ထိုင်းနိုင်ငံတွင် အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ်ကို အဆုံးသတ်စေခဲ့သည့် ၁၉၃၂ ခုနှစ် တော်လှန်ရေးဖြစ်ပွားခဲ့သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ အဖွဲ့များစွာမှ နိုင်ငံရေးသမားများက ဇွန် ၂၄ ရက်တွင် နိုင်ငံအတွင်းရှိနေရာအနှံ့၌ ငြိမ်းချမ်းစွာဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံသားများက စစ်တပ်လွှမ်းမိုးသော နိုင်ငံရေးစနစ်ကို ပွင့်ပွင့်လင်းလင်းပြောဆိုနေချိန်နှင့် ဒီမိုကရေစီစနစ် ထူထောင်ခဲ့သူများ၏ ရုပ်တုများ အများပြည်သူနေရာများမှ ပျောက်ကွယ်သွားချိန်တွင် ယင်းဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ပါတီဟု ခေါ်ဆိုသည့် အရပ်သားဗျူရိုဂရက်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ ပါဝင်သည့် အဖွဲ့က ဦးဆောင်ခဲ့သည့် ၁၉၃၂ ခုနှစ် တော်လှန်ရေးသည် ဒီမိုကရေစီလိုလားသည့် အဖွဲ့များအတွက် အထိမ်းအမှတ်နေ့တစ်နေ့အဖြစ် ပြီးခဲ့သည့်နှစ်များတွင် ထင်ရှားလာခဲ့သည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမတိုင်မီတွင် စစ်ဘက်ဆိုင်ရာအုပ် ချုပ်မှုအောက် ငါးနှစ်ကြာ ကျရောက်ခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းပရာယွတ်ချန်အိုချာ အနိုင်ရခဲ့သည့် ၂၀၁၉ ရွေး ကောက်ပွဲသည် မဲလိမ်လည်မှုရှိသည်ဟု အတိုက်အခံပါတီများက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲသည် ကြိုးကိုင်ခြယ်လှယ်မှုများ ရှိသည်ဆိုသော ပြောကြားချက်များကို ပရာယွတ်နှင့် ထိုင်းနိုင်ငံရှိ တရားရုံးများက ပယ်ချခဲ့သည်။
ဘန်ကောက်ရှိ ဒီမိုကရေစီမော်ကွန်းတိုင် Democracy Monument တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတစ်ခုတွင် တက်ကြွလှုပ်ရှားသူ ၄၀ နီးပါးခန့်က ဘုရင် Prajadhipok ၏ အုပ်ချုပ်မှုကို ဖြုတ်ချခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကဏ္ဍသစ်ဖွင့်ပေးခဲ့သည့် ပြည်သူ့ပါတီ ခေါင်းဆောင်များက ပြောကြားခဲ့သည့် မိန့်ခွန်းဗီဒီယိုကို ဧရာမပိတ်သားပြင်တွင် ပြသခဲ့သည်။
“လွန်ခဲ့တဲ့ ၈၈ နှစ် ဇွန် ၂၄ရက် အရုဏ် တက်ချိန်မှာ ပြည်သူ့ပါတီက အာဏာသိမ်းယူခဲ့ပြီး အုပ်ချုပ်မှုစနစ်ကို ဒီမိုကရေစီစနစ် ပြောင်းလဲခဲ့တယ်” ဟု ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူ အနွန်နမ်ပါက ပြောကြားခဲ့သည်။
ပါလီမန်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် နောက်ထပ်ဆန္ဒပြမှုတစ်ခုတွင် တက်ကြွလှုပ် ရှားသူများ၏ အခြားအဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အာဏာသိမ်းခေါင်းဆောင်များ ရေးဆွဲခဲ့သည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုမည်ဖြစ်သည်။
“စစ်တပ်က ရေးဆွဲခဲ့တဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခက်ခဲတဲ့ သဘောသဘာဝတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ရှုထောင့်ကို ထုတ်ဖော်ဖို့ တော်လှန်ရေးနှစ်ပတ်လည်နေ့ကို အသုံးပြုချင်တာပါ” ဟု ပြည်သူ့ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ လှုပ်ရှားမှုကော်မတီမှ Anusorn Unno က ပြောကြားခဲ့သည်။
ပြည်နယ် ၁၂ ခုထက် မနည်းတွင် ပြုလုပ်သည့် ဆန္ဒပြမှုများကို စောင့်ကြည့်နေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်ကာလအတွင်း ထိုင်းနိုင်ငံတွင် ကြီးမားသည့် လူထုစုဝေးမှုများကို တားမြစ်ပိတ်ပင်ထားသော်လည်း ဆန္ဒပြပွဲများကို အာဏာပိုင်များက မပိတ်ပင်ခဲ့ပေ။
ဇွန် ၂၃ ရက်တွင် မှတ်ချက်စကားပြောကြားခဲ့ရာတွင် ပရာယွတ်က ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး တိုက်ရိုက်မပြောခဲ့သော်လည်း ဘုရင်စနစ်ကို မချိုးဖောက်ရန်နှင့် ဥပဒေကို မချိုးဖောက်ရန် လူထုကို ပြောကြားခဲ့သည်။
စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးနေသည့် ထိုင်းနိုင်ငံတွင် ဘုရင်မဟာဝိဇယလောင်ကွန်းသည် အာဏာစွဲကိုင်ထားပြီး ၎င်းအား စော်ကားသူများသည် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်သည်။















