အရှေ့တောင်အာရှ၏ COVID-19 အပေါ် တုံ့ပြန်မှုနှင့် မြန်မာနိုင်ငံ၏အနေအထား

အရှေ့တောင်အာရှ၏ COVID-19 အပေါ် တုံ့ပြန်မှုနှင့် မြန်မာနိုင်ငံ၏အနေအထား
တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်ထောင်မှ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၁၀၅ ဦးအား မြန်မာနိုင်ငံသို့ ဇွန် ၁၉ ရက်တွင် ပြန်လည်လွှဲပြောင်းစဉ် (ဓာတ်ပုံ- ပြည့်စုံ)
တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်ထောင်မှ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၁၀၅ ဦးအား မြန်မာနိုင်ငံသို့ ဇွန် ၁၉ ရက်တွင် ပြန်လည်လွှဲပြောင်းစဉ် (ဓာတ်ပုံ- ပြည့်စုံ)
Published 21 June 2020
သတင်းအယ်ဒီတာအဖွဲ့

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ မည်သည့်နိုင်ငံ၏ အစိုးရအဖွဲ့ကိုမျှ အပြစ်မတင်နိုင်ပါ။ သို့သော် ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် တုံ့ပြန်မှုများကို ကား စိစစ်ကြည့်ရမည်သာ ဖြစ်သည်။ COVID-19 ကာကွယ်ဆေး ဖွံ့ဖြိုးလာပြီး ကျယ်ပြန့်စွာ မထုတ်လုပ်နိုင်မချင်း ပျက်စီးသွားသော စီးပွားရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုတို့အပေါ် တုံ့ပြန်မှုများကို စောင့်ကြည့်ရမည်ဖြစ်သည်။ ဦးစွာ အစိုးရအဖွဲ့များကို စိစစ်ကြည့်ရန် အချက်သုံးချက်ရှိသည်။ ယင်းတို့မှာ (၁) ခေါင်းဆောင်မှု၊ (၂) ပွင့်လင်းမြင်သာမှုနှင့် (၃) အစီအမံနှင့် ကြိုတင်ပြင်ဆင်မှုတို့ ဖြစ်ကြသည်။

ခေါင်းဆောင်မှု

ကာလတိုအတွင်း စီးပွားရေးထိခိုက်မှုများ ရှိသော်လည်း ပြတ်သားသည့် အစိုးရအဖွဲ့များသည် ပြည်သူ့ကျန်းမာရေး စိစစ်မှုများနှင့် ထိတွေ့ခဲ့သူတို့အား ခြေရာခံမှုများအား ဆောင်ရွက်ကာ အန္တရာယ်ကို ရင်ဆိုင်လျက် နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာမှုများ၊ မရှိမဖြစ် မဟုတ်သည့် လုပ်ငန်းများကို ပိတ်ပစ်ခဲ့သည်။ အရှေ့တောင်အာရှတွင် ကပ်ရောဂါပထမလှိုင်းအတွင်း အသိသာဆုံး ဆောင်ရွက်ခဲ့သည်မှာ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့ ဖြစ်သည်။

ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆေးပညာဆိုင်ရာနှင့် သိပ္ပံပညာဆိုင်ရာ အထောက်အထားများကို အခြေခံလျက် ၎င်းတို့၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာနှင့် ဆေးကုသရေးဆိုင်ရာ အရာရှိများကို လိုက်လျောခဲ့ကြသော အစိုးရအဖွဲ့များ ရလဒ်ကောင်းခဲ့သည်။ ရေတို စီးပွားရေးနှင့် နိုင်ငံရေး တွက်ကိန်းများအပေါ်၌သာ အခြေခံသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာမူ ဖြစ်ပေါ်လာမည့် အနေအထားကို ကောင်းစွာမထိန်းသိမ်းနိုင် ဖြစ်ရသည်။ အမှန်တကယ်၌ ယင်းအစိုးရအဖွဲ့များသည် အလွန်တန်ဖိုးရှိသော အချိန်များကို အဆုံးရှုံးခံခဲ့ပြီး နေ့စဉ်ရောဂါကူးစက်မှု အလွန်မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ရသည်။

မိမိတို့ အာဏာတည်မြဲရေးအတွက် COVID-19 ကို အသုံးချသော၊ မီဒီယာများအား ထိုးနှက်တိုက်ခိုက်သော၊ ဝေဖန်မှုများကို ပါးစပ်ပိတ်အောင် ပြုလုပ်သော အစိုးရအဖွဲ့များအနေဖြင့် ရလဒ်ကောင်း ရရှိခြင်း မရှိပေ။ ယင်းကဲ့ သို့သောပုံစံမျိုးဖြင့် အရေးပေါ် အာဏာများကို သုံးစွဲခြင်းသည် မယုံကြည်ခြင်းနှင့် နားလည်မှု လွဲမှားခြင်းတို့ကိုသာ ဖြစ်စေခဲ့သည်။ အရှေ့တောင်အာရှတွင် ဟွန်ဆန်နှင့် ရိုဒရီဂိုဒူတာတေးတို့ကဲ့သို့သော အာဏာရှင်ဆန်သော ခေါင်းဆောင်များအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းဟု ရှုမြင်ရမည့်အစား နိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဟု ရှုမြင်ခဲ့ပါက ၎င်းတို့၏ ဦးစားပေးလုပ်ငန်းများ အကြီးအကျယ် လွဲမှားမည်ဖြစ်ပြီး သေနှုန်းမြင့်မားပေလိမ့်မည်။ ကမ္ဘောဒီးယား ပါလီမန်သည် နဂိုကတည်းက အာဏာရှင်ဆန်ပြီးသား ဟွန်ဆန်ကို အီလက်ထရွန်နစ်ဆိုင်ရာ အချက်အလက်များ ကြားဖြတ်ရယူခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့အား လျှော့ချနိုင်ခွင့်တို့ အပါအဝင် အာဏာအသစ်များစွာကို အာမခံပေးခဲ့သည်။ ဒူတာတေးသည်လည်း ပုဂ္ဂလိက ကုမ္ပဏီများအပေါ် ဝင်ရောက်လွှမ်းမိုးအသုံးချပိုင်ခွင့်ကဲ့သို့သော အာဏာသစ်များ ရရှိခဲ့သည်။

COVID-19 ကာလတွင် ပြတ်သားသော ခေါင်းဆောင်မှုသည်သာမက ဝန်ကြီးဌာနများအကြားနှင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံအဆင့်၌ နိုင်ငံတော်အာဏာများကို ထိရောက်စွာ စုစည်းဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ တုံ့ပြန်ရေး၌ အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ စားနပ်ရိက္ခာ ထောက်ပ့ံမှုနှင့် ပြည်သူ့ကျန်းမာရေးကိစ္စတို့ကို ကိုင်တွယ်ရန် လွှမ်းခြုံနိုင်သည့် မဟာဗျူဟာတစ်ရပ် ရှိထားသည့် အစိုးရအဖွဲ့များအနေဖြင့် ကျယ်ပြောသော စီးပွားရေးလှုံ့ဆော်မှု (Stumulus Package) ကို ဖန်တီးပြီး စီးပွားရေးကျဆင်းမှုကို လျှော့ချကာ ပြည်သူတို့၏ ယုံကြည်မှုနှင့် အားကိုးမှုများကို ရရှိနိုင်သည်။ ယင်းအတွက် ဝန်ကြီးဌာနများအကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်သာဖြစ်၏။

ပွင့်လင်းမြင်သာမှု

ပွင့်လင်းမြင်သာမှုရှိသည့်ပုံစံဖြင့် မိမိတို့၏လူထုကို ဆက်သွယ်ဆက်ဆံသည့် အစိုးရအဖွဲ့များအနေဖြင့် လူထု၏ ယုံကြည်မှုကို အလျင်အမြန် ရရှိတတ်သည်မှာ ဓမ္မတာပင်။ ပြဿနာကို ဝန်ခံသော၊ အန္တရာယ်ဖြစ်နိုင်ခြေများကို ထုတ်ပြန်အသိပေးသော၊ လျော့ပါးသက်သာစေမည့် ထိရောက်သည့် အားထုတ်မှုများကို ရေးဆွဲချမှတ်သော၊ အသံတစ်မျိုးတည်းထွက်သော အစိုးရအဖွဲ့များသည် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ လျှော့ပေါ့ ပြောဆိုသော၊ မူဝါဒများကို လူသိရှင်ကြား အမျိုးမျိုး ပြောင်းလဲနေသော၊ သိပ္ပံနည်းမကျ အဓိပ္ပာယ်မရှိသော အရာများကို တတွတ်တွတ်ရွတ်နေသော၊ အပြစ်လွှဲချစရာ ဓားစာခံ ရှာနေသော၊ လုပ်ကြံဖန်တီးထားသည့် သဘောတရားများကို အထပ်ထပ်ပြောဆိုနေသော ပြောရေးဆိုခွင့်ရှိသူအမျိုးမျိုး သို့မဟုတ် ခေါင်းဆောင်အမျိုးမျိုးထားရှိသည့် အစိုးရအဖွဲ့များထက် ပိုမိုကောင်းမွန်သည့်အရာများကို ရရှိမည်ကား သေချာ၏။ ယုံကြည်မှု ပိုရှိခြင်းက နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ Social Distancing ကို လိုက်နာခြင်းနှင့် အတတ်နိုင်ဆုံး နေအိမ်အတွင်း၌ နေထိုင်ခြင်း အစရှိသည့် လူမှုရေးဆိုင်ရာ လိုက်နာရန်များကို လိုက်နာသူ များပြားခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

အရှေ့တောင်အာရှဒေသကို ကြည့်ပါက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ဗူဒက်ဒမ်းတို့သည် ထိရောက်သော ဆက်သွယ်ဆက်ဆံရေးနှင့် ပွင့်လင်းမြင်သာမှုတို့အတွက် စံပြုစရာများဖြစ်သည်။ အမှန်တကယ်၌ ဗီယက်နမ်သည် လုံးဝအာဏာရှင်နိုင်ငံဖြစ်ပြီး စင်ကာပူသည် တစ်စိတ်တစ်ပိုင်း အာဏာရှင်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှုစနစ်က နေရာတိုင်းတွင် ပွင့်လင်းမြင်သာမှုနှင့် ဆက်စပ်မှုမရှိဟု ဆိုနိုင်သည်။ ယင်းနှစ်နိုင်ငံစလုံးက ပြည်သူ့ကျန်းမာရေးကိစ္စတွင် ပွင့်လင်းမြင်သာမှုနှင့် ဆက်သွယ်ဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း သဘောပေါက်သောကြောင့်လည်း ဖြစ်သည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် ယခု COVID-19 အကျပ်အတည်းတွင် ချီးကျူးခံရရန် ထိုက်တန်လေသည်။ ၂၀၀၃ ခုနှစ် SARS ရောဂါဖြစ်ပွားစဉ် ဗီယက်နမ်အစိုးရသည် တရုတ်အစိုးရကဲ့သို့ပင် ပြုမူခဲ့သည်။ အစပထမ၌ ပြဿနာကို ငြင်းပယ်သည်။ ဖုံးကွယ်သည်။ နိုင်ငံတကာကျန်းမာရေးအရာရှိများ၏ ဝင်ရောက်ဆောင်ရွက်ပေးမှုကို ငြင်းပယ်သည်။ လူထုနှင့် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆက်သွယ်ဆက်ဆံရန် ပျက်ကွက်ခဲ့သည်။ ဒုက္ခတွေ့စေသည့် အစောပိုင်းတုံ့ပြန်မှု များပြီးနောက်မှ ဗီယက်နမ်အစိုးရက မူလလမ်းကြောင်းကို ပြောင်းပြန်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း၌ ဗီယက်နမ်အစိုးရသည် ပွင့်လင်းမြင်သာမှုနှင့် ထိရောက်သော ဆက်သွယ်ဆက်ဆံရေးအတွက် စံပြုစရာ ဖြစ်လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားသည် သင့်တင့်သည့် စာနယ်ဇင်းလွတ်လပ်ခွင့်ရှိသော ဒီမိုကရေစီနိုင်ငံဟု ဆိုနိုင်သည်။ သို့သော် သမ္မတသည် COVID-19 ပြဿနာနှင့်ပတ်သက်၍ လျှော့တွက်ပြောဆိုခဲ့သည်။ ယင်းနောက်မှ သူသည် တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသည်များကို ဆွယ်တရားဟောနေစဉ် COVID-19 ပြဿနာကို လျှော့တွက်မိကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သည်။ ကျန်းမာရေးဝန်ကြီးသည်လည်း ဝတ်ပြုမှုများနှင့် ပတ်သက်၍ ရောဂါကူးစက်ခံရသူ မရှိဟု အစောပိုင်းက မှတ်ယူထားခဲ့သည်။ အစိုးရအဖွဲ့ထံမှ မက်ဆေ့ချ် အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး မူဝါဒများကိုလည်း ထပ်ကာထပ်ကာ အမျိုးမျိုး ပြောင်းပြန်ပြောင်းလဲခဲ့သည်။

ထိုင်းနိုင်ငံမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်များသည် ပြည်ပမှလာရောက်သူများကို အပြစ် လွှဲချစရာအဖြစ် ဓားစာခံရှာခဲ့ပြီး စော်ကားမော်ကား စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ်ကိုယ်တိုင်က တစ်ခါတစ်မျိုးဆိုသလို ဆန့်ကျင်ဘက်စကားများကို ပြောဆိုနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ဖိလစ်ပိုင်တွင်လည်း ပြည်သူများက အချက်အလက်များကို သိလိုနေချိန်၌ ဒူတာတေးက ကွာရန်တင်း ချိုးဖောက်သူများကို ပစ်သတ်မည်ဟု ရုန့်ရင်းကြမ်းတမ်းစွာ ခြိမ်းခြောက်ခဲ့သည်။

အစီအမံနှင့် ကြိုတင်ပြင်ဆင်မှု

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် မထင်မှတ်ဘဲ ရုတ်တရက် ထဖြစ်ခြင်းဖြစ်သည်ဟုကား မဆိုနိုင်။ အထိုက်အလျောက် သိသာခဲ့သော်လည်း နိုင်ငံရေးခေါင်းဆောင်များက ခေါင်းရှောင်ကာ လျစ်လျူရှုထားခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် SARS ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာတိုင်း ရောဂါကူးစက်ပျံ့နှံ့မှု ဆိုင်ရာ ပညာရှင်များနှင့် ဗိုင်းရပ်စ်ဗေဒ ပညာရှင်များက လူအသေအပျောက် အထိုက်အလျောက်များနိုင်ပြီး ကူးစက်ပျံ့နှံ့မှုလျင်မြန်နိုင်သော၊ တိရစ္ဆာန်များမှနေ၍ လူကို ကူးစက်နိုင်သော အဓိက ရောဂါကူး စက်ပျံ့နှံ့မှုကြီးတစ်ရပ် ဖြစ်ပွားနိုင်ကြောင်း သတိပေးနေခဲ့သည်။ ထို့ကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကြီးတစ်ရပ် ဖြစ်ပွားလာနိုင်သည် ဟူသည့်ကိစ္စမှာ သိနိုင်သောကိစ္စ၊ သိပြီးသားကိစ္စသာ ဖြစ်သည်။

SARS ၊ H1N1 ၊ ဝက်တုပ်ကွေးနှင့် MERS တို့ကဲ့သို့သော အခြားကပ်ရောဂါများမှနေ၍ ရရှိသော သင်ခန်းစာများနှင့် ပေါင်းစပ်လျက် ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ရေးအစီအမံတစ်ရပ် အပါအဝင် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့များအနေဖြင့် ပိုမိုကောင်းမွန်သောရလဒ်များ ရရှိခဲ့ခြင်းဖြစ်သည်။ PPE များ စုဆောင်းထားရှိခြင်းနှင့် လျင်မြန်သော အစုလိုက်အပြုံလိုက် စမ်းသပ်စစ်ဆေးမှုများနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံမှုများ ပြုလုပ်ရန် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ထိန်းသိမ်းထားခြင်းတို့အပြင် ဆေးကုသရေးလောက၊ ဆေးရုံများနှင့် ဆေးခန်းများ၌ လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခြင်းတို့ ရှိသည့် အစိုးရအဖွဲ့များသည် ပိုမိုကောင်းမွန်သောရလဒ်များကို တွေ့ကြုံရသည်။ ကွာရန်တင်း ချထားရန်နှင့် ထိတွေ့ခဲ့သူများကို ခြေရာခံမှုများပြုလုပ်ရန် နည်းပညာကို ထိရောက်စွာအသုံးပြုသည့် စင်ကာပူနိုင်ငံကဲ့သို့သော အစိုးရအဖွဲ့များ ရလဒ်ကောင်းခဲ့သည်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ရင်းမြစ်များချို့တဲ့သည့် အစိုးရအဖွဲ့များ ရလဒ်မကောင်းခဲ့ပေ။

ဗီယက်နမ်၏ ဆေးကုသရေးကဏ္ဍသည် များစွာခေတ်နောက် ကျနေသည်။ သို့သော် အကုန်အကျ သက်သာသောကြောင့် အလွန်ကောင်းမွန်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟု ဆိုနိုင်သည်။ ကာကွယ်ခြင်းသည် ကုသရခြင်းထက် ပို၍ အကုန်အကျ သက်သာသည်သာ။ စမ်းသပ်စစ်ဆေးခြင်း၊ ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းနှင့် သာမိုမီတာတို့သည် Ventilator များ ထားရှိရသည့် ICU များထက် အကုန်အကျသက်သာသည်သာ။ ဗီယက်နမ်သည် လူ ၁၀၀၀ လျှင် ၂ ဒသမ ၁ ဦးနှုန်း စစ်ဆေးခဲ့ပြီး ဧပြီ ၁၉ ရက်အထိ အင်ဒိုနီးရှားသည် လူ ၁၀၀၀ လျှင် ၀ ဒသမ ၁၅ ဦးနှုန်းသာ စစ်ဆေးနိုင်ခဲ့သည်။ 

သို့သော် ဆေးရုံများ၌ ရင်းနှီးမြှုပ်နှံမှုသည် လူ့အသက်ကို ကယ်ဆယ်ရာတွင် အဓိကကျသည်။ မလေးရှားနှင့် ထိုင်းသည် သေနှုန်းနှစ်ရာခိုင်နှုန်းအောက်သာ ရှိသည်။ အင်ဒိုနီးရှားသည် ခြောက်ရာခိုင်နှုန်းအထက်နှင့် ဖိလစ်ပိုင်သည် ကိုးရာခိုင်နှုန်းအထက်ရှိသည်။ မလေးရှားတွင် လူပေါင်း ၁၀၀၀ လျှင် သမားတော် ၁.၅၁ ဦးနှုန်းရှိပြီး အင်ဒိုနီးရှား၌ လူပေါင်း ၁၀၀၀ လျှင် ၀.၃၈ ဦးနှုန်းသာ ရှိသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်များ မစွံလှသော်လည်း ယခုအထိ ရလဒ်ကောင်းမွန်နေခြင်းမှာ ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိသောကြောင့် ဖြစ်သည်။ ထိုင်းတွင် ကမ္ဘာ့အဆင့်ဆေးရုံများနှင့် ပြည်နယ်နှင့် ခရိုင်ဆေးရုံများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံထားနိုင်သည့် ကွန်ရက်တို့လည်း ရှိသည်။ ဒေသတွင်း၌ ထိုင်းနိုင်ငံသည် COVID-19 ကို ကိုင်တွယ်ရန် အကောင်းဆုံးဆေးကုသမှုဆိုင်ရာ အခြေခံအဆောက်အအုံရှိသည်ဟု Global Health Security Index က ဖော်ပြသည်။

ဖိလစ်ပိုင်တွင် အလွန်ကောင်းမွန်သည့် ဆေးကျောင်းများနှင့် သူနာပြုကျောင်းများရှိပြီး ဆေးဝန်ထမ်းများစွာတို့ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည်။ သို့သော် ဖိလစ်ပိုင်သည် ပြည်တွင်းပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းသည်။ တစ်ကမ္ဘာလုံးက စံထားရသည့် စင်ကာပူ၏ COVID-19 အပေါ် အစောပိုင်းတုံ့ပြန်မှုသည် ဒုတိယလှိုင်းကြောင့် ပျက်ပြယ်ခဲ့ရသည်။ စင်ကာပူကို ပထမကမ္ဘာအဆင့် အခြေခံအဆောက်အအုံများနှင့် ဘဝနေထိုင်မှုပုံစံဖြစ်အောင် တည်ဆောက်ပေးရာ၌ အဓိကကျသည့် ရွှေ့ပြောင်းလုပ်သား ၃၀၀,၀၀၀ ခန့်၏ ကျပ်သိပ်ကာ ဆင်းရဲသည့် နေထိုင်မှုအခြေအနေရပ်များကြောင့် ဒုတိယလှိုင်းတွင် အကြီးအကျယ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဗိုင်းရပ်စ်ကူးစက်ခံရမှုများက လူတန်းစား၊ ချမ်းသာကြွယ်ဝမှု၊ လူမျိုး၊ အဆင့်အတန်းတို့နှင့် မဆိုင်ကြောင်းကိုလည်းကောင်း အဆင်းရဲဆုံးနှင့် အနိမ့်ကျဆုံး လူများအပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးရမည့် တာဝန်ကို အစိုးရအနေဖြင့် ပျက်ကွက်ပါက တစ်နိုင်ငံလုံးရှိ မည်သူ့အပေါ်ကိုမဆို လာရောက်ရိုက်ခတ်နိုင်ကြောင်းကိုလည်းကောင်း COVID-19 သတိပေးခဲ့ပြီးဖြစ်သည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း)

COVID-19 အပေါ် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုများ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးသူ ၂၁၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၀,၀၀၀ နီးပါး ရှိလာခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်ခဲ့ချိန်တွင် ထိုကူးစက်ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူ ၂၀၀ ကျော်လာချိန်တွင် ဇန်နဝါရီ ၃၀ ရက် နေ့လယ် ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ (မြန်မာစံတော်ချိန် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ) ငါးနာရီကျော်ကြာ ပြုလုပ်ခဲ့သော အရေးပေါ်ကော်မတီအစည်းအဝေးတွင် ယခုရောဂါ ဖြစ်ပွားမှုဖြစ်စဉ်ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ် ကြေညာခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာသော တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာများ တွေ့ရှိခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး COVID-19 စောင့်ကြည့်လူနာတစ်ဦး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုစောင့်ကြည့်လူနာ မတွေ့မီ ဇန်နဝါရီလဆန်းပိုင်းကတည်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်နေသော 2019 Novel Coronavirus (COVID-19) ကို အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပါ တွေ့ရှိလာ၍ ယင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ဒေသများ၌ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် သံသယလူနာနှင့် စောင့်ကြည့်လူနာများ တွေ့ရှိလာ၍  မြန်မာနိုင်ငံတွင် COVID-19 ရောဂါကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်က သတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ COVID-19 ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ပိုးတွေ့လူနာများ နေ့စဉ်နီးပါး တွေ့ရှိနေသော်လည်း မြန်မာနိုင်ငံတွင် မတ်လဆန်းပိုင်းအထိ လူစုလူဝေးပြုလုပ်ခြင်းများ၊ ပွဲလမ်းသဘင် ပြုလုပ်ကျင်းပခြင်းများကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ခြင်းများ မရှိခဲ့ပေ။ (မတ် ၁၁ ရက်မှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့တို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သေးပြီး ဓာတ်ပုံများအရ Mask တပ်ဆင်ထားခြင်း မရှိသည်ကို တွေ့ရှိရသည်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ် ၁၁ ရက်က သတ်မှတ်ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများအပါအဝင် လူစုလူဝေး အခမ်းအနားများကို ဧပြီလကုန်အထိ မကျင်းပရန် အစိုးရအဖွဲ့က ဆုံးဖြတ်ထားကြောင်း မတ် ၁၂ ရက်က နေပြည်တော်တွင် 2019 Novel Coronavirus (COVID-19) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ဧပြီ ၂၁ ရက်အထိ အရှေ့တောင်အာရှဒေသတစ်လွှား၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်စွမ်းသည်လည်း အကြီးအကျယ် ကွာခြားလျက်ရှိသည်။ စင်ကာပူသည် လူပေါင်းတစ်သန်းလျှင် ၁၆,၂၀၃ ဦးနှုန်း စစ်ဆေးခဲ့ပြီးဖြစ်ပြီး ကမ္ဘာ့ထိပ်ဆုံးနိုင်ငံများ၌ ပါဝင်သော်လည်း လူဦးရေအရ မြန်မာနိုင်ငံသည် လူတစ်သန်းလျှင် ၈၅ ဦးနှုန်းမျှသာ စစ်ဆေးနိုင်ခဲ့ပြီး ကမ္ဘာ့အောက်ဆုံးအနီးသို့ ရောက်ရှိနေကြောင်း Worldmeter စာရင်းအင်းဌာန၏ အချက်အလက်များက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဇွန် ၁၉ ရက် နံနက်ပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးပြီး သူပေါင်း ၅၆,၇၂၆ ဦး ရှိလာရာ လူပေါင်း တစ်သန်းလျှင် ၁၀၅၀ ဦးနှုန်းသို့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၅,၆၂၃ ဦး ကျန်ရှိနေသေးပြီး ပိုးတွေ့လူနာ စုစုပေါင်း ၂၈၆ ဦးနှင့် သေဆုံးသူ ခြောက်ဦး ရှိသည်။ ပိုးတွေ့ပြီးနောက် ပြန်လည်သက်သာလာသူ ၁၈၇ ဦးရှိသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါနှင့်ဆိုင်သော သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများ၊ သတင်းအချက်အလက်များ ပေးရန်အတွက် ပြောရေးဆိုခွင့်ရှိသူများ ခန့်အပ်ပြောကြားစေခဲ့သော်လည်း အားနည်းချက်များစွာရှိခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိသူ တစ်ဦးကို မီဒီယာများ သိလိုသည်များ မေးမြန်းနိုင်ရန် ပြောရေးဆိုခွင့်ပေးခဲ့သော်လည်း မီဒီယာများ ဆက်သွယ်မေးမြန်းရာတွင် လူမှုဆက်ဆံရေးအရ အခက်အခဲများစွာရှိခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့မှုကြောင့် ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦးကို ထပ်မံခန့်အပ်ပြောကြားစေခဲ့ပြီး ထိုသူမှာလည်း အချိန်အများစုမှာ အစည်းအဝေး တက်နေရသဖြင့် ပြန်လည်မဖြေကြားနိုင်ခြင်းများ၊ ဖုန်း ပိတ်ထားခြင်းများကြောင့် ဆက်သွယ်မေးမြန်းရန် ခက်ခဲခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 နှင့်ပတ်သက်သော အချက်အလက်များ၊ အသိပေးနှိုးဆော်ချက်များကို အများပြည်သူသိရှိနိုင်ရန် ဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများတွင် အချိန်နှင့်အမျှ တင်ပြခြင်းမှာ ကောင်းမွန်မှန်ကန်သော်လည်း COVID-19 နှင့်ပတ်သက်သော အခြားနောက်ဆက်တွဲ အချက်အလက်များ မေးမြန်းလိုပါကမေးမြန်းရန် ဆက်သွယ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

COVID-19 ကို တုံ့ပြန်ရာတွင် ပြည်တော်ပြန်များအပေါ် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာအချို့လည်း ရှိခဲ့သည်။ ယင်းနှင့်ပတ်သက်၍ မုံရွာမြို့အဝင်တွင် တာဝန်ထမ်းဆောင်နေသူ စိတ္တသုခ လူမှုကူညီရေးအသင်းမှ ဦးသန်းနိုင်ဦးက “ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေ ချမပေးတော့ ကိုယ့်မြို့နယ်နဲ့ကိုယ် အလှူရှင်နဲ့ လုပ်ရတယ်။ အခုချိန်အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့က Quarantine မှာ ကုန်ကျစရိတ်တွေ ချကို မပေးသေးဘူး။ တချို့လည်းတင်တော့ တင်ထားတယ်။ ကိုယ့်အလှူငွေကို ပြန်ပြီးတော့ တောင်းခံနေရတာကိုက ဟန်မကျဘူး။ မုံရွာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ လှူကြတန်းကြပါတယ်။ တစ်တိုင်းလုံးနဲ့ ခြုံရင်တော့ ပြည့်စုံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲကို ဝင်လာတဲ့ ပြည်တော်ပြန်တွေကို မုံရွာကပဲ အဓိကထားလုပ်ရတာကိုး။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂိတ်တွေကို မင်းတို့ ဒီလိုလုပ်ကြပါလားဆိုတဲ့ အကြံဉာဏ် မပေးဘူးရယ်။ ကျွန်တော်တို့တတွေက အားလုံးကို မလွတ်အောင် လုပ်တဲ့အပိုင်းပေါ့ဗျာ” ဟု ပြောကြားခဲ့သည်။

ရွှေ့ပြောင်းလုပ်သားလေ့လာ စောင့်ကြည့်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ကလည်း ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပတ်သက်၍ “ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ နေရပ်ပြန်လာသူတွေကို ကြိုဆိုလက်ခံရေးအပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေ၊ ပညာရေးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပြည်နယ်ကလာတဲ့ စေတနာ့ဝန်ထမ်းတွေအားလုံး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြန်လာသူတွေထဲကမှ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူတွေကို ကျောက်လုံးကြီး Quarantine စခန်းမှာ သီးသန့်ထားပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါတယ်။ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီး ရန်ကုန် NHL ကို ပို့ဆောင်၊ အဖြေရပြီး ၂၁ ရက်ပြည့်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အသီးသီးကို ပို့ဆောင်ပေးပါတယ်” ဟု ရှင်းပြခဲ့သည်။

နယ်စပ်မြို့ဖြစ်သောကြောင့် စားသောက်ဖွယ်ရာ၊ ရေ၊ လျှပ်စစ်မီးနှင့် လိုအပ်သော ပစ္စည်းများကို ဖြည့်ဆည်းပေးနိုင်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ပညာရှင်ကျန်းမာရေးဝန်ထမ်း ဆရာဝန် လိုအပ်ချက်ရှိသည်ဟု ၎င်းက ဆိုသည်။

ကိုဗစ်​ကာလအတွင်​း၌ အရေး​ပေါ်တုံ ့ပြန်​မှုအဖွဲ့များ ဖွဲ့စည်​းရာတွင်​ ​မြေပြင်​၌ ကူညီလုပ်​​ဆောင်​​ပေး​နေသည်​့ Volunteers အဖွဲ့အစည်​းများ မပါဝင်​ခြင်​း၊ အ​ရေး​ပေါ် အ​ခြေအ​နေဖြစ်​​ပေါ်လာချိန်​တွင်​ မည်​သို့ဆောင်​ရွက်​ရန်​ လက်​​တွေ့ဆန်​ဆန်​ ဆုံးဖြတ်​ချက်​ချ​ပေးမည်​့ သူမရှိခြင်​းများ ကြုံ​​တွေ့ရကြောင်​း၊ ထို့အပြင်​ ​​မြေပြင်​၌ ကိုဗစ်ရောဂါ ကူးစက်​ပြန်​့နှံ ့မှု ကာကွယ်​တားဆီးရေးအတွက်​​ ဒေသတွင်​း အရပ်​ဘက်​အဖွဲ့အစည်​းများနှင်​့ ပရဟိတအဖွဲ့များက အားစိုက်​လုပ်​​ဆောင်​ခဲ့​သော်​လည်​း ဌာနဆိုင်​ရာများ၏ ပူး​ပေါင်​း​ပါဝင်​မှု အားနည်​းခြင်​းများ ရှိခဲ့သည်​့အပြင်​ အစိုးရအ​နေဖြင်​့ ၎င်းတို ့ထုတ်​ပြန်​ခဲ့သည်​့ အမိန်​့ညွှန်​ကြားချက်​များနှင်​့ပတ်​သက်​၍​ အောက်​​ခြေ၌ အ​ကောင်​အထည်​​ ဖော် ​မ​ဖော်​ အကျိုးသက်​​ရောက်​မှု ရှိ မရှိ အ​ပေါ် ကြပ်​မတ်​မှုအားနည်​းခြင်​းများ ရှိခဲ့ကြောင်းလည်း သိရှိရသည်​။

ထားဝယ်​မြို့အ​ခြေစိုက်​ ဇမ္ဗူသီရိ အ​ရေး​ပေါ်လူနာ ကူညီသယ်​​ဆောင်​​ရေးအဖွဲ ့ဥက္ကဋ္ဌ ကိုနိုင်​မျိုးသွင်​က “Quarantine စင်​တာတွေမှာ ထားတဲ့အဖွဲ့တွေက အမြဲတမ်​း လူစုံ​နေမ ှအဆင်​​ပြေမယ်​။ လုံခြုံ​ရေးပိုင်​း​ဆိုလည်​း ရဲတပ်​ဖွဲ့က ရှိမယ်​၊ အ​ထွေ​ထွေကိစ္စ​တွေဆိုလည်​း ကူညီ​ပေးမယ်​့ Volunteers အဖွဲ့တွေ ရှိမယ်​၊ ကျန်းမာရေးဆိုလည်​း ကျန်​းမာ​ရေးက​နေ ပုံ​သေရှိမယ်​့ ဝန်​ထမ်း​တွေ ရှိစေချင်​တယ်​​ပေါ့။ အခုက ကျန်းမာရေးကတော့ မနက်​ပိုင်​း အဖျားတိုင်​းတဲ့အချိန်​ရှိမယ်​ Swab ယူတဲ့အချိန်​မှာ ယူပြီးရင်​ပြီးပြီ။ ဆိုတော့ Quarantine စင်​တာထဲမှာ ​နေချင်​သလိုသလို​နေ၊ သွားချင်​သလိုသွား၊ ရဲကလည်​း သွား​ပြောရင်​ခဏပဲ ရတယ်လေ။ ဆို​တော့ ထိန်​းကွပ်​ကြပ်​မတ်​မှုအားနည်​းတယ်ပေါ့။ ဌာနဆိုင်​ရာ​တွေ COVID-19 ထိန်​းချုပ်​​ရေး တိုင်း​ကော်​မတီအဖွဲ့က​နေ အစဉ်​တစိုက် မြို့နယ်​အလိုက်​​ နေ့တိုင်​းအချိန်​ပြည်​့ လိုက်လံ ကြည့်ရှုစစ်ဆေးနေဖို ့လိုတယ်​။ အခုက ဒါမျိုး မရှိဘူး။ အားနည်​းတယ်။ လုံ​လောက်​တဲ့ပစ္စည်​းပမာဏ​တွေ ချထားပေးတာလည်​း နည်းတယ်” ဟု ပြောကြားခဲ့သည်​။

အချိန်​ပြည်​့​စောင်​့ကြပ်မှုမရှိသဖြင်​့ လစ်​ဟာမှုများ ရှိနေသည်​့အ​ပေါ် အစိုးရဘက်​မှ ကြီးကြပ်​နိုင်​မှု အားနည်းခြင်းများ ရှိ​ကြောင်​းလည်း တွေ့ရှိရသည်။ ဥပမာအ​နေဖြင်​့ တနသာင်္ရီတိုင်​း​ဒေသကြီး၌ ပထမဆုံးအဖြစ်​ COVID-19 Positive အ​ဖြေထွက်​​ပေါ်ခဲ့​သော မ​လေးရှားနိုင်​ငံမှ ပြန်​လည်​ဝင်​​ရောက်​လာသည်​့ Case-185 အမျိုးသားနှင်​့ပတ်​သက်​၍ ှ Quarantine စခန်​း၌​ စောင်​့ကြပ်​မှုအားနည်​းခြင်​း​ကြောင့်​ အပူတပြင်​း လိုက်လံရှာဖွေခဲ့ရခြင်​းနှင်​့​ ဒေသတွင်​းပြည်​သူများအကြား ကူးစက်​ပျံ့နှံ ့မည်​ကို စိုးရိမ်​ခဲ့ရသည့် အ​နေအထားများ ဖြစ်​​ပေါ်ခဲ့ခြင်​းများရှိ​ကြောင်​း၊ ထိုသို့ဖြစ်​​ပေါ်ရခြင်းမှာ သက်ဆိုင်​ရာဌာနနှင်​့ အစိုးရမှ Quarantine စခန်းများအပေါ် ထိန်းသိမ်​းကြပ်​မတ်​နိုင်​မှု အားနည်​းချက်​​ကြောင်​့ ယို​ပေါက်​များ ဖြစ်​​ပေါ်ခဲ့ခြင်းဖြစ်​​ကြောင်​း ကိုနိုင်မျိုးသွင်​က ပြောပြခဲ့သည်​။

၎င်းအပြင်​ နယ်​ဘက်​​ဒေသများရှိ Quarantine စခန်​းများ၌ အစိုးရ၏​ထောက်​ပံ့ပေးမှု အားနည်​းခြင်​း၊ အစိုးရ၏ညွှန်​ကြားချက်​များကို သက်​ဆိုင်​ရာ ရပ်​ကွက်​၊​ ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့များက လိုက်​နာမှု အားနည်းခြင်​းတို့ကြောင်​့ Quarantine ဝင်​​ရောက်မှုနှင်​့ပတ်​သက်​၍ မပြည်​့စုံမှုများ၊ ရွာအတွင်​း ဝင်ရောက်ခွင့်မပြုဘဲ တားဆီးခြင်​းများ ဖြစ်​​ပေါ်ခဲ့သည်​။

ထို ့အပြင်​ နယ်​ဘက်​​ရှိ Quarantine စခန်​း​များ၌ မပြည်​့စုံမှု​များစွာ ရှိပြီး အချို့​နေရာများတွင်​ ကိုယ့်ထမင်​းကိုယ်​ စားရခြင်း​များ၊ ထမင်း လာပေးသူများ​ ကျွေး​မွေးသည်​့အချိန်​မှ စားရသည်​့အ​နေအထားများ ရှိ​သည်​့အပြင် မည်သည်​့ပစ္စည်​းမှ​ ထောက်​ပံ့​ပေးမှုမရှိဘဲ မိမိအိမ်​မှ​ နေထိုင်​ရန်​ပစ္စည်​းများ ယူလာရခြင်း၊ ​သောက်​သုံးရန်နှင်​့​ ရေချိုးရန်​​ရေ မရှိသည်​့​နေရာများလည်​း ရှိခြင်း၊ ကိုဗစ်​ကိစ္စနှင်​့ပတ်​သက်​၍ အစိုးရအ​နေဖြင်​့ပြည်သူအတွက်​​လိုအပ်​သည်​့ ညွှန်​ကြားစာ​များ​ ကြေညာချက်​များ ထုတ်​ပြန်​ရာတွင်​ အချိန်​ကြန်​့ကြာ​နေမှုများ ရှိခြင်းတို့ရှိကြောင်း ​COVID-19 ကာကွယ်​တားဆီး​ရေး​ စေတနာ့ဝန်​ထမ်​းအဖွဲ့မှ ဝေဖြိုးက ပြောကြားခဲ့သည်​။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား COVID-19 ရောဂါပိုးစစ်ဆေးရန် အချက်အလက်ရယူနေစဉ်

COVID-19 အပေါ် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ တုံ့ပြန်မှုများ

မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ စတင်တွေ့ရှိခဲ့သည်။ တစ်ဆက်တည်းပင် COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာခဲ့သည်။

COVID-19 ကပ်ရောဂါက မြန်မာနိုင်ငံအပေါ် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်စေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်က ကမ္ဘာ့ဘဏ်က သတိပေးလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး တိုးတက်မှု ၉ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က မေ ၁၅ တွင် ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် ကုန်သွယ်ရေးအဟန့်အတားဖြစ်ခဲ့ပြီး လူသန်းနှင့်ချီ အလုပ်လက်မဲ့ဖြစ်နေစဉ် ADB ၏ ထုတ်ပြန်မှုသည် ယခင်ခန့်မှန်းမှုထက် နှစ်ဆ ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်သည်။

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါကြွယ်ဝမှုတို့ကို ခြိမ်းခြောက်သည့် နောက်ဆက်တွဲအကျိုးဆက်များ အကြီးအကျယ်ရှိလာဦးမည်ဖြစ်သည်။

ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း တွေ့ကြုံလာဦးမည်ဖြစ်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

လတ်တလော စီးပွားရေး ထိခိုက်မှုအများဆုံးခံစားရသည့်လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်လိုက်သည်။

နဂိုကတည်းကပင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည့် မြန်မာစီးပွားရေးလုပ်ငန်းအပေါ် ကမ္ဘာ့နိုင်ငံအများစုသို့  ကူးစက်ပျံ့နှံ့နေသည့် COVID-19 ဂယက်၏  သက်ရောက်မှုများ ခံစားနေရပြီဖြစ်သည်။ သို့သော် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့်လုပ်ငန်း ကဏ္ဍသုံးမျိုးကို ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ပြီး ချေးငွေများ ထုတ်ချေးရန် စီစဉ်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်း ကျပ် ဘီလျံ ၁၀၀ ကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်မည်ဖြစ်သည်။

COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ကော်မတီက ကျပ်ဘီလျံ ၁၀၀ ခန့် အသုံးပြုပြီး နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများသို့ ထောက်ပံ့ခဲ့သည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် SME လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ချေးငွေကျပ် ၈၆ ဘီလျံကျော် ထုတ်ချေးထားပြီးဖြစ်ကြောင်း စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ ကော်မတီအနေနဲ့ စီးပွားရေးထိခိုက်မှု အများဆုံးကြုံနေရတဲ့ လုပ်ငန်းသုံးခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနဲ့ အသေးစားအငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့ ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ ကို ထူထောင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံသား ပိုင်တဲ့လုပ်ငန်းတွေကို သက်သာတဲ့ အတိုးနှုန်း တစ်ရာခိုင်နှုန်းနဲ့ သင်္ကြန်ကာလအလွန်က စပြီး ထုတ်ချေးခဲ့ပါတယ်။ ဒီနေ့အထိ လုပ်ငန်းပေါင်း ၃,၀၀၀ ကျော်ကို ချေးငွေပမာဏ ကျပ် ၈၆ ဘီလျံကျော် ထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်။ ချေးငွေကို အဓိကခံစားဖို့က ပြည်သူဘဏ္ဍာငွေဖြစ်တဲ့အတွက် ချေးငွေစိစစ်တဲ့နေရာမှာ ဝန်ကြီးဌာနက ပါဝင်သလို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအဖွဲ့က ပါဝင်ပြီးတော့ စနစ်တကျ ထုတ်ချေးနေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

သို့သော် ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့နိုင်ငံတစ်ခုချင်းအလိုက် GDP များ၏ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အတွင်း ဘတ်ဂျက်များကို အသုံးပြုလျက် Stimulus Package များကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အနည်းဆုံး မိမိနိုင်ငံဂျီဒီပီ၏ ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း အသုံးပြု၍  နိုင်ငံ၏စီးပွားရေးကို ကျားကန်ရန်နှင့် နိုင်ငံသားတို့၏ စားဝတ်နေရေးနှင့် ဝင်ငွေထိခိုက်မှုအတွက် ထောက်ပံ့ပေးရန် လိုအပ်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ကိုနေလင်းဇင်က သုံးသပ်ပြောကြားခဲ့သည်။

COVID-19 ကြောင့် လတ်တလော ထိခိုက်နေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးခြင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။ သို့သော် အဆိုပါ အခွန်နှင့်ပတ်သက်သည့် ဖြေလျှော့ပေးမှုများသည် အခွန်ပေးဆောင်ရမည့် ကာလကို နောက်ဆုတ်ပေးလိုက်သည့် သဘောသာဖြစ်ပြီး အခွန်သက်သာခွင့်ပေးခြင်းမျိုး မဟုတ်ကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။

“ အခု ဘီလျံ ၁၀၀ က ပေးတာ မဟုတ်ဘူး။ ချေးတာ။ အခုချပေးတဲ့ အတိုးနှုန်းကလည်း သက်သာပေမဲ့ အတိုးမပေးရရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ အတိုးနှုန်းကတော့ တဖြည်းဖြည်း ချပေးသွားမယ် ပြောတယ်။ ၀ ဒသမ ၅ ကနေ နောက်ပိုင်းမှာ ဆက်သွားမယ်ပေါ့။ အတိုးနှုန်းက နှစ်ရာခိုင်နှုန်းလောက်အထိ ချပေးရင်တော့ ပိုကောင်းတာပေါ့” ဟု  မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများစွာ ထိခိုက်ခံစားနေရသကဲ့သို့ ယင်းလုပ်ငန်းများအပေါ် မှီခိုနေရသည့်အလုပ်သမားများနှင့် ယင်းတို့၏မိသားစုများတွင်လည်း COVID-19 ဂယက်ကို ရင်ဆိုင်နေရသည်။

အစိုးရဘက်မှ ထုတ်ချေးမည့် COVID-19 Fund မှချေးငွေ ထုတ်ချေးပေးသော်လည်း ချေးငွေ ချေးပေးမည့်အပေါ်တွင် အကန့်အသတ်များနေသည့်အတွက် လုပ်ငန်းရှင်အချို့အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရေရှည်တွင် COVID-19 ဂယက်ကြောင့် ဆက်ဖြစ်လာမည့် စီးပွားရေးကျဆင်းမှုနှင့် အလုပ်လက်မဲ့ ပြဿနာများအတွက် မည်သို့ မည်ပုံဖြေရှင်းသွားမည်မှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။

COVID-19 ကြောင့် နိုင်ငံအများစု စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ စီးပွားရေးဆုံးရှုံးမှုသည် ဗိုင်းရပ်စ်ကူးစက်မှု အတိုင်းအဆကို တည်မှီနေပြီး ဗိုင်းရပ်စ်၏သက်ရောက်မှုသည် မရေမရာ ဖြစ်နေဆဲဖြစ်ကြောင်း အေဒီဘီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၎င်းအပြင် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသူများထံမှ ပြန်ပို့သည့်ငွေများသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွင်း အရေးပါသည့် ပမာဏအဖြစ် ပါဝင်နေသည့်အတွက် COVID-19 ကြောင့် ပြည်ပမှ မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်သွားမှုက မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် အရေးပါသည့် သက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။

ပြည်ပရောက်မြန်မာများ၏ တရားဝင်ငွေလွှဲပို့မှုသည် ၂၀၁၈ ခုနှစ်တွင် ဒေါ်လာသန်း ၉၀၀ ကျော်ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ ခုနှစ်အတွင်း ပြည်ပရောက်လုပ်သားများထံမှ ဘဏ်များမှတစ်ဆင့် တရားဝင်ရရှိငွေမှာ ဒေါ်လာ ၁ ဘီလျံကျော်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင် ငွေလွှဲပို့မှု တိုးတက်လာသော်လည်း ဟွန်ဒီစျေးကွက်မှတစ်ဆင့် ငွေလွှဲပို့မှုသည် တရားဝင် ငွေလွှဲပို့မှုထက် အဆများစွာ များပြားလျက်ရှိသည်။ ဂျာမနီအဖွဲ့အစည်းတစ်ခုဖြစ်သော GIZ ၏ ခန့်မှန်းချက်အရ ၂၀၁၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာလုပ်သားများထံမှ ငွေလွှဲပို့မှုသည် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံခန့်ရှိခဲ့ပြီး ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပငွှေလွှဲအဝင် ဒေါ်လာ ၂ ဒသမ ၈ ဘီလျံအထိ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ COVID-19 ကပ်ရောဂါဖြစ်ပေါ်မှုကြောင့် ပြည်ပရောက် မြန်မာလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသကဲ့သို့ ပြည်တော်ပြန်လာသည့် မြန်မာလုပ်သားများကြောင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ခြင်းမှ ရရှိသော ဝင်ငွေများစွာ လျော့နည်းလာမည့် အခြေအနေနှင့်လည်း ရင်ဆိုင်လာရသည်။

ယင်းကဲ့သို့သော အနေအထားတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧပြီလအတွင်း အစိုးရက အခြေခံစားကုန် ငါးမျိုးကို အခြေခံလူတန်းစားအိမ်ထောင်စု လေးသန်းနီးပါးကို ထောက်ပံ့ခဲ့ပြီး အမှန်တကယ်၌ အခြေခံလူတန်းစားအချို့ ကျန်ရှိခဲ့မှုများရှိကြောင်း ဝန်ခံပြောကြားထားသည်။ ဧပြီလ ရုံးပိတ်ရက်တွင် အစိုးရက အခြေခံလူတန်းစားများကို အိမ်ထောင်စုအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ထောက်ပံ့ခဲ့ရာတွင် ကျပ်ဘီလျံ ၅၀ ကုန်ကျခဲ့ပြီး လူဦးရေအနေဖြင့် လေးသန်းကျော်ကို ထောက်ပံ့ခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် အခြေခံလူတန်းစားအိမ်ထောင်စု ငါးသန်းကျော်ရှိသည့် ပုပ္ပသီရိ၊ မိတ္ထီလာနှင့် ကလောမြို့တို့မှ အိမ်ထောင်စုများကို Mobile Payment ဖြင့် ကျပ်နှစ်သောင်းစီ စတင်ထောက်ပံ့မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် အခြေခံလူတန်းစားများကို ဒုတိယအကြိမ် ထောက်ပံ့မှုနှင့် ပတ်သက်၍  ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။   

နိဂုံး

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံနှင့် Global Health Security Index တွင် မြန်မာနိုင်ငံ (၇၂) ထက်ပင် အဆင့်နိမ့်ပါးသော လာအို (၇၃) နှင့် ကမ္ဘောဒီးယား (၈၉) တို့သည် ယခုအထိ တရားဝင်စာရင်းဇယားများအရ အင်ဒိုနီးရှား (၃၀) ကဲ့သို့ COVID-19 ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်မားခြင်း မရှိခြင်းမှာ အခြားအကြောင်းခြင်းရာများကြောင့် ဖြစ်နိုင်ပြီး အလွန်ကံကောင်းသည်ဟုသာ ဆိုနိုင်မည်ဖြစ်သည်။ သို့သော် COVID-19 အကျပ်အတည်းမှနေ၍ စီးပွားရေးအရ နာလန်ထနိုင်မှုမှာမူ ကံတရားပေါ်တွင် တည်မှီနေမည် မဟုတ်သောကြောင့် အစိုးရအဖွဲ့များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ပေးမည့် စီးပွားရေးနာလန်ထမှုကို ဆက်လက်စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

Most Read

Most Recent