ပြည်ထောင်စုအဆင့် အကြီးအကဲများကို နေရာချထားပေးခြင်း မရှိဟု ဖြေကြားထားသော ဇမ္ဗူသီရိမြို့နယ်အတွင်း ဖော်ဆောင်နေသည့် မြေယာများနှင့် လူမှုကွန်ရက်တွင် လတ်တလော ပျံ့နှံ့နေသော လျာထားမြေကွက် ၁၆ ကွက်စာရင်းမှာ နေရာချင်းမတူဘဲ ကွဲလွဲနေ

ပြည်ထောင်စုအဆင့် အကြီးအကဲများကို နေရာချထားပေးခြင်း မရှိဟု ဖြေကြားထားသော ဇမ္ဗူသီရိမြို့နယ်အတွင်း ဖော်ဆောင်နေသည့် မြေယာများနှင့် လူမှုကွန်ရက်တွင် လတ်တလော ပျံ့နှံ့နေသော လျာထားမြေကွက် ၁၆ ကွက်စာရင်းမှာ နေရာချင်းမတူဘဲ ကွဲလွဲနေ
ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားဖော်ဆောင်နေသည် ဟုဆိုသော ဥတ္တရသီရိမြို့နယ်ရှိ မြေကွက်များကို အပေါ်စီးမှ တွေ့ရစဉ်
ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားဖော်ဆောင်နေသည် ဟုဆိုသော ဥတ္တရသီရိမြို့နယ်ရှိ မြေကွက်များကို အပေါ်စီးမှ တွေ့ရစဉ်
Published 19 June 2020
ကျော်ဇောလင်း၊ အောင်မင်းသိန်း

ပြည်ထောင်စုအဆင့် အကြီးအကဲများကို နေရာချထားပေးခြင်းမရှိဟု ဖြေကြားထားသော ဇမ္ဗူသီရိမြို့နယ်အတွင်း ဖော်ဆောင်နေသည့် မြေယာများနှင့် လူမှုကွန်ရက်တွင် လတ်တလော ပျံ့နှံ့နေသော လျာထားမြေကွက် ၁၆ ကွက်စာရင်းကို စုံစမ်းမှုအရ နေရာချင်းမတူဘဲ ကွဲလွဲနေကြောင်း သိရသည်။

နေပြည်တော် ဟိုတယ်ဇုန်(၁)ရှိ Max Myanmar ဟိုတယ်နောက်ကျော၊ ဇမ္ဗူသီရိမြို့နယ်အတွင်း၌ ဖော်ဆောင်နေသော မြေယာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မည်သူ့ကိုမျှ မြေယာချထားပေးခြင်း မရှိသေးဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူများက ဖြေကြားထားခြင်းများသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ဝေဖန်များခံနေရသော လျာထားမြေကွက်များ ဖြစ်သည့် ပြည်ထောင်စုအဆင့် အကြီးအကဲများ ရယူထားသည်ဆိုသည့်နေရာနှင့် ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအတွက် မြေနေရာ ဖော်ထုတ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် Max Myanmar ဟိုတယ်နောက်ကျောတွင် ဖော်ဆောင်နေသော မြေနေရာသည် အဆင့်မြင့်အိမ်ရာ စီမံကိန်းဖြစ်ပြီး လက်ရှိအချိန်အထိ မည်သူ့ကိုမျှ နေရာချထားပေးခြင်း၊ ရောင်းချထားခြင်း မရှိသေးကြောင်း နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ဖြေကြားထားသည်ဟု 7Days သတင်းဌာနတွင် ဖော်ပြထားမှုအရ သိရသည်။

ယင်းအပြင် ဇွန် ၁၂ ရက်က ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင်လည်း နေပြည်တော် ဟိုတယ်ဇုန်(၁)ရှိ Max Myanmar ဟိုတယ် နောက်ကျော၊ ဇမ္ဗူသီရိမြို့နယ် အတွင်း၌ ဖော်ဆောင်နေသော မြေယာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မည်သူ့ကိုမျှ မြေယာချထားပေးခြင်း မရှိသေးဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားထားသည်။

