ရုရှားတွင် လာမည့်နှစ်မှစပြီး ဝင်ငွေမြင့်မားသူများကို အခွန်တိုးကောက်မည်ဟု သမ္မတပူတင် ပြောကြား

ရုရှားတွင် လာမည့်နှစ်မှစပြီး ဝင်ငွေမြင့်မားသူများကို အခွန်တိုးကောက်မည်ဟု သမ္မတပူတင် ပြောကြား
ဇွန် ၂၂ က မော်စကိုအပြင်ဘက်ရှိ စစ်ဘက်ဥယျာဉ်သို့ သွားရောက်ခဲ့သော သမ္မတပူတင်
ဇွန် ၂၂ က မော်စကိုအပြင်ဘက်ရှိ စစ်ဘက်ဥယျာဉ်သို့ သွားရောက်ခဲ့သော သမ္မတပူတင်
Published 24 June 2020
Ref: AFP

ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်ခဲ့မှုများကို ကိုင်တွယ်ဖြေရှင်းရန်  သမ္မတဗလာဒီမာပူတင်က စီမံချက်များချမှတ်ခဲ့ပြီးနောက် ရုရှားတွင် လာမည့်နှစ်မှစပြီး ဝင်ငွေမြင့်မားသူများအား အခွန်တိုးမြှင့် ကောက်မည်ဟု  ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ ပူတင်က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်နှင့် ဗိုင်းရပ်စ်နှင့်ဆက်စပ်သည့် စီးပွားရေးကန့်သတ်ချက်များကြောင့် ကြီးမားသည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။

၎င်းအား သမ္မတသက်တမ်းနှစ်ကြိမ် ထပ်မံထမ်းဆောင်ခွင့်ပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုအတွက် ဆန္ဒခံယူပွဲမတိုင်မီတစ်ပတ်အလိုတွင် သမ္မတပူတင်က ကပ်ရောဂါ၏အန္တရာယ်အရှိဆုံး အဆင့်ကို ကျော်လွှားနိုင်မှုအတွက် ရုရှားနိုင်ငံသားများကို ချီးကျူးခဲ့သည်။

“နောက်ဆုံးမှာ  ကပ်ရောဂါအပြီးသတ်ဖို့ ကျွန်တော်တို့ အစွမ်းကုန်လုပ်ဆောင်ခဲ့ပေမယ့် ဗိုင်းရပ်စ်က အန္တရာယ်ရှိနေတုန်းပဲ။ ကပ်ရောဂါတိုက်ဖျက်မှုကို ဆက်လက်လုပ်ဆောင်နေဆဲပါပဲ” ဟု ပူတင်က ပြောကြားခဲ့သည်။ 

ရုရှားသည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး လူ ၆၀၀၀၀၀ ခန့်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဗိုင်းရပ်စ်နှင့်ဆက်စပ်ပြီး သေဆုံးသူ အရေအတွက်သည် ကူးစက်မှု ပြင်းပြင်းထန်ထန် ကြုံတွေ့ရသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးပြီး စုစုပေါင်း သေဆုံးသူ ၈၃၅၉ ဦး ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

မိသားစုဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အစိုးရ၏ ငွေကြေးဆိုင်ရာကူ ညီထောက်ပံ့ပေးမှုကို သက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာခဲ့မှုတွင် ပူတင်က မကြုံစဖူး ရောဂါများဖြစ်ပွားသည့် ကလေးများကို ကုသမှုအတွက် ငွေကြေးထောက်ပံ့ရန်အတွက် နိုင်ငံ၏ ဝင်ငွေအခွန်မူဝါဒကို ပြောင်းလဲရမည်ဟု ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး  ဒေါ်လာ ၇၃၀၀၀ ကျော် ဝင်ငွေရှိသူများအတွက် အခွန်နှုန်းကို ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းသည် ၂၀၀၁ ခုနှစ် တွင် စတင်မိတ်ဆက်ခဲ့သည့် တူညီသော အခွန်နှုန်းထားနှင့် ကွဲပြားသည့် ပထမဆုံး ဆောင်ရွက်မှုဖြစ်သည်။

အပိုဆောင်းအခွန်ကို မကြုံစဖူးရောဂါများဖြစ်ပွားသည့် ကလေးများကို ဆေးကုသပေးရန်၊ တန်ဖိုးကြီးသော ဆေးဝါးများဝယ်ယူရန်နှင့် ခက်ခဲရှုပ်ထွေးသော ခွဲစိတ်ကုသမှုများအတွက် ငွေကြေးထောက်ပံ့ပေးရန် အသုံးပြုမည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။

အခွန် ၁၅ ရာခိုင်နှုန်းကို ဝင်ငွေ ဒေါ်လာ ၇၃၀၀၀ ကျော် ဝင်ငွေရှိသူများသာ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသည် ၎င်းတို့၏ ဝင်ငွေအလုံးစုံဖြစ်မည်မဟုတ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယင်းသို့ အခွန်တိုးကောက်ခံခြင်းဖြင့် ဘတ်ဂျက်အတွက် ဒေါ်လာ ၈၇၂ သန်း ဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း  ၎င်းက ဆိုသည်။

ရုရှား၏ စီးပွားရေးထုတ်လုပ်မှုပမာဏသည် ဧပြီတွင် ၁၂ ရာခိုင်နှုန်းနှင့် မေတွင် ၁၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။ ရုရှားသည် ၂၀၂၂ ခုနှစ်မတိုင်မီ စီးပွားရေးတိုးတက်မှု ပမာဏသည် ကပ်ရောဂါအကျပ်အတည်းမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်မဟုတ်ဟု ဗဟိုဘဏ်က ခန့်မှန်းခဲ့သည်။

“ပြီးခဲ့တဲ့လတွေမှာ  ဧရာမစိန်ခေါ်မှုတွေနဲ့ ခက်ခဲတဲ့စမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ရုရှားရဲ့ စီးပွားရေး ပြန်လည်နာလန်ထူအောင်လုပ်ဆောင်နိုင်ဖို့ အချို့လုပ်ငန်းတွေအတွက် အခွန်လျှော့ပေးတာတွေလိုမျိုး အပါအဝင် စီးပွားရေးစီမံချက်တွေ  ရေးဆွဲခဲ့တယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုက စတင်နေပြီ။ အကျပ်အတည်းရဲ့နက်နဲမှုကို အခုထိ မတွက်ချက်နိုင်သေးဘူး။ ရုရှားအတွက် ဒါဟာ စိုးရိမ်ရတဲ့ စိန်ခေါ်မှုတစ်ခုပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

 

Most Read

Most Recent