အိန္ဒိယနေ့စဉ်သတင်းစာများ၏ ရှေ့ရေး

အိန္ဒိယနေ့စဉ်သတင်းစာများ၏ ရှေ့ရေး
Published 21 June 2020
မြတ်သစ်

လူဦးရေ ၁ ဒသမ ၃ ဘီလျံရှိသော အိန္ဒိယနိုင်ငံတွင် နေ့စဉ်သတင်းစာများသည် စာဖတ်ပရိသတ်များ၏ အားပေးမှုကို ရရှိနေ ဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဒစ်ဂျစ်တယ် သတင်းများတွင်ကျယ်လာခြင်းကြောင့် ပုံနှိပ်မီဒီယာဟု ဆိုရမည့် သတင်းစာများ သည် စာဖတ်ပရိသတ်များ ရှိနေဆဲဖြစ်သလို စောင်ရေများလည်း ကောင်းနေဆဲဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရင်ဆိုင် နေချိန်တွင် ပုံနှိပ်မီဒီယာများ၏ အနေအ ထား သိသိသာသာ ဆိုးရွားလာခဲ့သည်။

မတ် ၂၅ ရက်တွင် နိုင်ငံတစ်ဝန်း Lockdown ချလိုက်သဖြင့် နေ့စဉ်သတင်းစာများ ပုံနှိပ်နိုင်ခြင်း မရှိတော့ပေ။ သတင်းစာ ပို့နေသော လူငယ်များအနေဖြင့်လည်း သတင်းစာပို့ခြင်းကို မပြုလုပ်နိုင်တော့ပေ။ သူတို့အနေဖြင့် နေအိမ်များသို့ သတင်းစာ သွားရောက် ပို့မည်ဆိုပါက အိမ်ရှင်များက သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ဖြန့်ဖြူးနေသူများဟု ဆိုကာ နှင်ထုတ်ကြမည်သာ ဖြစ်သည်။ ပိုဆိုး သည်က သတင်းစာတွင် ကြော်ငြာထည့်မည့် သူများ မရှိကြတော့ခြင်းပင်။

အိန္ဒိယနိုင်ငံတွင် ပုံမှန်အားဖြင့်ဆိုလျှင်  သတင်းစာများ၏ စောင်ရေအားလုံး စုစုပေါင်းမှာ သန်းငါးဆယ်ခန့်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သတင်းစာစောင်ရေသည် သုံးပုံနှစ်ပုံခန့် ကျဆင်းသွားသည်။ မွမ်ဘိုင်း မြို့ရှိ သတင်းစာအတော်များများ ရပ်ဆိုင်းခဲ့ရသဖြင့် သတင်းထောက်များ၊ ဂျာနယ်လစ် များ အလုပ်လက်မဲ့ဘဝရောက်သူ ရောက်သွားကြသည်။ အချို့မှာ လစာငွေများ  ဖြတ်တောက်ခံကြရသည်။ လူမှုရေးအဖွဲ့အစည်း တစ်ခုက အလုပ်လက်မဲ့ဘဝ ရောက်သွားကြသော သတင်းထောက်များအတွက် စား သောက်စရာများကို လှူဒါန်းခဲ့ကြသည်။

“အိန္ဒိယနိုင်ငံဟာ ဒစ်ဂျစ်တယ်နည်း ပညာရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။  ဒါပေမဲ့ အခုအချိန်မှာတော့ မြို့တော်တွေမှာ ထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာတချို့ဟာ ပျောက်ကွယ်ကုန်ကြပါပြီ။ တချို့သတင်းစာ တွေကတော့ စာဖတ်ပရိသတ်ကို ဘယ်လို ပြန်ပြီး ဆွဲဆောင်ရမယ်ဆိုတာကို ပူပင်သော ကရောက်နေကြပါတယ်”ဟု နေ့စဉ်သတင်းစာကြီးတစ်စောင်မှ အယ်ဒီတာတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပူနေမြို့နှင့် ဂိုအာမြို့တွင် အင်္ဂလိပ်ဘာ သာဖြင့် ထုတ်ဝေလျက်ရှိသော နေ့စဉ်သတင်းစာများသည် ယခုလတွင် ထုတ်ဝေမှုများ ရပ် ဆိုင်းပစ်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော Hindustan Times နှင့် Times of India တို့ဆိုလျှင် ကို ရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားချိန်က စောင်ရေ နှစ်သန်းကျော်ရှိသည်။ Hindustan Times ဆိုလျှင် ၁၉၂၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ခြင်းကြောင့် သက်တမ်း ၉၆ နှစ် ကြာမြင့် ခဲ့ပြီဖြစ်သည်။ Times of India နေ့စဉ် သတင်းစာကြီးဆိုလျှင် ၁၈၃၈ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် သက်တမ်း တစ်ရာ့ ရှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ။ သက်တမ်းရှည် သတင်းစာကြီးနှစ်စောင်စလုံး သည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဝန်ထမ်းအင်အား လျှော့ချသည်။ ကျန်ရှိနေသော ဝန်ထမ်းများ၏ လစာငွေများကို ဖြတ်တောက်ခဲ့သည်။  ရုံးခန်းအချို့ကို ပိတ်ပစ်ခဲ့သည်။ Hindustan Times သတင်းစာကြီးက ဝန်ထမ်းများထံသို့ သတင်းစာတိုက်အနေဖြင့် တစ်နေ့ ဒေါ်လာ ငါးသိန်း အရှုံးပေါ်နေကြောင်း Email မှ တစ်ဆင့် အသိပေးခဲ့သည်။

Mathrubhumi နေ့စဉ် သတင်းစာက ကေရာလာပြည်နယ်တွင် ထုတ်ဝေနေသော သတင်းစာကြီးဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် စတင်ထုတ်ခဲ့သည်။ ကေရာလာပြည်နယ် တွင် အလွန်ထင်ရှားသော သတင်းစာဖြစ် သည်။ သတင်းစာ စတင်တည်ထောင်သူ ကေပီကီဆာဗာမီနွန်သည် ဗြိတိသျှဆန့်ကျင် ရေး၊ အိန္ဒိယလွတ်လပ်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ကေရာလာပြည် နယ်တွင် စောင်ရေ ဒုတိယအများဆုံးနေရာ ရပ်တည်နေသော Mathrubhumi သတင်းစာသည် တစ်လလျှင် ကြော်ငြာဝင်ငွေ ဒေါ်လာငါးသိန်း ကျဆင်းနေသဖြင့် သတင်းစာ ကြောငြာခ ဆုံးရှုံးမှုမှာ ဒေါ်လာ ခြောက်သန်း ရှိနေကြောင်း မန်နေဂျင်းဒါရိုက်တာတစ်ဦး ဖြစ်သူ ရှရီယမ်ကူးမားက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု မရှိ ချိန်ကတည်းက အိန္ဒိယနိုင်ငံမှ နေ့စဉ်သတင်း စာများ၏ အခြေအနေက ယိုင်နဲ့လာသည်။ ဤသို့ ဖြစ်ရသည်က အိန္ဒိယနိုင်ငံ၏ စီးပွားရေး ကျဆင်းနေမှုကြောင့် ဖြစ်သည်။ စီးပွားရေး ကျဆင်းလာမှုကြောင့် ကြော်ငြာဝင်ငွေ များလည်း ကျဆင်းလာကြောင်း သတင်းစာ ထုတ်ဝေသူများက ပြောကြားခဲ့သည်။ ယခု အတိုင်းဆိုလျှင် ကြော်ငြာဝင်ငွေ ဆုံးရှုံးမှုမှာ ဒေါ်လာသန်းချီပြီး ဆုံးရှုံးနိုင်ကြောင်း The Hindu Daily နေ့စဉ်သတင်းစာ၏ ဒါရိုက် တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ အင်ကူးမားက ပြောကြားခဲ့သည်။ The Hindu နေ့စဉ် သတင်းစာသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော နေ့စဉ်သတင်းစာဖြစ်သည်။ သတင်းစာကို ၁၈၇၈ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး မူလက အပတ်စဉ်ထုတ်ဖြစ်ပြီး ၁၈၈၉ ခုနှစ်တွင် နေ့စဉ် သတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေခဲ့သည်။

“ကြော်ငြာစျေးကွက် ဘယ်အချိန်ပြန် ကောင်းလာမလဲဆိုတာ ဘယ်သူမှ မပြော

နိုင်ဘူး”ဟု အဖွဲ့ဝင်ဒါရိုက်တာ အင်ကူးမားက ပြောကြားလိုက်သည်။

World Assocaition of Newspaper and News Publishers (WAN-IFRA) က အိန္ဒိယသတင်းစာများနှင့် မဂ္ဂဇင်းများ အနေဖြင့် တစ်နှစ်လျှင် ကြော်ငြာမှ ဝင်ငွေ ဒေါ်လာသုံးဘီလံရရှိစေရန် ကြိုးပမ်းလုပ် ဆောင်နေရကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယအခြေစိုက် WAN-IFRA မှ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မန်နေဂျာ မက်ဒွန်းမိုဟာမက်က အိန္ဒိယနိုင်ငံတွင်းရှိ နေ့စဉ် သတင်းစာများသည် ပြီးခဲ့သော မတ်လ နှင့် ဧပြီလတွင် ကြော်ငြာဝင်ငွေများ ၇၅ ရာ ခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ နာမည်ကြီး မီဒီယာအုပ်စုများသည် အွန်လိုင်းသတင်းများကို ငွေကြေးအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသော်လည်း အွန်လိုင်းမှနေ၍ ရသော ကြော်ငြာဝင်ငွေများသည်  ပုံနှိပ်မီဒီ ယာ နေ့စဉ်သတင်းစာမှ အရှုံးများကို မကာ မိကြပေ။

မေ ၁၄ ရက်က နယူးဒေလီမြို့ရှိ ပိတ်ထားသည့် ဆိုင်တစ်ဆိုင်ရှေ့တွင် သတင်းစာ ဖတ်နေသူတစ်ဦးကို တွေ့ရစဉ်

ဂျာနယ်လစ်များကတော့ ကိုရိုနာဗိုင်းရပ်စ်သည်လည်းကောင်း၊ ရောဂါကူးစက်မှု မရှိရအောင် ကန့်သတ်ချုပ်ချယ်မှုများသည်  လည်းကောင်း မိမိတို့အတွက် ကြီးမားသော အခက်အခဲများ ရင်ဆိုင်စေခဲ့သည်ဟု ယူဆ ထားကြသည်။ မိမိတို့ လစာငွေများ ဖြတ် တောက်ခံရသည်။ လစာငွေ နောက်ကျမှ ရ သည်။ ဤအဖြစ်များသည် ကမ္ဘာ့ကပ်ရောဂါ ကြောင့် ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲ ရ လဒ်များ ဖြစ်သည်။ သတင်းထောက်များ၊ ဂျာနယ်လစ်များသည် ကိုရိုနာဗိုင်းရပ်စ် ရော ဂါဖြစ်ပွားသည့် နေရာများသို့ သွားရောက် ပြီး သတင်းရယူကြသည်။ ဇာတ်လမ်းများကို ရေးသားကြသည်။ သူတို့အနေဖြင့် သတင်း သွားယူသည့်အခါတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းများ မပါဘဲ သွားကြရ သည်များလည်း ရှိသည်။

“မီဒီယာကြီးတွေအနေနဲ့ စီးပွားရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ ဒီတော့ သူတို့အနေနဲ့ လုပ်ခလစာငွေတွေ ဖြတ်တောက်တာတွေ လုပ်နေကြပါတယ်။ ဒီလို ပြုလုပ်တဲ့အတွက် တချို့ဂျာနယ်လစ် တွေအတွက် အခက်အခဲတွေ ကြုံတွေ့နေရ ပါတယ်” ဟု ဂီကာရှီရှုက ပြောကြားသည်။ သူက Free Speech Collective အဖွဲ့အ စည်း ပူးတွဲတည်ထောင်သူဖြစ်ပြီး ပိုင်ရှင်များ အနေဖြင့် ဂျာနယ်လစ်များအတွက် စောင့် ရှောက်မှုများ ပြုပေးဖို့ လိုကြောင်း ပြောကြား ခဲ့သည်။

မီဒီယာပိုင်ရှင်များအနေဖြင့် သတင်းစာလုပ်ငန်း၏ အနာဂတ်နှင့်ပတ်သက်၍ အလေးအနက် စဉ်းစားဖို့ လိုအပ်နေပြီဖြစ် ကြောင်း သတင်းစာများနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူများက ပြောကြားလိုက် သည်။

“ခုတော့ အားလုံးပြောင်းလဲခဲ့ပါပြီ” ဟု အမည်မဖော်လိုသော အယ်ဒီတာတစ်ဦးက ပြောကြားလိုက်သည်။ သူ့အနေဖြင့် ကုမ္ပဏီ ၏ စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဆွေး နွေးလိုခြင်းမရှိကြောင်း ပြောကြားလိုက် သည်။

“ကျွန်တော် သိသလောက် ပြောရရင် သတင်းစာဖတ်တဲ့ လူတွေက အသက် ၃၅ နှစ်အထက် လူတွေဖြစ်ကြပါတယ်။ သူတို့ အနေနဲ့ သတင်းအချက်အလက်တွေကို ဒစ် ဂျစ်တယ်သတင်းရင်းမြစ်တွေကနေ ဒါမှ မဟုတ် ရုပ်သံကနေ ယူနေတာ နှစ်လလောက် ရှိနေပါပြီ” ဟု အမည်မဖော်လိုသည့်  အယ်ဒီတာက ဆက်လက်ပြောကြားခဲ့သည်။

The Brand Trust(TRA)  ၏ အုပ်ချုပ်မှုအရာရှိ အင်ချန်ဒရာမူလီက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစဉ်ကတည်းက နေ့စဉ်သတင်းစာများနှင့် ရုပ်သံလိုင်းများသည် ဝန်ထမ်းထောင်ပေါင်းများစွာကို အလုပ် မှ ထုတ်ပယ်ခဲ့ကြောင်း၊ အဓိကအကြောင်းမှာ စီးပွားရေးများ ကျဆင်းနေခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘မီဒီယာလောကအတွက် အလားအလာ မှေးမှိန်နေပါတယ်။ လုပ်ငန်းရှင်တွေကလည်း ကြော်ငြာဖို့ ငွေကြေး မသုံးစွဲချင်ကြ တော့ဘူး။ ဒီအခါမှာ မီဒီယာတွေ ရပ်တည် ဖို့  ခက်ခဲလာပါတယ်” ဟု အင်ချန်ဒရာမူလီက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယသတင်း စာလုပ်ငန်းအနေဖြင့် ဒေါ်လာ ၀.၆ ဘီလျံခန့် ဆုံးရှုံးနိုင်ကြောင်း အိန္ဒိယနေ့စဉ် သတင်းစာ အဖွဲ့အစည်း (INS) က သုံးသပ်ထားသည်။ လာမည့် ခြောက်လ ခုနှစ်လအတွင်း ဆုံးရှုံးမှု ပေါင်းသည် ဒေါ်လာ ၂.၂၅ ဘီလျံ ခန့် ရှိလာ နိုင်ကြောင်း ခန့်မှန်းထားသည်။ သို့ဖြစ်၍ အိန္ဒိ ယ အစိုးရအနေဖြင့် သတင်းစာသုံးစက္ကူ မှာ ယူတင်သွင်းနေမှုအပေါ် အစိုးရအနေဖြင့် အကောက်ခွန် ငါးရာခိုင်နှုန်း လျှော့ချရန် တောင်းဆိုထားသည်။ စီးပွားရေးကျဆင်းနေ မှုကြောင့် သတင်းစာ ထုတ်ဝေဖြန့်ချိမှုနှင့် ဆက်စပ်ပတ်သက်နေသည့် လူပေါင်း သိန်း ချီပြီး အခက်အခဲ ရင်ဆိုင်နေရကြောင်း ပြော ကြားခဲ့သည်။ INS ၌ ပါဝင်နေသည့် သတင်းစာအရေအတွက်မှာ ၈၀၀ ခန့်ရှိသည်။

 

Most Read

Most Recent