အစိုးရအချို့သည် ၎င်းတို့၏အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ထားနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို အသုံးချခဲ့ကြပြီး ဒီမိုကရေစီနှင့် ပြည်သူ့လွတ်လပ်ခွင့်များကို အားလျော့စေခဲ့ကြောင်း နိုင်ငံရေးနှင့် ပြည်သူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုဗယ်ဆုရှင်များနှင့် လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင်များက ဇွန် ၂၅ တွင် သတိပေးခဲ့ကြသည်။
မပြီးဆုံးသေးသော ထိုကပ်ရောဂါက ဒီမိုကရေစီအတွက် ကမ္ဘာလုံးဆိုင်ရာ ဧရာမစိန်ခေါ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright၊ သရုပ်ဆောင် ရစ်ချက်ဂီရီ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်များဖြစ်သော ရှီရင်အီဘာဒီ၊ လက်ချ်ဝေဆာ၊ ဟိုဆေးရာမို့စ်-ဟော်တာတို့အပါအဝင် ပုဂ္ဂိုလ် ၅၀၀ ကျော်က လက်မှတ်ထိုးခဲ့ကြသည့် အိတ်ဖွင့်ပေးစာတွင် သတိပေးခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီသည် ခြိမ်းခြောက်ခံနေရကြောင်း၊ ဒီမိုကရေစီအား ဂရုစိုက်သူများသည် ၎င်းအား ကာကွယ်ပေးရန်အတွက် စိတ်ဆန္ဒ၊ စည်းကမ်းနှင့် စည်းလုံးညီညွှတ်မှုတို့အား ဆင့်ခေါ်ရမည်ဖြစ်ကြောင်း ထိုစာရေးသားသူများက တိုက်တွန်းခဲ့ကြသည်။
နေရာတိုင်းရှိ လူများ၏ လွတ်လပ်ခွင့်၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာတို့သည် ချိန်ခွင်ညှာပေါ်တွင် ရှိနေကြောင်းလည်း ထိုစာတွင် ဖော်ပြခဲ့သည်။
ပြည်သူများအား အသိပေးရန်နှင့် လှုံ့ဆော်ပေးရန် ရည်ရွယ်သော ထိုအိတ်ဖွင့်ပေးစာကို စတော့ဟုမ်းအခြေစိုက် International Institute for Democracy and Electoral Assistance (IDEA) က အစပျိုးခဲ့ခြင်းဖြစ်သည်။
ကပ်ရောဂါကြောင့် စီးပွားရေးနှင့် လူမှုရေးတို့ကို ဧရာမ နောက်ဆက်တွဲများ ကြုံစေခဲ့ပြီးချိန်တွင် ယင်းသည် အလွန်အမင်း ကြီးကျယ်သောနိုင်ငံရေးဆိုင်ရာ နောက်ဆက်တွဲများလည်း ကြုံနေရပြီး ဖြစ်ဖွယ်ရှိကြောင်း IDEA ၏ အတွင်းရေးမှူးချုပ် ကီဗင်ကာဆက်- ဇာမိုရာက ပြောကြားခဲ့သည်။
ယခုအချိန်သည် အစောပိုင်းကာလတွင်သာ ရှိနေသေးကြောင်းနှင့် ဒီမိုကရေစီအပေါ် အပြည့်အဝ သက်ရောက်မှုတို့ကို နောက်ပိုင်းတွင် ချင့်တွက်သွားမည်ဖြစ်ကြောင်း၊ ယခုကတည်းက စိုးရိမ်စရာလက္ခဏာများ တွေ့နေရပြီဖြစ်ကြောင်း ကာဆက်- ဇာမိုရာက ပြောကြားခဲ့သည်။
ဟန်ဂေရီတွင် အစိုးရကထုတ်ပြန်ခဲ့သော အရေးပေါ် အခြေအနေဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများသည် အခြေခံအားဖြင့် သက်တမ်းကုန်မည့်အချိန် မပါဝင်ခဲ့မှုကဲ့သို့ ဖြစ်စဉ်များကို ကာဆက်-ဇာမိုရာက ထောက်ပြခဲ့သည်။ သို့သော် ထိုလုပ်ပိုင်ခွင့်အာဏာများ စတင်သက်ဝင်ခဲ့ပြီးနောက်တစ်နေ့ ဇွန် ၁၆ တွင် ပါလီမန်၌ မဲခွဲမှုတွင် ယင်းအာဏာများကို ရုပ်သိမ်းရန် တစ်ညီတစ်ညွှတ်တည်း အတည်ပြုခဲ့ကြသည်။
ဖိလစ်ပိုင်တွင် သမ္မတရိုဒရီဂိုဒူတာတေး၏ အရေးပေါ်အခြေအနေ လုပ်ပိုင်ခွင့်အာဏာ ချဲ့ထွင်မှုနှင့် အယ်ဆာဗေးဒိုးတွင် ထိန်းသိမ်းရေးစင်တာများအား အခြားအကြောင်းအရာများအတွက် သုံးစွဲမှုများကိုလည်း ကာဆက်-ဇာမိုရာက ထောက်ပြခဲ့သည်။
အရေးပေါ်အခြေအနေဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများသည် ခြွင်းချက်ရှိသော အခြေအနေများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဒီမိုကရေစီအစိုးရများက အသုံးပြုနိုင်သောအရာများ၏ တရားဝင် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အလေးထားပြောကြားလျက် ထိုလုပ်ပိုင်ခွင့်အာဏာများ ကျင့်သုံးမှုသည် အရေးပေါ်အခြေအနေနှင့် အချိုးကျဖြစ်စေရမည်ဖြစ်ကြောင်း ကာဆက်-ဇာမိုရာက ထောက်ပြခဲ့သည်။
ပြည်သူ့လွတ်လပ်ခွင့်များအား ကာကွယ်ပေးလျက် Lockdown စီမံချက်များ ချမှတ်ခြင်းတို့ကဲ့သို့ တင်းကျပ်သော စီမံချက်များအား မည်သို့ချိန်ညှိရန်နှင့်ပတ်သက်၍ ကာဆက်-ဇာမိုရာက မည်သည့်မဟာဗျူဟာက ထိရောက်မှုအရှိဆုံးဟု အတိအကျပြောကြားရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။
မှန်ကန်သော မူဝါဒရှိနေသည်ဟု အစွဲအလမ်းမကြီးဘဲ ယင်းအစား ထိုမူဝါဒကို မည်သို့ အလိုက်သင့် ပြင်ဆင်နိုင်ကြောင်းကို အာရုံစိုက်ခြင်းသည် အလွန်အမင်းအရေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုယ်တိုင် တွေ့ကြုံခံစားဖူးလျှင်၊ အများပြည်သူဆိုင်ရာ မူဝါဒများအား သင့်တော်သလို ပြင်ဆင်ချိန်ညှိနိုင်လျှင် မှန်ကန်သော မျှခြေကို ရှာတွေ့နိုင်ရန် ဧရာမအခွင့်အလမ်း ရှိကြောင်းလည်း ကာဆက်-ဇာမိုရာက ပြောကြားခဲ့သည်။
နောက်ထပ် စိုးရိမ်စရာတစ်ခုမှာ အစိုးရများက ၎င်းတို့၏မူဝါဒများအား မနိုင်နင်းရုံသာမက ပြည်သူများကလည်း ရောဂါကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေချိန်တွင် ထိုလွဲချော်မှုပုံစံများကို ထုံထိုင်းလာနိုင်ဖွယ်ရှိမှုဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ထိတ်လန့်နေသူများက ထိုလွဲချော်မှုကို သည်းခံပြီး ၎င်းတို့၏အခြေခံအခွင့်အရေးများအား ကျင့်သုံးရာတွင် ပို၍ဘောင်ကျဉ်းလာမှုကို ကျင့်သားရသွားကြောင်း ကာဆက်- ဇာမိုရာက ပြောကြားခဲ့သည်။















