တင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းနေလျှင်ပင် ပြီးခဲ့သောရက်များအတွင်း နေ့စဉ်စစ်ဆေးသူ အရေအတွက်သည် သုံးပုံတစ်ပုံခန့် ကျဆင်းခဲ့သည်။ ပြီးခဲ့သောတစ်ပတ် မပြည့်မီက နေ့စဉ်စစ်ဆေးမှု ၃၁၀၀၀ ကျော်ရှိရာမှ ဇွန် ၂၅ နံနက်အထိ ပြီးခဲ့သော ၂၄ နာရီအတွင်း စစ်ဆေးမှု ၂၁၈၃၅ ခုသာ ရှိတော့သည်။

ယင်းကဲ့သို့ စစ်ဆေးမှုကျဆင်းခြင်းကြောင့် နေ့စဉ်အတည်ပြုလူနာအရေအတွက် နည်း ပါးသွားခဲ့ပြီး လတ်တလောအထိ ကူးစက်သူ စုစုပေါင်း ၁၉၂၉၇၀ ရှိနေသည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အရေးပေါ်လူနာခုတင်အရေအတွက် နည်းပါးမှုနှင့် ဆေးရုံများကလည်း လူနာများကို ပြန်လည်ဆင်းခိုင်းနေပြီဖြစ်သည်။ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအား မလိုက်နာပါက သြဂုတ်မတိုင်မီ ကူးစက်သူ ၁.၂ သန်း အထိ မြင့်တက်နိုင်ကြောင်း ပါကစ္စတန် အစိုးရက သတိပေးခဲ့သည်။   

 

Most Read

Most Recent