Max Myanmar ဟိုတယ်၏ နောက်ကျောတွင် ဖော်ဆောင်နေသော မြေနေရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများအတွက် ဖော်ဆောင်နေသည်ဆိုသော သတင်းများ ထွက်နေမှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“Max Myanmar ဟိုတယ်နောက်က ဆိုတာက အခုထက်ထိ ဘယ်သူ့ကို နေရာချမယ်ဆိုတာ ကျွန်တော်တို့ဆီမှာ အတည်တကျ ကျွန်တော်တို့ဆီမှာ ခွင့်ပြုထားတာ မရှိသေးပါဘူး။ မြေကွက်ကိုတော့ ကျွန်တော်တို့က နေပြည်တော် စည်ပင်သာယာရေး ကော်မတီရဲ့ ထုံးစံအတိုင်း မြေကွက်လွတ်တွေမှာ အိမ်ရာတွေအတွက် ဖော်တာရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

နေပြည်တော် ဟိုတယ်ဇုန်(၁)ရှိ Max Myanmar ဟိုတယ်နောက်ကျောတွင် မြေယာကွက်များ ဖော်ထားသော်လည်း မည်သူကိုမျှ မြေယာချထားပေးခြင်း မရှိသေးဘဲ ယင်းနေရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက်မြေ လေးဧကလည်း ချထားပေးထားခြင်း မရှိကြောင်း ဦးမျိုးအောင်က ပြောကြားခဲ့သည်။

သို့သော်လည်း အထက်ပါကဲ့သို့ မြေနေရာချထားပေးခြင်း မရှိသေးကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများ၏ ပြောဆိုထားသည့် မြေကွက်များနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ဝေဖန်ခံနေရသော ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားမြေကွက် ၁၆ ကွက်စာရင်း မှာ နေရာချင်း မတူညီဘဲ ကွဲလွဲနေကြောင်း စုံစမ်းသိရှိရသည်။

လတ်တလော လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားသည်ဆိုသော မြေကွက်များသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်အတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေဧက ၉၀ ကျော် ကျယ်ဝန်းသော လရောင်တော စီမံကိန်းအနီးရှိ မြေကွက်များဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားဖော်ဆောင်နေသည်ဆိုသော မြေကွက်တစ်ခုပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းအချို့ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ပုံကြီး)၊ မြေဧရိယာဧက ၉၀ ကျော်ရှိ လရောင်တော စီမံကိန်းနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားမြေကွက် (အနီဝိုင်း ဖော်ပြထား) ကို Google Map မှ တစ်ဆင့်တွေ့ရစဉ် (ပုံသေး)

ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားသည်ဆိုသော မြေကွက်များသည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက် ရာဇသင်္ဂဟအိမ်ရာ(၂) မြဝတီလမ်း အရှေ့ဘက်ကပ်လျက်တွင် လျာထား မြေကွက် ၁၀ ကွက် ဖော်ဆောင်နေသည်ဟု သိရပြီး ယင်းမြေကွက်များ အတွင်း၌ ကွန်ကရစ်လမ်း၊ ကွန်ကရစ် ရေနုတ်မြောင်း၊ မီးတိုင်များလည်း တည်ဆောက်ထားပြီး ဖြစ်သည်ဟု သိရသည်။

ယင်းနေရာတွင် ဖော်ဆောင်နေသည့် လျာထားမြေကွက် ၁၀ ကွက်ဖြစ်ပြီး လျာထား မြေကွက်အမှတ် (၉/၁၀၀၁)သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတင်မျိုးဝင်းအတွက် လျာထားပြီး အကျယ်အဝန်းအားဖြင့် အလျား ၇၀၀ ပေ၊ အနံ ၅၀၀ ပေ ကျယ်ဝန်းကြောင်း၊ လျာထားမြေကွက်အမှတ် (၉/ ၁၀၀၂) သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အတွက် လျာထားပြီး အကျယ်ဝန်းအားဖြင့် ၂ ဒသမ ၅ ဧကခန့် ကျယ်ဝန်းသည်ဆိုသည့် သတင်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေအတွက် လျာထားမြေကွက် အမှတ် (၉/၁၀၀၃)၊ နိုင်ငံတော်ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူအတွက် လျာထားမြေကွက် အမှတ် (၃/၁၀၀၄)၊ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးထင်ကျော်အတွက် လျာထားမြေကွက် အမှတ် (၃/၁၀၀၅)၊ မည်သူ့အတွက် ဖြစ်သည်ကို စုံစမ်းဆဲလျာထား မြေကွက်အမှတ် (၃/ ၁၀၀၆)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် လျာထားမြေကွက်အမှတ်(၁၀၀၇)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အတွက် လျာထားမြေကွက်အမှတ် (၁၀၀၈) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအတွက် လျာထားမြေကွက် အမှတ် (၁/ ၁၀၁၀) တို့သည် အကျယ်အဝန်းအားဖြင့် အလျား ၇၀၀ ပေ၊ အနံ ၅၀၀ ပေ ကျယ်ဝန်းသည်ဆိုသည့် သတင်းများသည်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

အဆိုပါ မြေနေရာတွင် ဖော်ဆောင်ထားသော လျာထားမြေကွက်အမှတ် (၉/ ၁၀၀၉) သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လျာထားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး အကျယ်အဝန်းအားဖြင့်လည်း ၄ ဒသမ ၄ ဧက ခန့် ကျယ်ဝန်းသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် လရောင်တော စီမံကိန်း ဧရိယာ၏ မြောက်ဘက် မလှိုင်လမ်းနှင့် ကပ်လျက်တွင် ဖော်ဆောင်နေသည့် လျာထားမြေကွက် ခြောက်ကွက်သည် အကျယ်အဝန်းအားဖြင့် အလျား ၄၅၀ ပေ၊ အနံ ၄၀၀ ပေအထိ ကျယ်ဝန်းပြီး လျာထားမြေကွက်များတွင်  လျာထားမြေကွက်အမှတ် (၉/၁၀၁၁) သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လျာထားမြေကွက် အမှတ် (၁/၁၀၁၂) သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လျာထားမြေကွက် အမှတ် (၉/၁၀၁၃) သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လျာထားမြေကွက် အမှတ် (၉/၁၀၁၄) သည် မည်သည့် ပုဂ္ဂိုလ်အတွက် သိရှိရခြင်း မရှိသေးဘဲ လျာထားမြေကွက် အမှတ် (၉/ ၁၀၁၅)သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လျာထားမြေကွက်အမှတ် (၉/ ၁၀၁၆) သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း စသဖြင့် လျာထားသတ်မှတ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် မြေယာဖော်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် စီမံကိန်းနေရာသည် ၂၀၁၉ ခုနှစ် မေလတွင် စတင်ခဲ့ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် မြေသယ်ယာဉ်၊ မြေထိုးယာဉ်များဖြင့် မြေညှိခြင်း၊ မြေဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မြေညှိ၊ မြေထိုးခြင်း လုပ်ငန်းများသည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပြီးစီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လျာထားသည် ဆိုသော လျာထားမြေကွက် အမှတ် (၉/ ၁၀၀၉) နှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအတွက် လျာထားဖော်ဆောင်နေသည်ဆိုသော လျာထားမြေကွက်အမှတ် (၉/၁၀၁၀) တွဲလျက် မြေကွက်နှစ်ကွက်အား ခြံစည်းရိုး အုတ်တံတိုင်း ကာရံခြင်း၊ အုတ်တံတိုင်း ဆေးသုတ်ခြင်း၊ အုတ်ညှပ်သံပန်း အကွက်များ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့မှုမှာ ၂၀၂၀ ပြည့် နှစ် ဇွန် ၁၁ ရက်တွင် ရာခိုင်နှုန်း ၇၀ ကျော်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ယင်းမြေကွက်နှစ်ကွက် အကြားတွင် ခြံစည်းရိုး ကာရံထားခြင်း မရှိသည့်အပြင် လျာထားမြေကွက်အမှတ် (၉/၁၀၀၉) တွင် ဆောက်လုပ်ရေး လုပ်နေသည့် လုပ်ငန်းခွင် လုပ်ဆောင်မှုများ မရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေအတွက် လျာထားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် လျာထားမြေကွက် အမှတ် (၉/ ၁၀၀၃) အား ခြံစည်းရိုးအဖြစ် သွပ်ဆူးကြိုး ပတ်လည်ကာရံထားပြီး အဆောက်အအုံ ဆောက်လုပ်ရန်အတွက် အောက်ခံဖောင်ဒေး ရှင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်အတွက် လျာထားသည်ဟု သတင်း များထွက်ပေါ်နေသည့် လျာထားမြေကွက် အမှတ် (၉/၁၀၀၂) အား RC တစ်ထပ် အဆောက်အအုံ ဆောက်လုပ်ရန် အောက်ခံ ဖောင်ဒေးရှင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ခြံစည်းရိုး ကာရံထားခြင်း မရှိသေးဘဲ အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုချက် အမှတ် ၄၈၄/၂၀၁၉-၂၀၂၀၊ ဒေါက်တာမျိုးအောင်၊ ဒေါ်ခင်စောမူ အမည်ဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အဆောက်အအုံအား အလျား ၉၆ ပေ၊ အနံ ၈၀ ပေ၊ အမြင့် ၁၄ ပေ ၆ လက်မဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် ဖော်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် မြေနေရာများသို့ ယခုရက်ပိုင်းအတွင်း သွားရောက်စုံစမ်းရာတွင်လည်း ယင်းနေရာများ၌ မြေယာပြုပြင်ထားခြင်းများကို တွေ့ရှိရသကဲ့သို့ အချို့မြေကွက်များတွင် အုတ်တံတိုင်း ကာရံထားခြင်းများနှင့် မြေကွက်အချို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက အစိုးရအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် အချိန်ကလည်း နေပြည်တော်တွင် ရွှေလယ်တောအဖြစ် နာမည်ကြီးသည့် လယ်တောနေရာတွင် ၂၀၁၁ ခုနှစ်ဝန်းကျင်က ဒေသခံ လယ်သမားများထံမှ မြေဧက ၃၈ ဧကကျော်ကို နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က ဝယ်ယူခဲ့ခြင်းများနှင့် ပတ်သက်၍လည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ဖူးသည်။

ထို့ပြင် နေပြည်တော်တွင် တပ်မတော်အစိုးရ တာဝန်ယူစဉ် ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် တာဝန်ယူခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)သူရရွှေမန်း၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ နိုင်ငံတော်ဒုတိယသမ္မတ (ငြိမ်း) သီဟသူရတင်အောင်မြင့်ဦး၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေး တို့သည်လည်း နေပြည်တော်တွင် မြေနေရာများ ချထားရယူခဲ့ကြဖူးကြောင်း သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဆောင်ရွက်နေသည့် မြေယာဖော်ဆောင်ခြင်း စီမံကိန်းလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

တပ်မတော်အစိုးရလက်ထက် စတင်တည်ဆောက်ခဲ့သည့် နေပြည်တော်တွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များအတွက် အိမ်ရာများ ဖော်ဆောင်၍ ဝယ်ယူခွင့်ပြုခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သမ္မတ (ငြိမ်း) ဦးသိန်းစိန် လက်ထက်ကလည်း  အသစ်ထပ်မံ ခန့်အပ်သည့် ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ညွှန်ချုပ်တို့ကို မြေယာဖော် ထုတ်ရောင်းချပေးခဲ့ခြင်းများ ရှိခဲ့သော်လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပေးခဲ့သည့် မြေကွက်နေရာများတွင် မဟုတ်ဘဲ ရွှေကြာပင်ရပ်ကွက်၊ တော်ဝင်ရတနာ လမ်းမကြီးဘေးတွင် ချထားပေးခဲ့ကြောင်း သိရသည်။ ယခု NLD အစိုးရလက်ထက်တွင် ဖော်ထုတ်ပေးနေသည့် မြေနေရာတစ်ခုမှာ ယခင်နေပြည်တော် စီမံကိန်းအရ တစ်ဖက်တွင်ရှိသည့် ပုဂ္ဂလိကအိမ်ရာ စီမံကိန်းနှင့် ဒုဝန်ကြီး၊ ညွှန်ချုပ်တို့၏ အိမ်ရာကြားရှိ Buffer Zone နှင့် ရေလှောင်ရန် နေရာအဖြစ် သတ်မှတ်ထားခဲ့ဖူးသော နေရာတွင်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ မြေကွက်များ ဖော်ထုတ်မှုအတွက် မည်သည့်ဘတ်ဂျက်ဖြင့် အသုံးပြုလုပ်ဆောင်သည် ဆိုသည်ကို မသိရှိရသေးပေ။

