ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ငါးနေရာအတွက် နိုင်ငံခုနစ်နိုင်ငံက ကြိုးပမ်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ငါးနေရာအတွက် နိုင်ငံခုနစ်နိုင်ငံက ကြိုးပမ်း
၂၀၁၇ စက်တင်ဘာ ၂၀ တွင် နယူးယောက်၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး မကျင်းပမီတွေ့ရစဉ်
၂၀၁၇ စက်တင်ဘာ ၂၀ တွင် နယူးယောက်၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး မကျင်းပမီတွေ့ရစဉ်
Published 17 June 2020
Ref: AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် အလှည့်ကျ အဖွဲ့ဝင်သစ်ငါးနေရာကို ကုလသမဂ္ဂအထွေ ထွေညီလာခံက ဇွန် ၁၇ တွင် ရွေးချယ်မည် ဖြစ်သည်။

ကင်ညာနှင့် ဂျီဘူတီတို့က အာဖရိက ကိုယ်စားပြုတစ်နေရာစာအတွက် ယှဉ်ပြိုင်နေကြပြီး အနောက်တိုင်းကိုယ်စားပြု‌ နှစ်နေရာအတွက် ကနေဒါ၊ အိုင်ယာလန်နှင့် နော်ဝေတို့က အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။

လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နေရာ တိုးချဲ့မှုတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နေရာစာ ရရှိနိုင်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော အိန္ဒိယသည် အာရှ-ပစိဖိတ်ကိုယ်စားပြု တစ်နေရာအတွက် ကန့်ကွက်သူမရှိသဖြင့် ရွေးချယ်ခံရရန် သေချာနေသည်။ မက္ကဆီကိုကလည်း လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသကိုယ် စားပြုတစ်နေရာအတွက် သေချာနေသည်။

သို့သော် အာဖရိကကိုယ်စားပြု တစ်နေရာအတွက် အစဉ်အလာအတိုင်း အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သည်။

ကင်ညာသည် အာဖရိကသမဂ္ဂ၏ ‌ထောက်ခံမှုကို ရယူနိုင်ခဲ့သော်လည်း ဂျီဘူတီက နိုင်ရိုဘီသည် ယခင်ကလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်းနှင့် အလှည့်ကျစနစ်ကြောင့် ၎င်းတို့သည် ရွေးချယ်ခံရသင့်သည်ဟု စောဒကတက်ခဲ့သည်။

ပြင်သစ်စကားပြောသော ဂျီဘူတီနှင့် အင်္ဂလိပ်စကားပြောသော ကင်ညာတို့က အာဖရိက အငူဒေသတွင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့မှုအပြင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်အတွက် အထောက်အကူပြုခဲ့မှုတို့ကို အပြိုင်အဆိုင်မီးမောင်းထိုးခဲ့ကြသည်။

ကင်ညာက ၎င်းတို့သည် ဆိုမာလီယာနှင့် တောင်ဆူဒန်တို့မှ ဒုက္ခသည်များအား လက်ခံခဲ့မှုအပြင် ထိုနှစ်နိုင်ငံ၏ ယိုင်နဲ့နေသော အစိုးရများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း ထောက်ပြခဲ့သည်။

ဂျီဘူတီကမူ ၎င်းတို့နိုင်ငံ၏ မဟာဗျူဟာမြောက် တည်ရှိမှုအပြင် ပြင်သစ်၊ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့၏ ကာကွယ်ရေးဆိုင်ရာ အခြေစိုက်စခန်းအဖြစ် ပုံမှန်မဟုတ်သော အခန်းကဏ္ဍမှ ပါဝင်နေမှုကို ရည်ညွှန်းခဲ့ပြီး ၎င်းတို့နိုင်ငံသည်လည်း ဆိုမာလီယာကို ထောက်ကူပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဥရောပကိုယ်စားပြုယှဉ်ပြိုင်မှုတွင် ပါဝင်သော ကနေဒါသည် ၂၀၁၀ ပြည့်နှစ်၌ နောက်ဆုံးအကြိမ်ယှဉ်ပြိုင်မှုတွင် ပေါ်တူဂီကို ရှုံးနိမ့်ထားခဲ့သည်။ ယခုတစ်ကြိမ်ကြိုး ပမ်းမှုတွင် ကနေဒါသည် အလွန်အမင်း အားစိုက်ထားခဲ့ပြီး မအောင်မြင်ခဲ့ပါက ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးအတွက် ပြည်တွင်းတွင် နိုင်ငံရေးဆိုင်ရာ ဧရာမ စိတ်ပျက်စရာ ဖြစ်စေမည်ဖြစ်သည်။

ကိုယ်စားလှယ်များအား စည်းရုံးနိုင်ရန်အတွက် ကနေဒါနှင့် အိုင်ယာလန်တို့က စူပါစတားများကို အသုံးပြုခဲ့ကြပြီး စလင်းဒီယွန်က နယူးယောက်တွင် ဖျော်ဖြေ၍ ကနေဒါအတွက် လှုံ့ဆော်ပေးခဲ့သည်။ U2 အဖွဲ့ကလည်း နယူးယောက်တွင် ဖျော်ဖြေပွဲပြုလုပ်ပြီး အိုင်ယာလန်ဘက်မှ စည်းရုံးပေးခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် ကပ်ရောဂါကြောင့် လည်ပတ်မှုအများစုအား ဇူလိုင်လကုန်အထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နေသော်လည်း ယခုမဲခွဲမှုတွင်  လိမ်လည်မှုနှင့် ခြယ်လှယ်မှုတို့အား စိုးရိမ်မှုကြောင့် အွန်လိုင်းမှမဲပေးမှုကို ပြုလုပ်မည်မဟုတ်ပေ။

ယင်းအစား ကိုယ်စားလှယ် ၁၉၃ ဦးက သတ်မှတ်ထားသောအချိန်အတွင်း လျှို့ဝှက်မဲပေးမှု ပြုလုပ်ရမည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အမေရိကန်နှင့် ရုရှား စသည့် ဗီတိုအာဏာရှိသော အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည်။

ကုလသမဂ္ဂအ‌‌ထွေထွေညီလာခံသည် ဇွန် ၁၇ တွင်ပင် ၂၀၂၀ -၂၀၂၁ အတွက် ဥက္ကဋ္ဌကိုလည်း ရွေးချယ်မည်ဖြစ်ပြီး တူရကီသံတမန် ဗိုလ်ကန်ဘော့ဇ်ကီယာ တစ်ဦးတည်းကသာ ယှဉ်ပြိုင်ခဲ့သည်။

 

Most Read

Most Recent