လာမည့် နိုဝင်ဘာသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်အား အနိုင်ယူနိုင်ရန် ကြိုးပမ်းနေသော ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ဇွန် ၂၃ အွန်လိုင်းမဲဆွယ်ရန်ပုံငွေရှာဖွေမှုတွင် သမ္မတဟောင်း ဘာရက်အိုဘားမားက ကူညီပေးခဲ့ပြီး ဒေါ်လာ ၁၁ သန်း ရရှိခဲ့သည်။
သမ္မတသက်တမ်းနှစ်ကြိမ်ဆက် ထမ်းဆောင်ခဲ့ဖူးသည့် အိုဘားမားသည် ပရိသတ်အများအပြားအား ဆွဲဆောင်နိုင်ဆဲဖြစ်ပြီး ရန်ပုံငွေစုစုပေါင်း ဒေါ်လာ ၁၁ သန်းကျော် ရရှိစေခဲ့ရာ ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးမှုတစ်ခုလုံးတွင် အအောင်မြင်ဆုံး ရန်ပုံငွေရှာဖွေမှု ဖြစ်သည်ဟု ဘိုင်ဒင်၏ ပြန်ကြားရေးတာဝန် ခံ TJ Ducklo က တွစ်တာတွင် ပြောကြားခဲ့သည်။
ထိုရန်ပုံငွေများအနက် ဒေါ်လာ ၇.၆ သန်းခန့်သည် အောက်ခြေအလှူရှင် ၁၇၅၀၀၀ ထံမှဖြစ်ပြီး ၎င်းတို့သည် ထိုမဲဆွယ်မှုအား နေ့စဉ်ဆက်လက်အားဖြည့်နေကြကြောင်း Ducklo က ပြောကြားခဲ့သည်။
၎င်း၏ ဒုတိယသမ္မတဟောင်းအား ဒီမိုကရက်တစ်သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံကြောင်း ပြီးခဲ့သော ဧပြီလလယ်တွင် အတည်ပြုခဲ့ပြီးနောက်ပိုင်း အိုဘားမားက ဘိုင်ဒင်နှင့်အတူ မဲဆွယ်မှုတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ဘိုင်ဒင်က ကမ္ဘာ့ခေါင်းဆောင်များသည် ထရန့်ကို စိတ်ကုန်မှုမြင့်တက်လာနေပြီး ၎င်းတို့သည် အမေရိကန်၏ ဦးဆောင်မှုကို အလွန်အမင်းမျှော်လင့်နေကြကြောင်း ပြောကြားခဲ့သည်။ ကပ်ရောဂါဖြစ်ပွားလာသောကြောင့် ဘိုင်ဒင်သည် မတ်လလယ် နောက်ပိုင်းမဲဆွယ်မှုအတွက် လူထုစုဝေးမှုများကို ပြုလုပ်ခဲ့ခြင်းမရှိပေ။
၎င်းသည် ဒီလာဝဲလ်ရှိ ၎င်း၏နေအိမ်တွင် အများအားဖြင့်ရှိနေခဲ့ပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်ရန် သို့မဟုတ် ထိခိုက်ခံစားနေရသော အမေရိကန်သန်းပေါင်းများစွာ၏ စီးပွားရေးဆိုင်ရာ အခြေအနေတိုးတက်စေရန် လုံလောက်စွာ အားထုတ်ခဲ့ခြင်းမရှိသည့် ထရန့်အား တိုက်ခိုက်ရန် လူမှုမီဒီယာ၊ ရုပ်သံအင်တာဗျူးများ သို့မဟုတ် ကြော်ငြာများကို အသုံးပြုခဲ့သည်။
ယင်းအချိန်တွင် ထရန့်ကမူ ၎င်းအစိုးရ၏ လမ်းညွှန်ချက်များကို မလိုက်နာခဲ့ဘဲ ပြီးခဲ့သော သီတင်းပတ်ကုန်၌ အိုကလာဟိုးမားတွင် လူထုစုဝေးပွဲအပါအဝင် လူကိုယ်တိုင်တက်ရောက်သည့် မဲဆွယ်မှုအများအပြားကို ပြုလုပ်ခဲ့သည်။
ထရန့်သည် ဇွန် ၂၃ တွင်လည်း ဖီးနစ်မြို့တွင် မဲဆွယ်မှုပြုလုပ်ခဲ့ပြီး ထိုနှစ်နေရာစလုံးသည် ဗိုင်းရပ်စ်ကူးစက်သူသစ် မြင့်တက်လာမှုကို ကြုံတွေ့နေရသော်လည်း မဲဆွယ်စည်းရုံးမှုကို တက်ရောက်လာသူအများစုသည် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပေ။
ဘိုင်ဒင်၏ အွန်လိုင်းမဲဆွယ်မှုသည် အမေရိကန်၌ ပထမဆုံးလူမည်းသမ္မတအား လူထုနှစ်သက်မှု ခိုင်မာနေဆဲဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် မဲဆွယ်မှုများအား အဆက်မပြတ်ပြုလုပ်နေစဉ် အောက်ခြေလူတန်းစားများ၏ လှုပ်ရှားမှုစွမ်းအားကိုလည်း မီးမောင်းထိုးပြခဲ့ကြောင်း မဲဆွယ်လှုပ်ရှားမှု အဖွဲ့တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လူမျိုးရေးဆိုင်ရာ တရားမမျှတမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းတမ်းမှုတို့ကြောင့် တင်းမာမှု မြင့်တက်နေသည့်ကာလ၌ ကျယ်ပြန့်ပြီးစနစ်ကျသော အပြောင်းအလဲများ ပြုလုပ်ရန်အတွက် အိုဘာမားက အရေးတကြီးလှုံ့ဆော်ခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သော လမ်းပေါ်ထွက်ဆန္ဒပြမှုများအား နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲအတွက် အထောက်အကူအဖြစ် အသုံးချရန် အိုဘားမားက အွန်လိုင်းမဲဆွယ်မှုတွင် တက်ရောက်သူများကို တိုက်တွန်းခဲ့သည်။
လူမှုဝန်းကျင်တွင် တရားမမျှတမှုအား သိရှိမှုမြင့်မားလာခြင်းကို လက်တွေ့တွင် ဥပဒေဖော်ဆောင်ခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ယင်းသည် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။
ပြီးခဲ့သော မေတွင် ဘိုင်ဒင်နှင့် ဒီမိုက ရက်တစ်ပါတီသည် မဲဆွယ်ရန်ပုံငွေဒေါ်လာ ၈၁ သန်းနီးပါးအထိ ရရှိခဲ့ပြီး ထရန့်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုရရှိခဲ့သည်။ သို့သော် အလုံးစုံ မဲဆွယ်ရန်ပုံငွေရရှိမှုတွင်မူ ထရန့်ကသာ လွန်နေခဲ့သည်။















