ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှသာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ သမိုင်းဝင် အာနန္ဒာဘုရားအတွင်း ဝင်ရောက်ဖူးမြော်ခွင့်ပြုမည်

ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှသာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ သမိုင်းဝင် အာနန္ဒာဘုရားအတွင်း ဝင်ရောက်ဖူးမြော်ခွင့်ပြုမည်
အာနန္ဒာဘုရားကို ဖူးမြင်ရစဉ်
အာနန္ဒာဘုရားကို ဖူးမြင်ရစဉ်
Published 16 June 2020
မင်းလတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသ အတွင်းရှိ သမိုင်းဝင် အာနန္ဒာ ဘုရားအတွင်းကိုမူ လာရောက်သည့် ဘုရားဖူးဧည့်သည်များ အနေဖြင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ၇၂ နာရီအတွင်း ထုတ်ပေးသော ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် ပြနိုင်မှသာလျှင် ဝင်ရောက်ဖူးမြော်ခွင့်ပြုမည် ဖြစ်ကြောင်း အာနန္ဒာဘုရား ဂေါပကအဖွဲ့မှ ဦးဇော်ဝင်းချိုက ဆိုသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသ အတွင်းရှိ သမိုင်းဝင်စေတီ၊ ပုထိုးများအတွင်း ဘုရားဖူးဧည့်သည်များ ဝင်ရောက်ဖူးမြော်ခွင့်ကို COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပြီးခဲ့သည့် ဧပြီလအတွင်းမှ စတင်၍  လက်ရှိအချိန်အထိ ယာယီပိတ်ထားလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ရောက်ဖူးမြော်ခွင့်ပြုမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။

“ပြန်လည်ဖွင့်လှစ်ဖို့ တရားဝင် ညွှန်ကြားတာ မရှိသေးပါဘူး။ ဒါပေမယ့် အာနန္ဒာဘုရားအတွင်းကို ဝင်ရောက်ဖူးမြော်လိုသူတွေ အနေနဲ့ လောလောဆယ် သုံးရက်ကြိုပြီးယူထားတဲ့ ကျန်းမာရေး ထောက်ခံချက်ပါမှပဲ လက်ခံပါတယ်။ လာတဲ့ ဘုရားဖူးဧည့်သည်က သူရဲ့သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ၇၂ နာရီအတွင်း ထုတ်ပေးတဲ့  ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ပါရင်တော့ ဝင်ရောက်ဖူးမြော်ခွင့်ပြုပါတယ်။ ဘုရားအားလုံးတော့ မဖွင့်သေးပါဘူး။ အချို့ဘုရားတွေကျ အချိန်အကန့်အသတ်နဲ့ နံနက် ၉ နာရီကနေ ၄ နာရီထိုးထိ ဖူးခွင့်ပေးတယ်လို့ ကြားသိရပါတယ်။ တန်းခိုကြီး ဘုရားတွေကတော့ ဝင်ရောက်ဖူးမြော်ခွင့်တော့ မရသေးဘူး” အာနန္ဒာဘုရား ဂေါပကအဖွဲ့မှ ဦးဇော်ဝင်းချိုက ဆိုသည်။

လက်ရှိအချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသ အတွင်းသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်အချို့ လာရောက် လည်ပတ်နေပြီ ဖြစ်ကြောင်းနှင့် စေတီ၊ ပုထိုးအချို့တွင် အချိန်အကန့်အသတ်ဖြင့် ဘုရားဖူးများကို ဖူးမြော်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

“မနေ့က ဝန်ကြီးဦးမြတ်သူ ရွှေစည်းခုံ အာနန္ဒာဘုရားကို လာတယ်။ ပုဂံမှာက ရွှေစည်းခုံ၊ အာနန္ဒာဘုရားတို့ မဖွင့်သေးဘူး။ ပုဂံဘုရားတွေ ပြန်ဖွင့်ပေးနေတော့ ကျွန်တော်တို့ အနေနဲ့ ပြောစရာမရှိပါဘူး။ သို့သော်လည်း ဘုရားဂေါပက အဖွဲ့တွေကို နိုင်ငံတော်က ညွှန်ကြားချက် ထုတ်ထားတော့ရှိပါတယ်။ ဘုရားထဲဝင်ရင် Mask တပ်ဖို့ လက်ဆေးပြီး ဝင်ကြဖို့ရှိပါတယ်။ ကျွန်တော်အမြင်အရဆို အချိန်သတ်မှတ်ပေးဖို့ တစ်ယောက် သို့မဟုတ် မိသားစုအဖွဲ့ ဝင်လာတယ်။ နာရီဝက် ဘုရားဖူးပေါ့။ ပြီးမှ နောက်တစ်ဖွဲ့ပေါ့။ ဒီလိုမျိုး အဖွဲ့တွေ ကန့်သတ်ပြီးမှ နေရာတွေခွဲပြီး ဝင်ကြမယ်ဆို ပိုပြီး အဆင်ပြေကြမယ်” ဟု ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

 

Most Read

Most Recent