ရွေး‌ကောက်ပွဲ ထပ်မံအနိုင်ရရေးအတွက် တရုတ်သမ္မတ ရှီကျင်ပင်း၏အကူအညီကိုယူရန် ထရန့်က ကြိုးပမ်းခဲ့ဟု အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘိုတန်က စာအုပ်သစ်၌စွပ်စွဲ

ရွေး‌ကောက်ပွဲ ထပ်မံအနိုင်ရရေးအတွက် တရုတ်သမ္မတ ရှီကျင်ပင်း၏အကူအညီကိုယူရန် ထရန့်က ကြိုးပမ်းခဲ့ဟု အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘိုတန်က စာအုပ်သစ်၌စွပ်စွဲ
 ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ တွင် ပေကျင်း၏ ပြည်သူ့ခန်းမဆောင်၌ အမေရိကန်သမ္မတ ထရန့်(ဝဲ)နှင့် တရုတ်သမ္မတ ရှီကျင်ပင်း(ယာ)တို့ကို တွေ့ရစဉ်
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ တွင် ပေကျင်း၏ ပြည်သူ့ခန်းမဆောင်၌ အမေရိကန်သမ္မတ ထရန့်(ဝဲ)နှင့် တရုတ်သမ္မတ ရှီကျင်ပင်း(ယာ)တို့ကို တွေ့ရစဉ်
Published 18 June 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရွေးကောက်ပွဲတွင် ပြန်လည်‌ရွေးချယ်ခံရရေးအတွက် ကူညီရန် တရုတ်သမ္မတရှီကျင်ပင်းကို  အကူအညီတောင်းခဲ့ကြောင်း ထရန့်၏ အကြံပေးဟောင်း ဂျွန်ဘိုတန်က ထုတ်ဝေခဲ့သော စာအုပ်တွင်စွပ်စွဲခဲ့သည်။

ရွေးကောက်ပွဲတွင် ပြန်လည်‌အရွေးခံရရန်အတွက်  တရုတ်အကူအညီကိုရယူရန် ဖျားယောင်းခဲ့ကြောင်း ဘိုတန်၏ စွပ်စွဲချက်သည် ယူကရိန်းထံမှ နိုင်ငံရေးအကူအညီရယူရန် ထရန့်က ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်ကို ထင်ဟပ်စေခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့်အချိန်တိုင်း ထရန့်သည် နိုင်ငံရေးတွက်ချက်မှုများနှင့် ဆောင်ရွက်လေ့ရှိကြောင်း ဘိုတန်က ရေးသားခဲ့သည်။

စာမျက်နှာ ၅၇၇ မျက်နှာရှိသော ဘိုတန်၏စာအုပ်သည် ထရန့်နှင့် အစိုးရအဖွဲ့အကြောင်း မကွယ်မဝှက် ရေးသားထားသော စာအုပ်ဖြစ်ဖွယ်ရှိသည်။

ဘိုတန်သည် ထရန့်၏အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ၁၇ လတာ ဆောင်ရွက်ခဲ့ပြီး ယမန်နှစ်စက်တင်ဘာက နုတ်ထွက်ခဲ့သည်။

၂၀၁၉ ဇွန်တွင်  ရှီကျင်ပင်းနှင့်တွေ့ဆုံခဲ့ပြီးနောက် ထရန့်သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အံ့အားသင့်ဖွယ်ဆောင်ရွက်ချက်ကို လုပ်ဆောင်ခဲ့ကြောင်း  ဘိုတန်က ရေးသားခဲ့သည်။

အမေရိကန်လယ်ယာထွက်ကုန်များ ကို တရုတ်က ဝယ်ယူစေလိုသည့်ဆန္ဒ ထရန့်တွင်ရှိကြောင်း ဘိုတန်၏ The Room Where It Happened စာအုပ်သစ်က ဆိုခဲ့သည်။

ထိုစာအုပ်သစ်ကို ဇွန် ၂၃ တွင် ဖြန့်ချိရန် စီစဉ်ထားသည်။ ထိုစာအုပ်ကို ဖြန့်ချိမှုအား ဟန့်တားရန် တရားရေးဌာနက အရေးပေါ်အမိန့် ထုတ်ပြန်ရေးအတွက် ဇွန် ၁၇ တွင် ကြိုးပမ်းခဲ့သည်။

ဘိုတန်သည် သူ၏စာအုပ်မှ အကျိုးအမြတ်ရရန်အတွက် ထိပ်တန်းလျှို့ဝှက်သတင်းများကို ဖြန့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာ သုံးသပ်မှုမပြီးမီ စာအုပ်ဖြန့်ချိမှုကို ရပ်ဆိုင်းထားရန် တောင်းဆိုလိုကြောင်း တရားရေးဌာနက ဆိုသည်။

ယင်းစာအုပ်ကို ထုတ်ဝေသူ Simon & Schuster က အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်သည် နိုင်ငံရေးလှုံ့ဆော်မှုပါသည့် အဓိပ္ပာယ်မဲ့ဆောင်ရွက်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် စာအုပ်များ ဖြန့်ဖြူးထားပြီးဖြစ်သောကြောင့် တားဝရမ်းထုတ်ခြင်းသည် ထိရောက်မည်မဟုတ်ကြောင်း Simon & Schuster က ဆိုခဲ့သည်။

ထရန့်နှင့် သူ၏ ၀ါရင့်အကြံပေးအဖွဲ့ကို နက်နက်ရှိုင်းရှိုင်းဝေဖန်သည့် ဘိုတန်က အိမ်ဖြူတော်အဖွဲ့သည်  ထရန့်ကို ညံ့ညံ့ဖျင်းဖျင်း ပံ့ပိုးသောကြောင့်  ထရန့်သည် ကျောက်ဆောင်များ နောက်ကွယ်ရှိ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုများကို မြင်ခဲ့ပြီး အိမ်ဖြူတော်ကို မည်သို့ ကွပ်ကဲရမည်ကို မသိဘဲ ဖြစ်နေခဲ့ကြောင်း  ဘိုတန်က ရေးသားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဆက်နွှယ်သော စွပ်စွဲမှုသည်  ယမန်နှစ်က ဂျပန်နိုင်ငံ အိုဆာကာတွင် ကျင်းပခဲ့သည့် ဂျီ-၂၀ အစည်းအဝေး၌ ထရန့်နှင့်ရှီတို့ တွေ့ဆုံမှုကို ရည်ညွှန်းခြင်းဖြစ်သည်။

ထရန့်သည် ရှီနှင့်တွေ့ဆုံမှုကို အမေရိကန်ရွေးကောက်ပွဲအတွက် ဆွေးနွေးမှုအ ဖြစ် ပြောင်းလဲပစ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရေးအတွက် တရုတ်၏ စီးပွားရေးစွမ်းပကားကို အသုံးချရန် ရှီကို စည်းရုံးခဲ့ကြောင်း ဘိုတန်က စွပ်စွဲခဲ့သည်။

ထရန့်သည် အမေရိကန် လယ်သမားများ၏ အရေးကြီးမှုကို အလေးပေးပြောကြားခဲ့ပြီး အမေရိကန်၏ပဲများနှင့် ဂျုံများကို တရုတ်က ဝယ်ယူမှုသည် ရွေးကောက်ပွဲ ရလဒ်အတွက်  အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်ဟု ဘိုတန်က ဆိုသည်။

ထရန့်၏စကားလုံးများအတိုင်း အတိအကျ ပုံနှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း၊ သို့သော်လည်း မထုတ်ဝေမီ ကြိုတင်သုံးသပ်သည့် အစိုးရ၏လုပ်ငန်းစဉ်ကြောင့် အ‌ပြောင်းအလဲများ လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ဘိုတန်က ရေးသားခဲ့သည်။

Ref: AFP

Most Read

Most Recent