ငြိမ်းချမ်းရေးသဘောတူညီမှုများကို ထိန်းသိမ်းရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက မြောက်ကိုရီးယားကို တိုက်တွန်း

ငြိမ်းချမ်းရေးသဘောတူညီမှုများကို ထိန်းသိမ်းရန်နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက မြောက်ကိုရီးယားကို တိုက်တွန်း
၂၀၁၉ ဇွန် ၃၀ က ရိုက်ကူးထားသောဓာတ်ပုံတွင် တောင်ကိုရီးယားစစ်မဲ့ဇုန်၏ ပန်မမ်ဂျုံကျေးရွာ၌ တွေ့ရသော ဒေါ်နယ်ထရန့် (ဝဲ) ၊ ကင်ဂျုံအွန် (လယ်) နှင့် မွန်းဂျေအင်း (ယာ) (Photo:AP)
၂၀၁၉ ဇွန် ၃၀ က ရိုက်ကူးထားသောဓာတ်ပုံတွင် တောင်ကိုရီးယားစစ်မဲ့ဇုန်၏ ပန်မမ်ဂျုံကျေးရွာ၌ တွေ့ရသော ဒေါ်နယ်ထရန့် (ဝဲ) ၊ ကင်ဂျုံအွန် (လယ်) နှင့် မွန်းဂျေအင်း (ယာ) (Photo:AP)
Published 15 June 2020
Ref: Reuters

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာတွင် ဆက်ဆံရေးဖြတ်တောက်ရန်နှင့် စစ်ရေးအရ အရေးယူဆောင်ရွက်ရန် ခြိမ်းခြောက်မှုများကို ဖော်ပြခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက တင်းမာမှု မြင့်တက်လာခြင်းကို ရှောင်ကြဉ်ရန်နှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် မြောက်ကိုရီးယားကို ဇွန် ၁၅ ရက်တွင် တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ စိုးရိမ်ရသော စစ်ရေးရန်စမှုကြောင့် အိမ်နီးချင်းနိုင်ငံများအကြား လတ်တလောတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်များကို ထိန်းချုပ်မည့်ဆွေးနွေးပွဲများ ကြန့်ကြာနေစဉ် နောက်ထပ်အဟန့်အတားတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ဆက်ဆံရေးဖြတ်တောက်ရန် ခြိမ်းခြောက်မှုများအပြင် မြောက်ကိုရီးယားရှိ ပူးတွဲဆက်ဆံရေးရုံးတစ်ရုံးကို ပိတ်ပစ်နိုင်ခြေရှိမှုနှင့် ပြည်ပြေးများက နယ်စပ်တစ်လျှောက်တွင် ပြုံယမ်းဆန့် ကျင်ရေးလက်ကမ်းစာစောင်များ ကြဲချမှုအတွက် လက်တုံ့ပြန်မည့် အစီအစဉ်များကို မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွင် ပြီးခဲ့သည့်ရက်များက ထုတ်လွှင့်ခဲ့သည်။

“ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကိုရီးယားကျွန်းဆွယ်နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးကတိတွေ ပေးထားတယ်” ဟု မွန်းက ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို ရည်ညွှန်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဆက်ဆံရေးများ မဖြတ်တောက်သင့်ကြောင်း၊ တင်းမာမှုမြင့်တက်မှုသည် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့သည့် အတိတ်ကာလကို ပြန်သွားရန် ကြိုးစားခြင်းဖြစ်သည်ဟု မွန်းက ပြောကြားခဲ့သည်။

“ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် ကသိကအောက်နိုင်ပြီး ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု မွန်းက ပြောကြားခဲ့သည်။

အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ကတိပြုခဲ့ကြသည့် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့သည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲကို ဇွန် ၁၅ ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် မွန်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် မွန်းနှင့် ကင်ဂျုံအွန်တို့ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်လုံးဝကင်းစင်ရေးအတွက် လုပ်ဆောင်ရန်နှင့် ရန်လိုသည့် လုပ်ရပ်အားလုံးရပ်ဆိုင်းရန် ကြေညာချက်တစ်ခုတွင် ၎င်းတို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် မြောက်ကိုရီးယားက အိမ်နီးချင်းနိုင်ငံနှင့် အရေးပေါ်ဆက်သွယ်သည့် တယ်လီဖုန်းလိုင်းများကို ပြီးခဲ့သည့် သီတင်းပတ်တွင် ဖြတ်တောက်ခဲ့ပြီး မြောက်ကိုရီးယား ပြည်ပြေးများက လက်ကမ်းစာစောင်များနှင့် အခြားပစ္စည်းများ ကြဲချမှုကို တောင်ကိုရီးယားက မဟန့်တားပါက အဆက်အသွယ်အားလုံး ဆိုင်းငံ့မည်ဟု ထုတ်ပြန်ခဲ့သည်။

“မြောက်ကိုရီးယား- အမေရိကန်နဲ့ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးက မျှော်မှန်းခဲ့သလောက် တိုးတက်မှုမရှိတာကို ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအတွက် အခက်အခဲကို ထိုးဖောက်ကျော်လွှားမှုကို ရှာဖွေဖို့ အချိန်ကျလာပါပြီ” ဟု မွန်းက ပြောကြားခဲ့သည်။

စစ်ရေးပါဝင်သည့် တောင်ကိုရီးယားအပေါ် လက်တုံ့ပြန်မည့်အကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့ပြီး တစ်ရက်အကြာတွင် မြောက်ကိုရီးယားသည် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် အတိတ်က သဘောတူညီမှုများကို စောင့်ထိန်းသင့်သည်ဟု တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ ကိုရီးယားနှစ်နိုင်ငံကြားမှာ ရရှိခဲ့တဲ့ သဘောတူညီမှုတွေကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးက စောင့်ထိန်းဖို့ ကြိုးစားသင့်တယ်။ တောင်ကိုရီးယားအစိုးရက လက်ရှိအခြေအနေကို အလေးအနက်ထားပြီး သုံးသပ်နေတယ်” ဟု ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရန် စစ်တပ်ကို တာဝန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာရှိသော ညီမဖြစ်သူ ကင်ယိုဂျောင်က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent