အမေရိကန်စစ်တပ်သည် အာရှ- ပစိဖိတ်ဒေသတွင် မကြုံစဖူးသော တပ်ဖွဲ့ဝင်အရေအတွက်ကို တပ်ဖြန့်ထားခြင်းကြောင့် တရုတ်ရေတပ်နှင့် မတော်တဆဖြစ်နိုင်မှုအန္တရာယ် မြင့်တက်လာနေကြောင်း တရုတ်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၂၃ တွင် ပြောကြားခဲ့သည်။
အမေရိကန်တွင် သမ္မတဒေါ်နယ်ထရန့်က ၂၀၁၇ ခုနှစ်၌ တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ တင်းမာမှု မြင့်တက်လာခဲ့ပြီး နှစ်နိုင်ငံစလုံးက ၎င်းတို့၏ သံတမန်ရေးနှင့် စစ်ရေးဆိုင်ရာအင်အားကို ပြသခဲ့ကြသည်။
တရုတ်နှင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများအကြား ပိုင်ဆိုင်မှုအငြင်းပွားနေကြသည့် တောင်တရုတ်ပင်လယ်တွင် အမေရိကန်က လွတ်လပ်စွာဖြတ်သန်းသွားလာသည့် မစ်ရှင်ကို ပုံမှန်လုပ်ဆောင်နေခြင်းကြောင့် ပေကျင်းကို ဒေါသထွက်စေခဲ့ပြီး တရုတ်ရေတပ်က အမေရိကန်သင်္ဘောများအား အမြဲလိုလို သတိပေးခဲ့ရသည်။
ပေကျင်းကလည်း ထိုပင်လယ်၏ အစိတ်အပိုင်းများတွင် ကျွန်းတုများ တည်ဆောက်ပြီး စစ်ဘက်အဆောက်အဦများ ထားရှိခဲ့ခြင်းကြောင့် အခြားနိုင်ငံများကို ဒေါသထွက်စေခဲ့သည်။
အာရှ- ပစိဖိတ်ဒေသတွင် အမေရိကန်၏ တပ်ဖြန့်မှုသည် မကြုံစဖူးအနေအထားဖြစ်ပြီး စစ်ရေးဆိုင်ရာဖြစ်ရပ်များ သို့မဟုတ် မတော်တဆပစ်ခတ်မှုဖြစ်ရပ်များ ဖြစ်လာနိုင်ခြေ မြင့်မားလာနေကြောင်း တရုတ်အစိုးရ၏ ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သော တောင်တရုတ်ပင်လယ်လေ့လာမှုဆိုင်ရာ အမျိုးသားအင်စတီကျူ့၏ ဥက္ကဋ္ဌဝူရှီကန်က ပြောကြားခဲ့သည်။
ပဋိပက္ခတစ်ခုသာ ရုတ်တရက်ဖြစ်ပေါ်ခဲ့ပါက နှစ်နိုင်ငံအကြား ဆက်ဆံရေးအပေါ် ဂယက်ရိုက်မှုသည် ကြီးမားဖွယ်ရှိကြောင်းဝူက ဒေသတွင်း၌ အမေရိကန်စစ်တပ်တည်ရှိမှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်က တပ်ဖွဲ့ဝင် ၃၇၅၀၀၀ နှင့် ၎င်းတို့စစ်သင်္ဘောများ၏ ရာခိုင်နှုန်း ၆၀ ကို တပ်ဖြန့်ထားကြောင်း၊ အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်းကိုလည်း ထိုဒေသသို့ စေလွှတ်ထားကြောင်း ထိုအင်စတီကျူ့က ပြုစုခဲ့သော ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၏ သမ္မတသက်တမ်း ရှစ်နှစ်အတွင်း အမေရိကန်ရေတပ်သည် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို လေးကြိမ်သာ ပြုလုပ်ခဲ့စဉ် ထရန့်လက်ထက်တွင်မူ ယခုအချိန်ထိ ၂၂ ကြိမ်ရှိခဲ့ကြောင်း ဝူက ပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်စစ်တပ်တို့သည် မဟာဗျူဟာကျသော နားလည်မှုလွဲမှားခြင်းနှင့် အတွက်အချက်မှားယွင်းခြင်းတို့မှ ကြိုတင်ကာကွယ်နိုင်ရန် ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံ ကာကွယ်ရေးဌာနများအကြား ထူထောင်ခဲ့သော အရေးပေါ်ဖုန်းလိုင်းကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းများ ထူထောင်သင့်ကြောင်း ထိုအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
ထိပ်တန်းအဆင့် စစ်ဘက်တာဝန်ရှိသူများအကြား ဆွေးနွေးပွဲများအား ပြန်လည်စတင်သင့်ပြီး တိုက်ရိုက်ဖုန်းလိုင်းတစ်ခု ထားရှိသင့်ကြောင်း၊ ရေတပ်ပူးတွဲသွားလာမှုများ ပြုလုပ်သင့်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
ထို့ပြင် တရုတ်က အမေရိကန်အား အလားအလာရှိသော ပြိုင်ဘက်အဖြစ် မသတ်မှတ်ခဲ့ဘဲ အနာဂတ်တွင် အမေရိကန်နှင့် စစ်ပွဲသစ် သို့မဟုတ် အယူဝါဒရေးရာအားပြိုင် မှုသစ်ကိုလည်း မမျှော်လင့်ထားကြောင်းလည်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆိုးရွားလာမှုက အန္တရာယ်ကြီးမားသောဖြစ်ရပ်၊ ပဋိပက္ခ သို့မဟုတ် ဘေးကျပ်နံကျပ်ကာလကို ဖြစ်နိုင်ခြေ အလွန်အမင်းမြင့်တက်စေဖွယ်ရှိကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
နန်ကျင်းတက္ကသိုလ်၏ အပြည်ပြည် ဆိုင်ရာလေ့လာမှုဆိုင်ရာ အင်စတီကျူ့၏ တက္ကသိုလ်မဟာဌာနမှူးနှင့် အစိုးရအကြံပေး တစ်ဦးဖြစ်သူ ကျူ့ဖန်းကလည်း ဆက်သွယ်ရေးလိုင်းများသည် ကောက်ချက်ချမှုလွဲမှားခြင်းကို ကြိုတင်ကာကွယ်ရန် အရေးပါကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံစစ်သားများအကြား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ကမ္ဘာ့အကြီးဆုံးနိုင်ငံစုံ ရေတပ်စစ်ရေး လေ့ကျင့်မှုဖြစ်သော RIMPAC တွင် ပါဝင်ရန် တရုတ်ကို အမေရိကန်က ဖိတ်ခေါ်သင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။















