၂၀၂၀ ဆူဇူကီးပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲများကစားနိုင်ရန် MFF စတင်ချိတ်ဆက်

၂၀၂၀ ဆူဇူကီးပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲများကစားနိုင်ရန် MFF စတင်ချိတ်ဆက်
Photos : MFF Facebook
Photos : MFF Facebook
Published 16 June 2020

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲများကစားနိုင်ရန် ချိတ်ဆက်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ဖလားနှင့် အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲများအပါအဝင် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုပါ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

''ဆူဇူကီးပြိုင်ပွဲမတိုင်ခင်မှာ မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွေကစားနိုင်ဖို့အတွက် ချိတ်ဆက်နေပါပြီ။ လက်ရှိမှာ ဘယ်အသင်းတွေကိုချိတ်ဆက်နေတယ်ဆိုတာကတော့ မသေချာသေးတဲ့အတွက် ပြောလို့မရသေးပါဘူး။ နည်းပြချုပ်က လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို အမြန်ဆုံးပြန်စဖို့ ဆန္ဒရှိနေပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေလည်း ကစားဖို့ရှိနေတဲ့အပြင် ဆူဇူကီးပြိုင်ပွဲကလည်း ကစားဖို့ရှိနေတဲ့အတွက် လိုအပ်တာတွေကို အလျင်အမြန် လုပ်ချင်နေတဲ့သဘောပါ။ သူ့ ဆီမှာ လေ့ကျင့်ရေးအတွက် အစီအစဉ်တွေအားလုံးကို ဆွဲပြီးသားပါ။ ဆူဇူကီးပြိုင်ပွဲအတွက်ဆိုရင် ခြေစမ်းပွဲတွေအပြင် လေ့ကျင့်ရေးခရီးစဉ်တွေပါထွက်ဖို့အတွက် နည်းပြချုပ်က ပြင်ဆင်ထားတာပါ။  လက်ရှိကာလမှာက အားလုံးကို စောင့်ကြည့်နေဆဲဖြစ်တာကြောင့် အခက်အခဲဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နည်းပြချုပ်ရဲ့ တောင်းဆိုမှုတွေကို အဖွဲ့ချုပ်အနေနဲ့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာလည်း လိုအပ်တဲ့ခြေစမ်းပွဲတွေအတွက်  အသင်းတွေကို ချိတ်ဆက်နေပါတယ်''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် အောက်တိုဘာတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ပြန်လည်ကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်တွင် ဂျပန်လက်ရွေးစင်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲစဉ်များ ဆက်တိုက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းပွဲစဉ်များအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်း၏ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် ကြိုတင်စီစဉ်နေခြင်းဖြစ်ကြောင်း MFF အထွေအထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

Most Read

Most Recent