၂၀၀၉ ခုနှစ်ဝန်းကျင်က နေပြည်တော်တွင် ချထားပေးခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော် အရာရှိကြီးများနှင့် ဝန်ထမ်းများအား ချထားပေးခဲ့သည့် မြေလွတ်မြေရိုင်း မြေနေရာများကို မြေကွက်လျှောက်ထား ရယူသူကိုယ်တိုင် မြေညှိခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ မြေဖို့ခြင်းများ လုပ်ဆောင်ရပြီး အလျား ပေ ၁၅၀၊ အနံ ပေ ၁၅၀ ရှိသော မြေကွက်များအတွက် နိုင်ငံတော်သို့ ကျပ်သိန်း ၂၀ ဝန်းကျင် ပေးသွင်းခဲ့ရကြောင်း သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ဖော်ဆောင်နေသည့် မြေကွက်များနှင့် ပတ်သက်၍ “နေပြည်တော်က ဖြေပါလိမ့်မယ်။ ကျွန်တော်က ရန်ကုန်အလုပ်တွေ ပိုလုပ်နေရလို့ပါ” ဟု နေပြည်တော် ဒုတိယမြို့တော်ဝန် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီတွင်လည်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး လက်ထက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိ ရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး၊ မြို့မစျေးအနီး၌ (၄)ခန်းတွဲ (၄)ထပ်၊ အခန်း (၁)ခန်းလျှင် အိပ်ခန်း(၂)ခန်းပါ ၆၅၀ စတု ရန်းပေရှိ အခန်းပေါင်း ၁၀၀၀ ကို နေပြည်တော် အငြိမ်းစား ဝန်ထမ်းအိမ်ရာအဖြစ် တည်ဆောက်လျက်ရှိသည်။

 ၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူပြီး အရာထမ်း၊ အမှုထမ်းများနှင့် ၂၀၂၀ ပြည့်နှစ် အတွင်း အငြိမ်းစား အရာထမ်း၊ အမှုထမ်းများအား ရောင်းသွားမည်ဆိုသည့် အထက်ပါ တိုက်ခန်းများ၏ စျေးနှုန်းသည် မြေညီထပ် အခန်းတစ်ခန်းလျှင် ကျပ်သိန်း၂၅၀၊ ပထမ ထပ်အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ်အခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂၃၀ နှင့် တတိယထပ် အခန်းများအား ကျပ်သိန်း ၂၂၀ နှုန်းဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများကို လက်ငင်းအကျေစနစ် (သို့မဟုတ်) နေပြည်တော်ဖွံ့ဖြိုးဘဏ် လီမိတက်မှ ချေးငွေရယူကာ ငွေပေးသွင်းရမည့်စနစ်အား တိုက်ခန်းဝယ်ယူသူမှ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ချက်ချင်းပေးသွင်း ရမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၇၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အတိုးနှုန်းအတိုင်း သုံးနှစ်၊ ငါးနှစ်၊ ၁၀ နှစ်အတွင်းလစဉ်အရင်းနှင့် အတိုးပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ နိုင်ငံ့ဝန်ထမ်းများအတွက် မြေဧရိယာ ပေ ၁၀၀ ပတ်လည် မြေကွက်များကို လျှောက်ထားဝယ်ယူခွင့်ပြုခဲ့ပြီး ဒုတိယဝန်ကြီး အဆင့်ရှိသူများကို မြေဧရိယာ ပေ ၁၅၀ ပတ်လည် မြေကွက်များ၊ ပြည်ထောင်စုဝန်ကြီး အဆင့်ရှိသူများအား ပေ ၂၀၀ ပတ်လည် မြေကွက်များကို လျှောက်ထားဝယ်ယူခွင့် ပြုခဲ့သည်ဟု သိရသည်။

လက်ရှိတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟအိမ်ရာ အနီးတွင် ဒေါ်ခင်ကြည်ဖောင်ဒေရှင်းက လရောင်တော စီမံကိန်း အကောင်အထည်ဖော်ရန် နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံသို့ မြေယာလျှောက်ထားခဲ့ခြင်းကြောင့် မြေဧက ၉၀ ကျော်ကို တစ်ဧကလျှင် ပြင်ပပေါက်စျေးထက် များစွာကွာခြား နိုင်သော ကျပ်သိန်း ၅၀ နှုန်းဖြင့် ချထားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေခဲ့သည်။

ဥတ္တရသီရိမြို့နယ်ရှိ မြေဧက ၉၀ ကျော် ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လရောင်တော စီမံကိန်းလုပ်ငန်းများသည် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သကဲ့သို့ ယင်းစီမံကိန်းနှင့် ဆက်စပ်၍ မြေနေရာ ထပ်မံလျှောက်ထားခဲ့သော ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ မြေဧက ၂၃ ဧကကိုလည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ချထားပေးခဲ့ပြီးဖြစ်သည်။

“ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သူကကျွန်တော်တို့ဆီကို တင်ပြလာတာပေါ့။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို ဒီလရောင်တော စီမံကိန်းမှာ သက်မွေးစိုက်ပျိုး သင်တန်းကျောင်းပေါ့။ လုပ်မယ်ဆိုပြီးတော့ အဲဒီဟာအတွက်ကို လက်တွေ့သင်ကြားဖို့ သင်တန်းသားတွေအတွက်နေရာလိုတယ်။ ဓာတု ကင်းလွတ်စိုက်ခင်း၊ မြေယာရှုခင်းတွေ၊ သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက် ပျိုးမှု ပညာပေးပြခန်းတွေ ပြုလုပ်မယ်။ နောက်ဓာတုကင်းလွတ်တဲ့ စိုက်ခင်းထွက်ကုန် တွေ ခင်းကျင်းပြသရောင်းချဖို့အတွက် နေရာ ပြုလုပ်မယ်။ အများပြည်သူ အပန်းဖြေနိုင်မယ့် ကော်ဖီဆိုင် စသည်ဖြင့် ဒီလိုဟာမျိုးတွေ ဆောင်ရွက်လိုတဲ့ အတွက် ဒီနေရာကို ကျွန် တော်တို့ကို၊ ကော်မတီကိုတင်ပြလာပါတယ်။ တင်ပြလာတဲ့ အပေါ်မှာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ကော်မတီအ စည်းအဝေးက ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ အဲဒီနေရာမှာရှိတဲ့ စုစုပေါင်း ၂၇ ဒသမ ၁၁၇ ဧကမှာ အဝိုင်းနဲ့ အနီးကပ်ဆုံးနေရာမှာ ရှိတဲ့ ၃ ဒသမ၁၆၂ ဧကကို ပန်းခြံအဖြစ် ချန်လှပ်ခဲ့ပြီးတော့မှ ကျန်တဲ့မြေကို ၂၃ ဧကကျော် ကို ကျွန်တော်တို့က ဒေါ်ခင် ကြည်ဖောင်ဒေး ရှင်းအတွက်ကို ဂရန်ချထားပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဇွန် ၁၂ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းက အ​ကောင်အထည်​ဖော် ဆောင်ရွက်​နေသည့် ဧရိယာ ဧက ၉၀ ​ကျော် ကျယ်ဝန်းသော ဥတ္တသီရိမြို့နယ်ရှိ လ​ရောင​်​တော စီမံကိန်းအား အ​ပေါ်စီးမှ မြင်ရစဉ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်းအတွက် ထပ်မံလျှောက်ထားခဲ့သည့် မြေဧက ၂၃ ဧကကျော်ရှိသော မြေနေရာသည် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်ပိုင်ဆိုင်သည့် ရွှေလယ်တောအနီး တွင်တည်ရှိပြီး ယင်းမြေနေရာအနီး ပတ်ဝန်းကျင်သည် ကာလပေါက်စျေးအားဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၆၀၀ ဝန်းကျင်ပေါက်စျေး ရှိကြောင်းလည်း စျေးကွက်စုံစမ်းမှုအရ သိ ရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေရှင်းက လျှောက်ထားလာခြင်းကြောင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဂရန်ချထားပေးခဲ့သည့် မြေနေရာသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရာဇသင်္ဂဟ လမ်းမကြီးဘေးတွင် တည်ရှိပြီး ယခင်အစိုးရ လက်ထက်က အော်ဂဲနစ်စိုက်ခင်းအဖြစ် စိုက်ပျိုးခဲ့သည့် မြေနေရာ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါမြေနေရာသည် ကာလပေါက်စျေးအားဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၂၀၀၀ ခန့် ပေါက်စျေး ရှိနိုင်ခြင်းကြောင့် အခြားသော NGO အဖွဲ့အစည်းများက လာရောက် လျှောက်ထားသည် ဆိုပါက တစ်ဧကလျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် သတ်မှတ်ချထားပေးရန် ရှိပါသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “အဲဒါတာကတော့ ကော်မတီရဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကော်မတီကနေပြီးတော့ သူတို့ ချသင့်တယ်ဆိုလို့ရှိရင် ဒီလိုချထားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ မည်သူပရဟိတ လျှောက်တယ်၊ ဘယ်လိုနေရာမှာလုပ်မယ်၊ ဒီနေရာမှာ ဆောင်ရွက်မယ်ဆိုတာ တင်ပြတဲ့ မြေအပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့ဆီက ပေးနိုင်တဲ့ အနေအထားနဲ့ ဒါကော်မတီရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်” ဟု ဦးမျိုးအောင်က ပြန်လည် ဖြေကြားထားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ထွက်ပေါ်လာသည့် ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားဖော်ဆောင် ထားသည်ဆိုသော မြေကွက်များနှင့် ပတ်သက်၍မူ တာဝန်ရှိသူများမှ တိတိကျကျ ရှင်းလင်းပြောကြားထားမှု မရှိသေးသည့်အပြင် အမှန်တကယ် ခွင့်ပြုချထားခြင်းလား၊ လျာထားခြင်းလား ဆိုသည်ကိုလည်း သိရှိရခြင်း မရှိသေးပေ။ သို့သော်လည်း ပြည်သူပိုင်မြေများကို ပြင်ပပေါက်စျေးနှင့် များစွာကွာဟသည့် စျေးနှုန်းဖြင့် ရောင်းချမည် ဆိုပါက အဂတိလိုက်စားမှု ဥပဒေဖြင့် ငြိစွန်းနိုင်ပါသလား ဆိုသည့် မေးခွန်းထုတ် ဝေဖန်မှုများလည်း လူအများအကြားတွင် ထွက်ပေါ်လျက်ရှိပြီး ယင်းမြေကွက်များနှင့် ပတ်သက်၍ တိတိကျကျ သိနိုင်ရန် သတင်းမီဒီယာများကလည်း မေးမြန်းစုံစမ်း လျက်ရှိကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)တွင်မူ အဂတိလိုက်စားမှု ဆိုသည်မှာ(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက် အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊ (၂) မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်ရာတွင် ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုလုပ်ရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းဟု ပြဋ္ဌာန်းထားသည်။

လက်ရှိအချိန်တွင် ရာဇသင်္ဂဟအိမ်ရာ (၂)အတွင်းရှိ အလျား ၁၅၀ ပေ၊ အနံ ၁၅၀ ပေရှိသော မြေကွက်များသည် ကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၁၅၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိပြီး ဧရာဝတီလမ်း၏ လမ်းဘေး ဝဲ၊ ယာ မြေကွက်များသည် အလျား ၁၅၀ ပေ၊ အနံ ၁၅၀ ပေရှိသော မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀၀ ကျော်အထိ ပေါက်စျေးရှိနေ ကြောင်း အိမ်ရာ (၂) အတွင်း နေထိုင်နေကြသူများနှင့် စျေးကွက်အတွင်း စုံစမ်းမှုအရ သိရသည်။

အထက်ပါကဲ့သို့ ပေါက်စျေးရှိနေသော ဧရိယာအတွင်း တည်ရှိသည့် ပြည်သူပိုင် မြေနေရာများကို ပြင်ပပေါက်စျေးထက် လျော့နည်းသော စျေးနှုန်းများဖြင့် မြေယာချထားပေးမည် ဆိုပါက ကျပ်ဘီလျံများစွာ တိုင်းပြည် ဘဏ္ဍာနစ်နာနိုင်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်အတိုင်း ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် မြေနေရာချထားပေးခြင်း မရှိလျှင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အများပြည်သူ သိရှိစေရေးအတွက် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် လိုအပ်မည်ဖြစ်သည်။

ထို့ပြင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ တိုင်းရင်းဆေးရုံနှင့် သွားဆေးရုံ အနီးတွင်လည်း မြေယာသစ် ဖော်ဆောင်နေသော လုပ်ငန်းခွင်များလည်းရှိပြီး ယင်းနေရာသည် တပ်မတော် တပ်ရင်းနယ်မြေတစ်ခုနှင့် ထိစပ်နေသည့် နေရာများလည်းဖြစ်ကြောင်း သိရသည်။ ယင်းမြေနေရာနှင့် ပတ်သက်၍လည်း မည်သည့်အတွက် ဖော်ဆောင်နေခြင်း ဖြစ်သည်ကို လက်ရှိအချိန်အထိ သိရှိရခြင်း မရှိသေးပေ။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိ ရပ်ကွက်တွင် ဖော်ဆောင်နေသည့် ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားသည်ဆိုသော မြေနေရာများနှင့် ပတ်သက်၍ ပြည်သူများအကြားနှင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်နေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိများက ရှင်းလင်းပြောကြားရန် လိုအပ်နေသကဲ့သို့ ထွက်ပေါ်နေသည့် သတင်များသည် မှန်ကန်မှု ရှိ၊ မရှိ အတည်မပြုနိုင်သေးဘဲ အဆိုပါ မြေနေရာများကို ပြည်ထောင်စုအဆင့် အကြီးအကဲများ အမှန်တကယ် ရယူခြင်းထားခြင်း ရှိ၊ မရှိနှင့် မည်သို့သော စနစ်ဖြင့် မြေနေရာချထားပေးသည် ဆိုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဖြေကြားထားမှု မရှိသေးသဖြင့် အတိအကျ မသိရသေးပေ။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားမြေနေရာများ ဖော်ဆောင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍မူ ဇွန် ၁၉ ရက် (ယနေ့) တွင် ပြုလုပ်ရန် လျာထားသည့် နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်များနှင့် တွေ့ဆုံမည့် Press Briefing တွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထည့်သွင်းရှင်းလင်းမည်ဟု ကနဦး မေးမြန်းထားမှုအရ သိရသည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီတွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုကြည့်လျှင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ဆိုသည်မှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များကို ဆိုလိုကြောင်း ဖော်ပြထားသည်။

အဆိုပါဥပဒေတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာငွေများနှင့် တပ်မတော်သားဖြစ်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ မိမိနှင့်သက်ဆိုင်သော လစဉ်ချီးမြှင့်ငွေနှင့် တပ်မတော်သားအဖြစ် ခံစားခွင့်ရှိသော လစာများအနက် မိမိနှစ်သက်ရာ ချီးမြှင့်ငွေ (သို့မဟုတ်) လစာ တစ်မျိုးတည်းကိုသာ ခံစားခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် အဆိုပါ ဥပဒေအရ လစာ၊ စရိတ်၊ အဆောင်အယောင်၊ အထွေထွေ စသည်များကို ခံစားခွင့်ရရှိထားပြီး အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ လျှပ်စစ်ဓာတ်အားနှင့် ရေအခမဲ့ သုံးစွဲခွင့်များအပြင် အခြားသော ခံစားခွင့်များ ပါဝင်ကြောင်း သိရသည်။

လက်ရှိ ပြည်ထောင်စုအဆင့် အကြီးအကဲများအတွက် လျာထားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် မြေကွက်များနှင့် ကပ်လျက်ရှိသော နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဒိရပ်ကွက် ရာဇသင်္ဂဟအိမ်ရာ (၂) အတွင်းရှိ မြေကွက်များသည် နိုင်ငံဝန်ထမ်း အရာရှိကြီးများအတွက် ချထားပေးခဲ့သည့် မြေကွက်များဖြစ်ပြီး ယင်းမြေကွက်များတွင် ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent