၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများကို သြဂုတ်လအတွင်း ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာန၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါပျံ့နှ့ံမှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခြင်းများကို သတ်မှတ်ထားသည့် ဧပြီလတွင် မစစ်ဆေးနိုင်တော့ဘဲ ဇွန် ၅ ရက်မှ ၁၉ ရက်သို့ ပြောင်းရွှေ့ စစ်ဆေးလျက်ရှိသည်။
“၁၉ ရက်နေ့ပြီးရင် ကုတ်ဖြည်ရဦးမယ်။ အောင်စာရင်း လုပ်ရဦးမယ်။ အဲဒါက နှစ်လနီးပါးလောက် ကြာမယ်။ အဲဒါကြောင့် အောင်စာရင်းထုတ်ပြန်ဖို့ကို သြဂုတ်လထဲတော့ မှန်းထားတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီး ပြောကြားသည်။
တက္ကသိုလ်ဝင် အဖြေလွှာများကို တက္ကသိုလ် ၁၀ ခုတွင် ဆရာဆရာမ သုံးသောင်း ကျော်ဖြင့် စစ်ဆေးလျက် ရှိသည်။
COVID-19 ကပ်ရောဂါကြောင့် အဖြေလွှာစစ်ဆေးသည့် ဆရာဆရာမများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင် Camp သွင်း၍ အဖြေလွှာ စစ်ဆေးစေလျက်ရှိသည်။
အဖြေလွှာ စစ်ဆေးရာတွင်လည်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေခြား၍ စစ်ဆေးစေကြောင်း သိရသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများ၌ နံနက်ပိုင်းတွင် ထုတ်ပြန်ပေးလျက် ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်စာရင်းများအား ရန်ကုန်တိုင်းဒေသ ကြီး အ.ထ.က ၁ အင်းစိန်မြို့နယ် ၊အ.ထ.က ၁ ရန်ကင်းမြို့နယ် ၊အ.ထ.က ၂ စမ်းချောင်း၊ အ.ထ.က ၃ ကမာရွတ် မြို့နယ်၊အ.ထ.က ၁ လမ်းမတော်မြို့နယ်၊ အ.ထ.က ၂ ဒဂုံမြို့နယ် နှင့် အ.ထ.က ၁ သင်္ယန်းကျွန်းမြို့နယ်တို့ တွင် ထုတ်ပြန်ပေးလျက်ရှိပြီး www.myanmarexam.org တွင်လည်း တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ကြည့်ရှုနိုင်သည်။