ယခုနှစ် ရာသီတုပ်ကွေး H1N1 က ကပ်ရောဂါအသွင် ဖြစ်လာနိုင်သလား

ယခုနှစ် ရာသီတုပ်ကွေး H1N1 က ကပ်ရောဂါအသွင် ဖြစ်လာနိုင်သလား
၂၀၁၉ ခုနှစ်က ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သူတစ်ဦးအား နာရေးကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်းများက သဂြုႋဟ်ရန် ပြင်ဆင်နေစဉ်
၂၀၁၉ ခုနှစ်က ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့သူတစ်ဦးအား နာရေးကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်းများက သဂြုႋဟ်ရန် ပြင်ဆင်နေစဉ်
Published 21 June 2020
အိသဥ္ဇာကျော်

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လနောက်ဆုံးပတ်မှစ၍ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု စတင်မြင့်တက်ချိန်ဖြစ်ခဲ့၍ လက်ရှိကာလသည် အထူးသတိထားရမည့် အခြေအနေတွင်ရှိနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေး ပြောကြားထားသည်။

“ ရာသီတုပ်ကွေးက ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ ရာဇဝင်တွေလည်း အများကြီးရှိပါတယ်။ ၁၈၉၅ ခုနှစ်မှာဆိုရင် ရုရှားမှာဖြစ်တဲ့ Influenza ဆိုပြီး အဲဒီကနေစဖြစ်ပြီး လူတွေအများကြီး ဖြစ်ပွားသေဆုံးတယ်။ ပြီးတော့ ၁၉၂၅ ခုနှစ်မှာလည်း ဖြစ်တယ်။ အဓိက ကတော့ ဖြစ်ပွားသေဆုံးမှု အများဆုံးကတော့ ၁၉၁၈ မှာဖြစ်တဲ့ စပိန်တုပ်ကွေးက လူသန်းပေါင်းများစွာ သေဆုံးတာကို တွေ့ရတယ်။ တစ်လျှောက်လုံးမှာ လူတွေကို ရာသီတုပ်ကွေးဟာဆိုရင် ဒုက္ခပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေဖြစ်တဲ့ ၂၀၀၉ ခုနှစ်မှာတော့ လူသားအားလုံးကို ဒုက္ခပေးတဲ့ကမ္ဘာပေါ်မှာ ပေါ်ပေါက်ဖူးခြင်းမရှိတဲ့ Pandemic Influenza pdm 09 ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ရာသီတုပ်ကွေးဗိုင်းရပ်စ်က လေးမျိုးပေါင်းစပ်ပြီးတော့ ဖြစ်တာဖြစ်ပါတယ်။ လူမှာဖြစ်တဲ့ ဗိုင်းရပ်စ်ရယ်၊ ဝက်မှာဖြစ်တဲ့ ဗိုင်းရပ်စ်ရယ်၊ နောက်ကြက်ငှက်တုပ်ကွေးမှာဖြစ်တဲ့ ဗိုင်းရပ်စ်ရယ်နဲ့ ရာသီတုပ်ကွေးရယ် အဲဒါလေးမျိုး ပေါင်းစပ်ပြီးတဲ့အခါ Pandemic Influenza ဖြစ်တယ်။ အဲဒီ Pandemic Influenza ကို ၂၀၀၉ ခုနှစ်မှာ ဖြစ်ပြီးတဲ့အခါ ၂၀၁၀ ပြည့်နှစ်လောက်ရောက်တဲ့အခါမှာ ဒီ Pandemic Influenza ရဲ့ သဘောသဘာဝ၊ သူ့ရဲ့ပျံ့နှံ့ပုံ၊ သူ့ရဲ့ဒုက္ခပေးပုံက ကမ္ဘာမှာ ဖြစ်ပွားမှုတွေကို လေ့လာပြီးတဲ့ အခါမှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လမှာ စပြီး ဒါဟာကမ္ဘာပေါ်မှာ ဆက်ရှိနေတဲ့ ရာသီတုပ်ကွေးအဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။ ဒါက ရာသီတုပ်ကွေးရဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ သူကတစ်လျှောက်လုံးကို ပြန်ကြည့်ရင် ဖြစ်လိုက်တိုင်းမှာ ကပ်ရောဂါအသွင် ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၀၆ ဦးရှိခဲ့ပြီး A (H1N1) ဖြစ်ပွားသူ ၅၈၃ ဦး၊ A (H3N2) ဖြစ်ပွားသူ ၇၅ ဦး၊ Influenza B ဖြစ်ပွားသူ ၁၄၈ဦး ရှိရာ သေဆုံးသူစုစုပေါင်း ၁၂၈ ဦးအထိ ရှိခဲ့သည်။ ဇန်နဝါရီမှ အောက်တိုဘာ ၁၈ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness-ILI) ဖြစ်ပွားသူ ၅၆၁ ဦးအနက် A (H1N1) ဖြစ်ပွားသူ၁၂၇ ဦး၊ A (H3N2) ဖြစ်ပွားသူ ၂၄ ဦး၊ Influenza B ဖြစ်ပွားသူ ၅၄ ဦးရှိခဲ့ပြီး လတ်တလောပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Acute Respiratory infection-SARI) ဖြစ်ပွားသူ ၁၃၄၇ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၄၅၁ ဦး၊ A (H3N2) ဖြစ်ပွားသူ ၄၂ ဦး၊  Influenza B ဖြစ်ပွားသူ ၈၁ ဦးရှိခဲ့သည်ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၏ အချက်အလက်အရ သိရသည်။

“ ကျွန်မတို့မှာ ကူးစက်ရောဂါဗေဒကို ပြောတဲ့အခါမှာ Wave တွေနဲ့ ပြောလေ့ရှိပါတယ်။ တစ်နှစ်လုံးမှာ ၅၃ ပတ်ရှိပါတယ်။ ဥပမာ ဇန်နဝါရီလမှာဆိုရင် ပထမပတ်၊ ဒုတိယပတ်၊ တတိယပတ်ပေါ့။ ရာသီတုပ်ကွေးက ဘယ်အချိန်မှာ ဖြစ်ပွားမှုများလဲဆိုရင် ၄၄၊ ၄၅ ပတ်မြောက် အောက်တိုဘာအကုန် နိုဝင်ဘာလစတဲ့အချိန်မှာ တဖြည်းဖြည်းတက်လာပြီးတဲ့အခါ နိုဝင်ဘာအကုန် ဒီဇင်ဘာလမှာ တော်တော်ကြီးကို ထောင်တက်လာတယ်။ အများဆုံးကတော့ ဖေဖော်ဝါရီလဆန်းက ဒုတိယပတ်လောက်အထိမှာ အမြင့်ဆုံးကို ရောက်ပြီးတော့ မတ်လဆန်းလောက်ဆိုရင် ပြုတ်ကျသွားတာကို တွေ့ရပါတယ်။ ကျွန်မတို့နိုင်ငံကဆိုရင်တော့ အပူပိုင်းဇုန်ထဲမှာပါ ပါတယ်။ အပူပိုင်းဇုန်မှာ တစ်နှစ်ပတ်လုံးဖြစ်နေတယ်။ မေလကုန် ဇွန်လဆန်းကစပြီးတော့ တောက်လျှောက်ကို ဖြစ်လာပြီး အောက်တိုဘာလအထိကို ဖြစ်တာကို တွေ့ရတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှုများ ရှိနေပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် အားလျော်စွာ တရုတ်နိုင်ငံ၏ ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး နိုင်ငံအတွင်း ရောဂါဖြစ်ပွားလာနိုင်ခြေကို ခန့်မှန်းတွက်ချက်နိုင်သည်ဟုလည်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက “ တရုတ်မှာ ဓာတ်ခွဲနမူနာရယူမှုကိုကြည့်ရင် နှစ်သိန်းခွဲလောက်မှာ Influenza A (H3) က အများဆုံး ဖြစ်နေပါတယ်။ A (H1N1) က ကျွန်မတို့နိုင်ငံကို သူတကယ်လို့ ဖြစ်တာများပြီ။ တွေ့တာများပြီဆို ဒုက္ခပေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ တကယ့် တကယ် ကျွန်မတို့ နိုင်ငံရဲ့ ပုံမှန်ဖြစ်နေတဲ့ဟာက A (H3N2) ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ A (H1N1) ဖြစ်တာများတဲ့နှစ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ ဖြစ်ပွားသေဆုံးမှုတွေ များတာကို တွေ့ရပါတယ်။ ကျွန်မတို့အတွက်ကတော့ Influenza B ကသိပ်ပြီး ပြဿနာပေးလေ့မရှိပါဘူး။ လက်ရှိ တရုတ်နိုင်ငံမှာ A(H3) က ၁၅၀၀၀ ကျော်ကျော်နဲ့ A (H1N1) က ၇၀၀၀ ကျော်၊ Influenza B က ၈၀၀၀ ကျော် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဆိုသည်။

Influenza A(H1N1) pdm 09 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေးရောဂါအနေဖြင့် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခုရာသီတွင် အိမ်နီးချင်းနိုင်ငံများ၌လည်း ဖြစ်ပွားနေသော ရောဂါတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၄၀၆ ဦးတွင် Influenza A(H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၈ ဦး ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးတွင် Influenza A(H1N1) pdm 09 ပိုးတွေ့ရှိခဲ့ရာ သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်က မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူစုစုပေါင်း ၉၇၅၄၀ ရှိခဲ့ရာ ၎င်းတို့အနက် တရုတ်နိုင်ငံက ၈၂၈၀၀ ဖြင့် ၈၄ ရာခိုင်နှုန်းကျော် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံက ၁၁၇ ဦးဖြင့် သုညရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဇုန်နိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေအရ တရုတ်နိုင်ငံတွင် ဖြစ်ပွားသူ ၈၂၈၀၀၊ အိန္ဒိယနိုင်ငံတွင် ၇၇၆၄ ဦး၊ ဘရာဇီးနိုင်ငံတွင် ၁၂၀၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၇၀၆ ဦး၊ ထိုင်းနိုင်ငံတွင် ၆၆၆ ဦး၊ မြန်မာနိုင်ငံတွင် ၁၁၇ ဦး၊ သြစတြေးလျနိုင်ငံတွင် ၃၅၈၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၃၂ ဦး၊ လာအိုနိုင်ငံတွင် ၂၃၈ ဦး၊ နယူးဇီလန်နိုင်ငံတွင် ၃၂၃ ဦး ဖြစ်ပွားမှုရှိခဲ့သည်။

နေပြည်တော်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှရရှိသည့် အချက်အလက်အရ ၂၀၁၉ ခုနှစ်တွင် Seasonal Influenza ဖြစ်ပွားသည့် ကာလအပိုင်းအခြားမှာ ဇွန်လ နောက်ဆုံးပတ်တွင် ရောဂါ စတင်ဖြစ်ပွားမှု မြင့်တက်လာပြီး ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ရောဂါဖြစ်ပွားမှု အမြင့်ဆုံးအချိန်ဖြစ်ခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်မှ အောက်တိုဘာ ပထမပတ်အထိ ကာလများတွင် ရောဂါဖြစ်ပွားမှု လျော့ကျခဲ့သည်ဟု သိရသည်။

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူများတွင် နာတာရှည်ရောဂါ အခံရှိသူများ၊ အသက်အရွယ်ကြီးလွန်းသူနှင့် ငယ်လွန်းသူကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းမြင့်မားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ရာသီတုပ်ကွေးရောဂါ တွေ့ရှိ၍ သေဆုံးသူ ၁၁၀ အနက် အသက်အုပ်စု ၁၅ နှစ်မှ ၆၅ နှစ်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ ၄၄ ရာခိုင်နှုန်း ဖြစ်ကာ နာတာရှည်ရောဂါအခံရှိသူ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ အာရုံကြော၊ မွေးရာပါ ရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအား ကျဆင်းသည့်ရောဂါ) များတွင် သေဆုံးသူ ၈၈ ဦးအထိရှိပြီး စုစုပေါင်းသေဆုံးမှု၏ ရာခိုင်နှုန်း ၈၀ ရှိခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့သော်လည်း ဆေးရုံသို့ နောက်ကျမှ ရောက်ရှိလာသူများတွင် သေဆုံးနှုန်းမြင့်မားခဲ့သည်ဟု သိရသည်။         

ရာသီတုပ်ကွေးရောဂါ ကာကွယ်ရန် ကာကွယ်ဆေးထိုးနှံ၍ရပြီး ကျန်းမာရေးဝန်ထမ်းများ အပါအဝင် အသက် ၆၅ နှစ်အထက် လူကြီးများ၊ အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါ အခံရှိသူများ သည် ရာသီတုပ်ကွေးရောဂါ ကူးစက်နိုင်ခြေမြင့်မားသည့် အုပ်စုများဖြစ်၍ ကာကွယ်ဆေးထိုးနှံထားရန် လိုအပ်သည်ဟု ဆိုသည်။

လက်ရှိတွင် ရာသီတုပ်ကွေးရောဂါ ကူးစက်နိုင်ခြေမြင့်မားသော ကျန်းမာရေးဝန်ထမ်း ၁ ဒသမ ၁ သန်းကျော်ကို ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေမှုနှင့်ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက  ဓ ရာသီတုပ်ကွေးနဲ့ ပတ်သက်လို့ သူ့ရဲ့ကာကွယ်ဆေးက အခုကျန်းမာရေးဝန်ထမ်းတွေအတွက်ထိုးမယ့် ကာကွယ်ဆေးရော၊ အရန်လိုအပ်တဲ့အခါ သုံးရအောင် မှာထားတဲ့ဟာတွေ အားလုံးက ကျွန်မတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ကာကွယ်ဆေးတွေမှာဖို့အတွက် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်အဖွဲ့တွေရဲ့ အကြံပေးချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Guideline တွေနဲ့ နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စောင့်ကြပ်ကြည့်ရှုထားတဲ့ အချက်အလက်တွေကရရှိတဲ့ ဗိုင်းရပ်စ်တွေအပေါ် မူတည်ပြီး မှာထားတာ ဖြစ်ပါတယ်။ ၁ ဒသမ ၂ သန်းမှာ ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းက ၁ ဒသမ ၁ သန်းကျော် ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းအားလုံး အကျုံးဝင်ပါတယ်။ ရောက်နေပြီဖြစ်တဲ့အတွက် မကြာခင်ထိုးပေးဖို့ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ကာကွယ်ဆေးကိုသာ ထိုးနှံမယ်ဆိုရင်တော့ ၇၀ -၈၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ ၁၀၀ ရာနှုန်းပြည့်တော့ မရပါဘူး။ ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်က ထိုးတဲ့ကာကွယ်ဆေးတွေကို ကာကွယ်နိုင်မလားဆိုတော့ ကာကွယ်နိုင်မှုက အလွန်နည်းပါတယ်” ဟု ဆိုသည်။

ယခင်နှစ်က ထိုးခဲ့သည့် ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေးသည် ယခုနှစ်အတွက် အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိဘဲ နှစ်အလိုက် ထိုးရမည့် ကာကွယ်ဆေးကို အတိအကျထိုးနိုင်မှသာလျှင် ကာကွယ်နိုင်မှု အပြည့်အဝရရှိမည်ဖြစ်သည်ဟု သိရသည်။

“ ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်က ထိုးတဲ့ကာကွယ်ဆေးတွေကို ကာကွယ်နိုင်မလားဆိုတော့ ကာကွယ်နိုင်မှုက အလွန်နည်းပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုးရမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးက ဒီနှစ်အတွက် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ သူ့နှစ်နဲ့သူ ထိုးရမယ့် ကာကွယ်ဆေးကို တိတိကျကျထိုးနိုင်မှသာလျှင် ကာကွယ်ပေးနိုင်မှု အမြင့်ဆုံးဖြစ်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက အကြံပြုပြောကြားသည်။

ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံရာတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် မှတ်ပုံတင်ရရှိထားသော တရားဝင်ကုမ္ပဏီများ၏ တုပ်ကွေးကာကွယ်ဆေးများကိုသာ အသုံးပြုရန် FDA က အသိပေးကြေညာထားသည်။ လက်ရှိအခြေအနေတွင် အွန်လိုင်းပေါ်တွင်လည်းကောင်း၊ အခြားကြော်ငြာနည်းများဖြင့်လည်းကောင်း တုပ်ကွေးကာကွယ်ဆေးများ ဝယ်ယူနိုင်ကြောင်း ကြော်ငြာခြင်းများစွာ ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံခြင်းကို တုပ်ကွေးရောဂါ ကူးစက်ခံရပါက ရောဂါပိုမိုပြင်းထန်နိုင်သော သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများ သက်ရောက်လွယ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ခြောက်လမှ ငါးနှစ်အထိ ကလေးများ၊ သက်ကြီးရွယ်အိုများ (အသက် ၆၅ နှစ် အထက်)၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းနေသောသူများနှင့် ကျန်းမာရေးဝန်ထမ်းများကိုသာ ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။

ယခုနှစ်တွင် ရာသီတုပ်ကွေးရောဂါမှာ ကပ်အသွင်ဖြစ်လာနိုင်ခြင်းရှိမရှိကိုမူ ဒေါက်တာခင်ခင်ကြီးက “ ရာသီတုပ်ကွေးက ၂၀၀၉ ခုနှစ်က စဖြစ်တယ်။ လူတွေမှာ တောက်လျှောက်ကိုယ်ခံအား ရှိနေတယ်။ ၂၀၁၀ က စပြီးတော့ ကမ္ဘာပေါ်မှာ ပျံ့နှံ့ပြီးတော့ ဆက်ရှိနေတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် လူတွေမှာ ကိုယ်ခံအားတက်တယ်။ ကျွန်မတို့နိုင်ငံမှာဆိုရင်တော့ ၂၀၁၉ ခုနှစ်မှာ ရာသီတုပ်ကွေးကြောင့် သေတာ ၁၂၈ ယောက်ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရာသီတုပ်ကွေးကြောင့် သေဆုံးတဲ့သူတစ်ယောက်မှ မရှိခဲ့ဘူး။ ၂၀၁၇ မှာ ကျပြန်တော့ ရာသီတုပ်ကွေးဖြစ်ပြီး သေဆုံးခဲ့တဲ့ သူ ၆၀ ရှိခဲ့တယ်။ ပြောချင်တာက ရာသီတုပ်ကွေးက တစ်နှစ်ခြား လာတတ်တာလား ။ အဲဒီလိုလည်း ပြောလို့မရဘူး။ ရာသီတုပ်ကွေးက သွေးလွန်တုပ်ကွေးလိုမျိုး ဒီနှစ်မှာဖြစ်ရင် နောက်နှစ်မဖြစ်ဘူးတို့၊ တစ်နှစ်ခြားဖြစ်တယ်တို့ အဲဒီလိုမရှိဘူး။ ဖြစ်ချင်တဲ့နှစ် ဖြစ်တယ်ဆိုတော့ ပေါ့ဆလို့မရဘူး။ ကျွန်မတို့နိုင်ငံအနေနဲ့ ဆိုရင်တော့ အခုချိန်က အထူးသတိထားရမယ့်အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရာသီကတော့ ရာသီတုပ်ကွေး ဖြစ်ပွားကူးစက်မှုများနိုင်တဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် မပေါ့ဆဖို့ပါပဲ။ ရာသီတုပ်ကွေးကိုလည်း လွတ်သွားမှာ စိုးရိမ်တယ်။ တစ်နည်းအားဖြင့် ပြောရင် COVID-19 ကိုပဲ စိုးရိမ်နေတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ အားသာချက်တစ်ခုကတော့ COVID-19 ဖြစ်လာတဲ့အတွက်ကြောင့် လိုက်နာရမယ့် စည်းကမ်းကျင့်ဝတ်တွေကို ရှိလာတဲ့အတွက်ကြောင့် ရာသီတုပ်ကွေးမှာလည်း အားသာချက်ဖြစ်လာတဲ့အတွက် ရာသီတုပ်ကွေးဖြစ်ပွားမှု လျော့ကျမယ်လို့တော့ အကောင်းဘက်က မျှော်လင့်ရပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent