မာယော့ကာ-ဘာစီလိုနာပွဲတွင် မက်ဆီနှင့် ဓာတ်ပုံတွဲရိုက်ရန် ကွင်းအတွင်းဝင်ရောက်ခဲ့သူကို ရာဇဝတ်မှုဖြင့် အရေးယူမည်

မာယော့ကာ-ဘာစီလိုနာပွဲတွင် မက်ဆီနှင့် ဓာတ်ပုံတွဲရိုက်ရန် ကွင်းအတွင်းဝင်ရောက်ခဲ့သူကို ရာဇဝတ်မှုဖြင့် အရေးယူမည်
Published 16 June 2020

ပြီးခဲ့သည့်စနေနေ့က မာယော့ကာ- ဘာစီလိုနာပွဲစဉ်တွင် မက်ဆီနှင့် ဓာတ်ပုံတွဲရိုက်ရန် ကွင်းအတွင်းဝင်ရောက်ခဲ့သူကို ရာဇဝတ်မှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း လာလီဂါပြိုင်ပွဲက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သုံးလကျော်ကြာ ရပ်နားထားရသည့် လာလီဂါပြိုင်ပွဲကို ယခုတစ်ပတ်တွင် ပြန်လည်စတင်ခဲ့ပြီး ပရိသတ်များမပါဘဲ ကွင်းပိတ်ကျင်းပခြင်းဖြစ်သလို အများဆုံး လူ ၃၀၀ သာ ဝင်ရောက်ခွင့်ပြုထားသော်လည်း ဇွန် ၁၃ ရက်က မာယော့ကာ-ဘာစီလိုနာပွဲတွင် လူတစ်ဦး ဝင်ရောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်း ၅၂ မိနစ်တွင် မက်ဆီအမည်နှင့် အာဂျင်တီးနားဂျာစီဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ကွင်းအတွင်းဝင်ရောက်လာပြီး ဘာစီလိုနာအသင်းနောက်ခံလူ အယ်လ်ဘာ ၏အနီးတွင် ဆဲလ်ဖီဓာတ်ပုံရိုက်ကူးပြီးနောက် ကွင်းလုံခြုံရေးများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ လာလီဂါပြိုင်ပွဲက ''ခွင့်ပြုချက်မပါဘဲ ကွင်းအတွင်းဝင်ရောက်ခဲ့သူကို လက်ရှိထုတ်ပြန်ထားတဲ့ ကျန်းမာရေးပြဋ္ဌာန်းချက်ဖောက်ဖျက်မှု၊ လုံခြုံရေးဝန်ထမ်း တွေရဲ့အမိန့်ကို မနာခံမှုနဲ့ အရေးယူသွားမှာပါ။ သူ့ရဲ့လုပ်ရပ်တွေက ရာဇဝတ်မှုမြောက်ပါတယ်။ တခြားသူတွေရဲ့ ကျန်းမာရေးနဲ့ ပြိုင်ပွဲရဲ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ ဒီလိုအပြု အမူမျိုးကို လုံးဝရှုတ်ချပါတယ်''ဟု ကြေညာ ခဲ့သည်။

ရာဇဝတ်မှုဖြင့် အရေးယူခံရမည့် ကွင်းအတွင်းဝင်ရောက်ခဲ့သူက ''မိနစ် ၄၀ ကတည်းက ကွင်းထဲကို ကျွန်တော်ရောက်နေတာပါ။ နှစ်မီတာမြင့်တဲ့ အတားအဆီးကို ခုန်ကျော်ခဲ့တာပါ။ ပွဲကြည့်စင်ပေါ်ကနေ လှေကားတွေကတစ်ဆင့် ကွင်းထဲဆင်းခဲ့တာပါ။ မက်ဆီကို ရှာနေချိန်မှာ ယော်ဒီအယ်လ်ဘာကို အရင်တွေ့ခဲ့တယ်။ ဓာတ်ပုံတစ်ပုံရိုက်ဖို့ သူ့ကိုပြောခဲ့တယ်။ ပြီးတော့ မက်ဆီရှိတဲ့နေရာကို ပြေးသွားတယ်။ မက်ဆီကို ဓာတ်ပုံရိုက်ခွင့်ပေးဖို့ အော်ပြောပေမယ့် ဗိုင်းရပ်စ်ကြောင့်ထင်တယ်။ သူက ဓာတ်ပုံမရိုက်ချင်ခဲ့ဘူး''ဟု Cadena COPE ရေဒီယိုသို့ ပြောကြားသည်။

 

Most Read

Most Recent