တရုတ်နိုင်ငံက သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့် မူဝါဒကြောင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့တွင် ကုန်တင်ကားကြီးများ ရက်ရှည်တန်းစီ စောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေ

တရုတ်နိုင်ငံက သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့် မူဝါဒကြောင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့တွင် ကုန်တင်ကားကြီးများ ရက်ရှည်တန်းစီ စောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေ
(ဓာတ်ပုံ - အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း)
(ဓာတ်ပုံ - အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း)
Published 17 June 2020
ပြည့်စုံ (မူဆယ်)

တရုတ်နိုင်ငံက COVID-19 ရောဂါ ကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်စည် ပို့ဆောင်ရေးတွင် တရုတ်နိုင်ငံက သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့် မူဝါဒကြောင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့တွင် ကုန်တင်ကားကြီးများ ရက်ရှည်တန်းစီ စောင့်ဆိုင်းနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု နောင့်နှေးကြန့်ကြာနေရကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပို့ဆောင်ရေး နှောင့်နှေးကြန့်ကြာနေခြင်းသည် တရုတ်နိုင်ငံက ချမှတ်ထားသော အစားထိုး ယာဉ်မောင်းများ မလုံလောက်ခြင်းကြောင့် မူဆယ် ၁၀၅ မိုင် အတွင်း ၁၀ ရက်မှ ၁၂ ရက်အထိ တန်းစီစောင့်ဆိုင်းနေရပြီး တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် တစ်ပတ်မှ ၁၀ ရက်အတွင်း စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ကုန်ကားတွေ ကြာမြင့်နေတဲ့ အဓိက အချက်ကတော့ လက်ရှိတရုတ်ပြည်ဘက်မှာ လက်ရှိကျင့်သုံးနေတဲ့မူဝါဒ အနေအထားအရ အစားထိုးယာဉ်မောင်းနဲ့ တရုတ်ပြည်ထဲဝင်ရ မယ်ဆိုတဲ့ မူဝါဒစတင် ကျင့်သုံးတဲ့ အချိန်ကစပြီး ကားတွေပိုကျပ်လာတယ်။ ယခင်ကလည်း ဒီလို အရောင်းအဝယ်ကောင်းတဲ့ ပွင့်လင်းရာသီတွေမှာ နှစ်သစ်ကူးပြီး ပွင့်လင်းရာသီမှာ အရောင်းအဝယ် ကောင်းကြပါတယ်။ အလုပ်အကိုင်တွေလည်း ကောင်းကြပါတယ်။ ကုန်စည် အတက်အဆင်းလည်း များပါတယ်။ ဒီနှစ်သစ်ကူးရက်မှာ တစ်လပိုင်း ၂၃ ရက်က စပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ဆိုပြီး တရုတ်ပြည်မှာ စဖြစ်တယ်ပေါ့။ သုံးလပိုင်းထဲမှာ ကျွန်တော်တို့တိုင်းပြည်မှာ တစ်ယောက်တွေ့တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တွေ့လိုက်ပြီးနောက်ပိုင်း လေးလပိုင်း ၅ ရက်ကစပြီး အစားထိုး ယာဉ်မောင်းနဲ့ ဝင်ရမယ်ဆိုပြီး စလုပ်တယ်။ စလုပ်တဲ့ အနေအထားကစပြီး ကားတွေကျပ်လာတယ်။ အခုဆို ကားတစ်စီးက ရန်ကုန်၊ မန္တလေးကနေ တက်လာမယ်ဆို ရင် ၁၀၅ မိုင်ကနေ မူဆယ် မန်းဝန်းပေါက်ကို ရောက်ဖို့ ၁၀ ရက် ၁၂ ရက်လောက် အနည်း ဆုံးကြာတယ်။ တရုတ်ပြည်ဘက်မှာကော ကားတွေတန်းစီနေတာ ငါးရက်၊ တစ်ပတ်လောက် ကြာတယ်။ ကားတွေက လမ်းမကြီးတွေကော လမ်းသွယ်တွေကော အကုန်ပြည့်နေတယ်။ တန်းစီနေကြတာ၊ တစ်ရက်ကို ထွက်နိုင်တဲ့အားက မမျှတဲ့အခါကျတော့ ကားတွေပိတ်ဆို့ပြီးတော့ ယာဉ်ကြော ကျပ် တည်းမှုတွေ ဖြစ်နေတယ်” ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောကြားသည်။

“ကားက တန်းစီနေတယ်။ ကျယ်ဂေါင် ထဲမှာ ကားကများတယ်။ ကားမောင်းတဲ့ လူ ကနည်းတယ်။ ကားမောင်းတဲ့သူက ကားလေးစီး၊ ငါးစီးကို လက်ခံထားတယ်ဆိုတော့။ ဟိုကားသွား‌မောင်း၊ ဒီကားသွားမောင်းဆိုရင် ယာဉ်ထိန်းက တုံကင်ဝေတဲ့အခါ ကိုယ့်ကားနားမှာ လူမရှိရင်လည်း တုံကင်မပေးသွားဘူး။ ကိုယ့်ကားက ထွက်လို့မရတော့ ကျန်ခဲ့တယ်။ ဒါက ဒရိုင်ဘာ မလုံလောက်တဲ့ ပြဿနာပေါ့။ တရုတ်ကလာတဲ့ ကုန်စည်တွေ ကိုထောင်ထဲမှာ ကြန့်ကြာနေပါတယ်ဟု ကျယ်ဂေါင်မြို့ ရွှေသရဖီကုန်ဂိတ်မှ ကိုအောင်မင်းက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံက သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့်မူဝါဒကြောင့် နှစ်နိုင်ငံဝင်ထွက်မှု ကုန်စည်ပို့ဆောင်ရေးတွင် ယာဉ်မောင်း မလုံလောက်ခြင်းကြောင့် မူဆယ်ဘက်ခြမ်းတွင် ကုန်ကားအစီးရေ ၈၀၀ ခန့်တန်းစီစောင့်ဆိုင်း နေရကာ တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်းတွင် ကုန်ကားအစီးရေ ၅၀၀ ကျော် စောင့်ဆိုင်းနေရပြီး ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်း၊ ပျောက်ရှခြင်းနှင့် ယာဉ်မတော်တဆမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။

“ကားက အစားထိုးယာဉ်မောင်းနဲ့ မောင်းဝင်ရတာ ဖြစ်တဲ့အတွက် ရွှေလီဘက်ကို ကုန်သွားချတဲ့ကားက ပစ္စည်းပျက်စီးတာတွေ၊ ပစ္စည်းလျော့နည်းတာတွေရှိတယ်။ ကားခကောက်တဲ့ နေရာမှာကျတော့ ယာဉ်မောင်းက ပစ္စည်းချတဲ့ နေရာမှာလည်း ပါမသွားဘူး။ ကုန်သည်က ပစ္စည်းတွေ ရေစိုပျက်စီးတယ်၊ ပစ္စည်းတွေလျော့တယ် ဆိုပြီးတော့ ပြောလာတော့ ဒီဘက်က ယာဉ်မောင်းက သူရဲ့ တန်ဆာထဲမှာ နုတ်ခံလိုက်ရတယ်။ နောက်တစ်ချက်က အစားထိုး ယာဉ်မောင်းတွေ မောင်းတဲ့အတွက် တချို့က ကားအကြောင်း နားမလည်တာ တွေလည်းရှိတယ်။ တချို့ကကားကို ကျွမ်းကျွမ်းကျင်ကျင် မမောင်းတတ် တာတွေလည်းရှိတယ်။ အဲဒီမှာ ကားပျက်စီးတာတွေရှိတယ်။ စက်ပိုင်းဆိုင်ရာ ပျက်စီးတာတွေရှိတယ်၊ ကားချင်းတိုက်မိတာတွေရှိတယ်။ တချို့ အမြင့်တင်ထားတဲ့ ပစ္စည်းတွေမှာ တရုတ်ပြည်ထဲက ဓာတ်ကြိုးတွေနဲ့ တိုက်မိတာ တွေရှိတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာအပြင် ယာဉ်တိုက်ခိုက်မှုတွေလည်း ဒီရက်ပိုင်းအတွင်း စိတ်စိတ်လေး ကြားနေရတယ်” ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံက COVID-19 ရောဂါကာလအတွင်း နယ်စပ်ဂိတ်ပေါက်များ အဝင်အထွက်ကို  တင်းကျပ်သော အစီအမံများ ပြုလုပ်ထားခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အပိုင်းတွင် ကုန်တင်ကုန်ချ အလုပ်သမား မလုံလောက်မှုများပါ ကြုံတွေ့နေရပြီး ယခင်က ကုန်တင်ကုန်ချ လုပ်အားခမှာ ကုန်တစ်တန်လျှင် ကျပ် ၄၀၀၀ ရှိရာမှ ယခုအခါ ကုန်တစ်တန်လျှင် ကျပ် ၁၀၀၀၀ အထိ ပေါက်စျေး ရှိနေကြောင်း သိရသည်။

ယခင် COVID-19 မဖြစ်ပွားခင်ကာလ၌ မူဆယ် မန္တလေး ကုန်တင်ကားခမှာ ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးကို ခုနစ်သိန်းဝန်းကျင်နှင့် တွဲကား ၂၂ ဘီးကုန်တင်ယာဉ်တစ်စီးကို ၁၃ သိန်းနှင့် ၁၄ သိန်းကြားရှိခဲ့ရာမှ ယခုအခါ ကုန်တင်ကားခမှာ ၁၂ ဘီးကုန်တင် ယာဉ်တစ်စီးကို ၁၅ သိန်းနှင့် ၁၇ သိန်းကြား ပေးနေရပြီး တွဲကား ၂၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို ၂၈ သိန်းကြား ပေးရ‌ကြောင်း သိရသည်။

ထို့နည်းတူ မူဆယ် ရန်ကုန် ကုန်တင်ကားခမှာ ၁၂ ဘီးယာဉ်တစ်စီးကို ၁၄ သိန်းဝန်းကျင်နှင့် တွဲကား ၂၂ ဘီးယာဉ် ကားခမှာ ၂၃ သိန်းနှင့် ၂၄ သိန်းကြား ရှိခဲ့ရာမှ ယခုအခါ ကုန်တင်ကားခမှ ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးကို ၂၇ သိန်းပေးနေရပြီး တွဲကား ၂၂ ဘီး ကုန်တင်ယာဉ် ကားခမှာ ၃၈ သိန်း ပေးရကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မေ ၁၅ ရက်မှစတင်၍ တရုတ်နိုင်ငံက နယ်စပ်ဝင်ထွက်ပေါက်များနှင့် နယ်စပ်ကုန်သွယ်ရေးအပေါ် အကြောင်း အမျိုးမျိုးပြကာ ဝင်ထွက်ဖြတ်သန်းချိန် လျှော့ချခြင်း၊ ၎င်းနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် မြန်မာထွက်ကုန် ပစ္စည်းများ ကန့်သတ်ပိတ်ပင်ခြင်း၊ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်ပြောင်းတို့အပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းများ ပြုလုပ်ခဲ့သော်လည်း သဘာဝသယံဇာတ ကုန်ပစ္စည်းများကိုမူ ဆက်လက်ခွင့်ပြု လျက်ရှိသည်။

Most Read

Most Recent