နျူကလီးယားအင်အားကြီးနိုင်ငံများက လက်နက်တိုက်ကို အဆင့်မြှင့်တင်နေသောကြောင့် လက်နက်ထိန်းချုပ်ရေး အလားအလာက အားရစရာမကောင်းကြောင်း အစီရင်ခံစာက ဖော်ပြ

နျူကလီးယားအင်အားကြီးနိုင်ငံများက လက်နက်တိုက်ကို အဆင့်မြှင့်တင်နေသောကြောင့် လက်နက်ထိန်းချုပ်ရေး အလားအလာက အားရစရာမကောင်းကြောင်း အစီရင်ခံစာက ဖော်ပြ
ဂျပန်ရှိ အိုဆာကာတွင် ဂျီ-၂၀ ထိပ်သီး ဘေးဆွယ်အစည်းအဝေး၌ တွေ့ဆုံခဲ့သော ဒေါ်နယ်ထရန့်နှင့် ဗလာဒီမာပူတင်တို့ကို ၂၀၁၉ ဇွန် ၂၈ က တွေ့ရစဉ် (Photo:AP)
ဂျပန်ရှိ အိုဆာကာတွင် ဂျီ-၂၀ ထိပ်သီး ဘေးဆွယ်အစည်းအဝေး၌ တွေ့ဆုံခဲ့သော ဒေါ်နယ်ထရန့်နှင့် ဗလာဒီမာပူတင်တို့ကို ၂၀၁၉ ဇွန် ၂၈ က တွေ့ရစဉ် (Photo:AP)
Published 15 June 2020
Ref: AFP

နျူကလီးယားအင်အားကြီးနိုင်ငံများက ၎င်းတို့၏လက်နက်တိုက်များအား အဆင်မြှင့်တင်နေသောကြောင့် တင်းမာမှုများ မြင့်တက်လာနေပြီး လက်နက်ထိန်းချုပ်ရေးအတွက် အလားအလာသည် အားရစရာ မကောင်းကြောင်း သုတေသနပညာရှင်များက ဇွန် ၁‌၅ တွင် သတိပေးခဲ့ကြသည်။

အမေရိကန်နှင့် ရုရှားတို့အကြား အဓိကဆက်သွယ်ရေးလမ်းကြောင်းများ ဆုံးရှုံးရမှုသည် နျူကလီးယားလက်နက် အားပြိုင်ပွဲသစ်သို့ ဦးတည်နိုင်သော အလားအလာရှိနေကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာသုတေသနစင်တာ (SIPRI) ၏ နျူကလီးယားလက်နက် ထိန်းချုပ်ရေးအစီအစဉ်၏ ညွှန်ကြားရေးမှူးနှင့် ထိုအစီရင်ခံစာအား ပူးတွဲရေးသားသူ ရှန်နွန်ကီလီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်ရှိ နျူကလီးယားလက်နက်အားလုံး၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ပိုင်ဆိုင်ထားကြသည်။

အမေရိကန်နှင့် ရုရှားတို့အကြား ရရှိထားသော နျူကလီးယားလက်နက် ထိန်းချုပ်ရေးသဘောတူညီချက်သစ် New START သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် သက်တမ်းကုန်ဆုံးတော့မည်ဟု ကီလီက ပြောကြားခဲ့သည်။

ကမ္ဘာ့အင်အားအကြီးဆုံးနှစ်နိုင်ငံအကြား ရရှိထားသော ထိုသဘောတူညီချက်သည် ၎င်းတို့၏ နျူကလီးယားလက်နက် အရေအတွက်ကို စစ်အေးကာလတွင် ရှိထားသောအနေအထားထက် လျှော့ချရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ထိုသဘောတူညီချက်၏အနာဂတ်သည် မရေမရာဖြစ်နေဆဲဖြစ်သည်။

New START သဘောတူညီချက်အား သက်တမ်းတိုးရန် သို့မဟုတ် သဘောတူညီချက်သစ်ရရှိရန်အတွက် ၂၀၁၉ ခုနှစ်တွင် ညှိနှိုင်းဆွေးနွေးမှုများသည် တိုးတက်မှုမရရှိခဲ့ကြောင်း SIPRI မှ ပညာရှင်များက ပြောကြားခဲ့ကြသည်။

တရုတ်နှင့် အိန္ဒိယတို့က ၎င်းတို့လက်နက်တိုက်များ၏ အရွယ်အစားအား တိုးချဲ့နေသည့်အချိန်မှာပင် နျူကလီးယားအင်အားကြီးနိုင်ငံများက ၎င်းတို့၏နျူကလီးယားလက်နက်များ ခေတ်မီစေရေး ဆက်လက်ကြိုးပမ်းခဲ့ကြသည်။

တရုတ်သည် ၎င်း၏နျူကလီးယားလက်နက်များ‌ အလွန်အမင်း ခေတ်မီစေရေး အဆင့်မြင့်မှုကို ကြီးကြီးမားမားလုပ်ဆောင်နေကြောင်း၊ တရုတ်သည် ကုန်းကြောင်း၊ ရေကြောင်းအခြေပြု ဒုံးကျည်များနှင့် နျူကလီးယား သယ်ဆောင်နိုင်သော လေယာဉ်သစ်များ ပါဝင်‌သည့် နျူကလီးယားသုံးပွင့်ဆိုင်ဟု ခေါ်သော တည်ဆောက်မှုကို ပထမဆုံးအကြိမ် လုပ်ဆောင်နေကြောင်း SIPRI က ဖော်ပြခဲ့သည်။

နျူကလီးယားလက်နက်များ လျော့ချရေးအတွက် မည်သည့်အနာဂတ်ဆွေးနွေးပွဲတွင်မဆို ပါဝင်ရန်အတွက် အမေရိကန်၏ တိုက်တွန်းမှုကို တရုတ်က အကြိမ်ကြိမ်ပယ်ချထားသည်။

၂၀၁၉ ခုနှစ်တွင်မူ နျူကလီးယား ထိပ်ဖူးအရေအတွက်မှာမူ ကျဆင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ အစ္စရေး၊ ဗြိတိန်တို့တွင် နျူကလီးယားလက်နက်စုစုပေါင်း ၁၃၄၀၀ ရှိခဲ့သည်ဟု SIPRI က ခန့်မှန်းခဲ့ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းကထက် ၄၆၅ ခု လျော့နည်းခဲ့ခြင်းဖြစ်သည်။ ယင်းသည် အမေရိကန်နှင့် ရုရှားတို့တွင် အဓိကကျဆင်းခဲ့ခြင်းဖြစ်သည်။

New START သဘောတူညီချက်၏ အနာဂတ် မရေမရာဖြစ်နေသော်လည်း အမေရိကန်နှင့် ရုရှားတို့သည် ထိုသဘောတူညီချက်အား လိုက်နာနေဆဲဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ထိုနှစ်နိုင်ငံစလုံး၏ နျူကလီးယားလက်နက်အရေအတွက်သည် ထိုသဘောတူညီချက်က အထူးသတ်မှတ်ထားသည့် ကန့်သတ်ထားမှု၏အောက်တွင် ရှိနေခဲ့ကြောင်း SIPRI ၏အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

သို့သော် ထိုနှစ်နိုင်ငံစလုံးသည် ၎င်းတို့၏နျူကလီးယားလက်နက်ထိပ်ဖူးများ၊ ဒုံးကျည်များနှင့် လေယာဉ်များဖြင့် ပို့ဆောင်သည့်စနစ်များ၊ နျူကလီးယားလက်နက်များ ထုတ်လုပ်သည့်အဆောက်အအုံများအား အစားထိုးရန်နှင့် ခေတ်မီစေရေး အဆင်မြှင့်တင်ရန် အကုန်အကျခံပြီး ချဲ့ထွင်သော အစီအစဉ်များကို လုပ်ဆောင်နေကြကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

နျူကလီးယားမပြန့်ပွားရေး သဘောတူညီချက်သည် ယခုနှစ်အတွင်း အနှစ် ၅၀ ပြည့်မြောက်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း နျူကလီးယားလက်နက်အရေအတွက်သည် ၁၉၈၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းကာလတွင် ၇၀၀၀၀ အထိ အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent