မြေသိမ်းခြင်း

မြေသိမ်းခြင်း
Published 22 June 2020

လူသားအားလုံးသည် မြေပေါ်၌ အမှီပြုကာ နေထိုင်ရခြင်းဖြစ်သည်။ မြေသည် လူသားအားလုံးအတွက် တူညီသည့် ဘုံလိုအပ်ချက်လည်း ဖြစ်သည်။ စားပွဲပေါ်သို့ ရောက်ရှိလာသည့် စားစရာများသည်ပင်လျှင် အဆိုပါ မြေမှလာခြင်းဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင်  စိုက်ပျိုးမွေးမြူစရာနှင့် နေထိုင်စရာမြေသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာပေါ်တွင် မိနစ်တိုင်း၌ လယ်ယာမြေဧကနှင့်ချီလျက် ဆုံးရှုံးနေရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လယ်ယာမြေများ ဆုံးရှုံးမှုသည် ပို၍ပင် မြန်ဆန်နေသည်။ တောင်သူဦးကြီးများနှင့် နေထိုင်စရာ ရှားပါးသော ဆင်းရဲသားပြည်သူများအား ခြိမ်းခြောက်နေသည့် စကားလုံးမှာ Land Grab ဟုခေါ်သော မြေယာများကို သိမ်းယူမှုများ ဖြစ်သည်။ လူတစ်ဦးသည် တစ်နေ့တွင် အိပ်ရာမှ နိုးလာချိန်၌ မိမိ၏နေအိမ်မှ ဖယ်ရှားခံရတော့မည့်အဖြစ်၊ နှစ်ပေါင်းများစွာ နေထိုင်လာသည့်မြေပေါ်၌ ဆက်လက်နေထိုင်ခွင့် မရှိတော့ကြောင်း ပြောကြားခံလိုက်ရသည့် အဖြစ်မျိုးကို တွေးကြည့်နိုင်သည်။ ထွက်ခွာရန် ငြင်းဆန်ပါကလည်း အတင်းအကျပ် ဖယ်ရှားခံရမည့် အဖြစ်မျိုးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူ့အသိုက်အဝန်းများစွာ၌ ယင်းသည် ကြေကွဲဖွယ်မိသားစု ပုံပြင်တစ်ပုဒ်ပင် ဖြစ်သည်။

၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ‘မြေသိမ်းခြင်း’ (Land Grabbing) ဟူသည့်စကားလုံးသည် ကမ္ဘာတစ်လွှား၌ နာမည်ဆိုးဖြင့် ကျော်ကြား၍လာသည်။ ယင်းစကားလုံးမှာ ပမာဏ ကျယ်ပြောသော မြေယာများကို အဓိကအားဖြင့် အစိုးရရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများက အပိုင်စီးခြင်းဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်ရန်အတွက် ရေရှည်ကာလအတွက် ငှားယူခြင်း သို့မဟုတ် ဝယ်ယူခြင်းမျိုးလည်း ဖြစ်နိုင်သည်။ အစိုးရ သို့မဟုတ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၊ အစိုးရတစ်စိတ်တစ်ပိုင်း ပါဝင်သည့် ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဒေသများနှင့် အစဉ်အလာမြေယာပိုင်ဆိုင်ခွင့်နှင့် ခေတ်သစ်မြေယာ ပိုင်ဆိုင်မှုပုံစံများအကြား လူနေထိုင်ခြင်း မရှိသောနေရာများ၌လည်း မြေယာများ အပိုင်စီးမှုကို ပြုလုပ်တတ်သည်။

ရာစုနှစ်များချီလျက် ရှိနေခဲ့သည့် တရားမျှတမှုမရှိသော မြေယာခွဲဝေမှုပြဿနာကို လေ့လာသုံးသပ်ကြည့်ခဲ့ရာတွင် အဓိကအချက်မှာ ရိုးရှင်းကြောင်း တွေ့ရသည်။ ယင်း၌ မြေယာလုပ်ပိုင်ခွင့်၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေးနှင့် ရေရယူသုံးစွဲမှုအပါအဝင် အခြားပိုင်ဆိုင်မှုပုံစံများကို လုံခြုံအောင်ပြုလုပ်ရန် မရှိမဖြစ်အရေးကြီးသော လိုအပ်ချက်မှာ မိသားစုလယ်မြေများအား မိမိတို့ကိုယ်တိုင်၏ အနာဂတ်၌ ရင်းနှီးမြှုပ်နှံရန်ဖြစ်သည်။ မြေယာပိုင်ဆိုင်မှုကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍများထက် ပွင့်လင်းမြင်သာမှု လွန်စွာနည်းပါးလှသည်။ Google Maps အသုံးပြုနိုင်သော ခေတ်၌ပင် ကမ္ဘာ့မြေယာ မှတ်ပုံတင်မှုသည် များစွာလိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။ ယင်း၌ သမိုင်းသည် အဓိကကဏ္ဍတွင် ပါဝင်နေသည်။ လူမှုရေးစနစ်တစ်ရပ် သို့မဟုတ် စီးပွားရေးစနစ်တစ်ရပ်အလွန်ကာလ၊ အိုင်ဒီယိုလိုဂျီများ၊ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ အထူးအခွင့်အရေးတို့အပြင် စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များနှင့် ပြောင်းရွှေ့နေရာချထားခံရမှုများတို့သည် မြင်သာထင်သာရှိနေဆဲ ဖြစ်သည်။ ယနေ့အချိန်အထိပင် မြေယာမှတ်ပုံတင်ထားသူများနှင့် ပတ်သက်သော ပါ၀ါကို ကမ္ဘာ့နေရာအားလုံးရှိ တရားရုံးများက အာမ,မခံနိုင် သေးပေ။ ထို့ကြောင့် ပုဂ္ဂလိကနှင့် အစိုးရနှစ်ရပ်စလုံးက မြေယာများကို အကြမ်းဖက်သိမ်းယူမှုများ  ပြုလုပ်ကြသည်။

မြေယာများအား အငမ်းမရ သိမ်းယူမှုများသည် လူများအား စားနပ်ရိက္ခာငတ်မွတ်မှုကို ဖြစ်စေသည်။ မြေယာသိမ်းယူမှုများ တစ်ဟုန်ထိုး များပြားလာသောကြောင့် ၂၀၀၈ ခုနှစ်တွင် အစားအစာ စျေးနှုန်းများလည်း ထောင်တက်သွားခဲ့သည်။ အဆောက်အအုံများ ဆောက်လုပ်ရန် မဟုတ်ဘဲ မြေယာများကို စိုက်ပျိုးမွေးမြူရေးလုပ်ရန် အကြီးအကျယ် သိမ်းယူခြင်းဖြစ်ခဲ့လျှင်ပင် ယင်းမြေပေါ်မှ ထွက်ရှိသည့် စားနပ်ရိက္ခာများသည် ဒေသခံလူထုအတွက် မဟုတ်သည်က ပို၍များသည်။ အကြီးအကျယ် သိမ်းယူလိုက်သော မြေယာများပေါ်တွင် နိုင်ငံခြားသို့ တင်ပို့ရန်အတွက် အကျိုးအမြတ်ရှိသော အပင်များကိုသာ စိုက်ပျိုးပေလိမ့်မည်။ အမှန်တကယ်၌လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ဝယ်ယူငှားရမ်းလိုက်သော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြေယာများပေါ်မှ ထွက်ရှိသည့် ထွက်ကုန်များ၏ ရာခိုင်နှုန်း ၆၀ ကျော်သည် ပြည်တွင်းအတွက်မဟုတ်ဘဲ ပြည်ပသို့ တင်ပို့ရန် အတွက်သာဖြစ်ကြောင်း တွေ့ရှိရသည်။ ပို၍ဆိုးရွားသည်မှာ မြေယာသိမ်းယူမှုများ အကြီးအကျယ်ဖြစ်ပွားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သုံးပုံနှစ်ပုံ၌ ပြင်းထန်သော စားနပ်ရိက္ခာ ငတ်မွတ်မှုပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် မြေယာများကို သိမ်းယူခြင်းသည် အမှန်တကယ်၌ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်းကောင်း ကြီးမားသော ဆိုးကျိုးများကိုသာ ဖြစ်စေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 (ဇွန် ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent