COVID-19 ကပ်ရောဂါကြောင့် ပေးအပ်သော အခွန်သက်သာခွင့်များကို အခွန်ရှောင်လိုသော ရည်ရွယ်ချက်ဖြင့် ရယူခြင်း၊ မမှန်မကန် ဖော်ပြရယူခြင်းများ စိစစ်တွေ့ရှိပါက ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြန်လည် စည်းကြပ်ခြင်းများ ဆောင်ရွက်မည်

COVID-19 ကပ်ရောဂါကြောင့် ပေးအပ်သော အခွန်သက်သာခွင့်များကို အခွန်ရှောင်လိုသော ရည်ရွယ်ချက်ဖြင့် ရယူခြင်း၊ မမှန်မကန် ဖော်ပြရယူခြင်းများ စိစစ်တွေ့ရှိပါက ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြန်လည် စည်းကြပ်ခြင်းများ ဆောင်ရွက်မည်
Published 20 June 2020
စည်သူအောင်

COVID-19 ကပ်ရောဂါကြောင့် ပေးအပ်သော အခွန်သက်သာခွင့်များကို အခွန် ရှောင်ရှားလိုသော ရည်ရွယ်ချက်ဖြင့် ရယူခြင်း၊ မမှန်မကန် ဖော်ပြပြီး ရယူခြင်းများ စိစစ်တွေ့ရှိပါက ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြန်လည် စည်းကြပ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၆၅/ ၂၀၂၀ ဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် ပြည်ထောင်စု အခွန်အကောက် ဥပဒေဆိုင်ရာအမိန့် အပိုဒ် ၅ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု အခွန်အကောက်ဥပဒေဆိုင်ရာ အမိန့်တွင် ပါဝင်သော ထပ်တိုးပေးချေရသည့် လုပ်ခလစာ ဆိုသည်မှာ ယခင်နှစ်နှင့် တူညီသော ဝန်ထမ်းဦးရေရှိ ဝန်ထမ်းများ၏ လုပ်ခ၊ လစာများအား တိုးမြှင့်ပေးခြင်းကြောင့် လုပ်ခ၊ လစာစရိတ် မြင့်တက်ခြင်း၊ ဝန်ထမ်းအင်အား တိုးချဲ့ခြင်းကြောင့် လုပ်ခ၊ လစာစရိတ် မြင့်တက်ခြင်းကိစ္စ တစ်ခုခုကြောင့် ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်တွင် ယင်းဝင်ငွေနှစ် မတိုင်မီ ကပ်လျက်ရှိသော ဝင်ငွေနှစ် (ယခင်နှစ်) ထက် ပိုမိုပေးချရသည့် လုပ်ခ၊ လစာကို ဆိုခြင်း ဖြစ်သည်။ ထပ်တိုး ပေးချေရသည့် လုပ်ခ၊ လစာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏအား အခွန်ခုနှိမ်ခွင့် ပြုမည်ဖြစ်သည်။ ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် ဖြစ်သောကြောင့် ပြန်အမ်းငွေအား တောင်းခံခြင်း၊ အခြားအခွန် အမျိုးအစားများ၌ ခုနှိမ်ခြင်းနှင့် နောက်နှစ်များသို့ ဆက်လက် သယ်ဆောင် ခုနှိမ်ခြင်း မပြုကြောင်း သိရသည်။

ပြည်ထောင်စု အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်တွင် ပါဝင်သော ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအပေါ် အသုံးစရိတ်အဖြစ် တိုးမြှင့်နုတ်ပယ်ခွင့်ပြုခြင်း ကဏ္ဍတွင်  ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာပမာဏ စုစုပေါင်း ၁၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏကို စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုမည် ဖြစ်သည်။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ၊ စရိတ်အား နုတ်ပယ်ခွင့်ပြုသည့်အတွက် လုပ်ငန်းမှ အရှုံးပေါ်ပေါက်လာပါက အဆိုပါအရှုံးအား ဝင်ငွေခွန်ဥပဒေနှင့်အညီ နောက်နှစ်များသို့ ဆက်လက် သယ်ဆောင် နုတ်ပယ်ခွင့်ပြုမည် ဖြစ်သည်။

မ-တည် အပိုင်ပစ္စည်းများတွင် ထပ်တိုး ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့်ပြုခြင်းအတွက် အဓိပ္ပာယ်သတ်မှတ်ချက်မှာ မ-တည်အပိုင်ပစ္စည်း (Capital-Equipment) ၌ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုဆိုရာ၌ ဒြပ်မဲ့ရရန်ပိုင်ခွင့်များအတွက် ရင်းနှီးမြှုပ်နှံမှု၊ မြေ၊ အဆောက်အအုံ သို့မဟုတ် မြေနှင့် အဆောက်အအုံကို ဝယ်ယူခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းကိစ္စများ ပါဝင်ခြင်း မရှိစေရေး၊ ထို့ပြင် မ-တည်အပိုင်ပစ္စည်း ပြောင်းလဲတိုးမြှင့်ခြင်းမရှိဘဲ ယခင်ဝင်ငွေအတိုင်း ပိုင်ဆိုင်ထားသည့်လုပ်ငန်း၏ ဒြပ်ရှိ မတည်ပစ္စည်းများ၏ တန်ဖိုးကို တန်ဖိုးပြန်လည် သတ်မှတ်ခြင်းပြုပါက ထပ်တိုးလာသည့် ပမာဏကို ထပ်တိုးရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ခြင်း မပြုကြောင်း သိရသည်။ မ-တည်အပိုင် ပစ္စည်း၌ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုအတွက် ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏအား အခွန်ခုနှိမ်ခွင့် ပြုမည်ဖြစ်သည်။ ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် ဖြစ်သောကြောင့် ပြန်အမ်းငွေအား တောင်းခံခြင်း၊ အခြားအခွန် အမျိုးအစားများတွင် ခုနှိမ်ခြင်းနှင့် နောက်နှစ်များသို့ ဆက်လက်သယ်ဆောင် ခုနှိမ်ခြင်း မပြုကြောင်း သိရသည်။

ထပ်တိုး မ-တည်အပိုင်ပစ္စည်းများအတွက် တန်ဖိုးလျော့စရိတ်ကို တိုးမြှင့်ခွင့်ပြုခြင်းအတွက် အဓိပ္ပာယ် သတ်မှတ်ချက်မှာ ထပ်တိုး မ-တည်အပိုင်ပစ္စည်းများအတွက် တန်ဖိုးလျော့စရိတ် ဆိုရာတွင် အထက်ပါ အဓိပ္ပာယ် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မ-တည် အပိုင်ပစ္စည်းများတွင် ထပ်တိုးရင်းနှီးမြှုပ်နှံသည့် မတည် အပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့စရိတ်ကို ဆိုလိုသည်။ ၂၀၁၉- ၂၀၂၀ ဝင်ငွေနှစ်တွင် ထပ်တိုးရယူသည့် မ-တည်အပိုင် ပစ္စည်းများအတွက် နုတ်ပယ်ခွင့်ရရှိမည့် တန်ဖိုးလျော့စရိတ် ၁၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏကို စရိတ်အဖြစ် နုတ်ပယ်ခွင့် ပြုမည်ဖြစ်ပြီး အဆိုပါ နုတ်ပယ်ခွင့်ကို ယင်းဝင်ငွေနှစ် တစ်နှစ်တည်းအတွက်သာ ရရှိမည် ဖြစ်သည်။ အခွန်ထမ်းအနေဖြင့် လုပ်ငန်းမှ အရှုံးပေါ် ပေါက်လာစေကာမူ အဆိုပါ အသုံးစရိတ်ကို အပြည့်အဝ နုတ်ပယ်ခွင့်ပြုရမည်ဖြစ်ပြီး ယင်းအရှုံးအား ဝင်ငွေခွန်ဥပဒေနှင့်အညီ နောက်နှစ်များသို့ ဆက်လက် သယ်ဆောင်နုတ်ပယ်ခွင့်ပြုမည် ဖြစ်သည်။

ဤလုပ်ထုံးလုပ်နည်းပါ အခွန်ဆိုင်ရာ သက်သာခွင့်များကို အခွန်ရှောင်ရှားလိုသော ရည်ရွယ်ချက်ဖြင့် ရယူကြောင်း သို့မဟုတ် မမှန်ကန်သော တင်ပြချက်များကို တင်ပြ၍ ရရှိခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက အခွန်ဆိုင်ရာ သက်သာခွင့်အား ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပြန်လည်စည်းကြပ်ခြင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။         

 

Most Read

Most Recent