CIES မှထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးသမားစာရင်းတွင် ထိပ်ဆုံး(၅)နေရာ၌ အင်္ဂလန်ကစားသမား (၄)ဦးပါဝင်

CIES မှထုတ်ပြန်သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးသမားစာရင်းတွင် ထိပ်ဆုံး(၅)နေရာ၌ အင်္ဂလန်ကစားသမား (၄)ဦးပါဝင်
Photos : Daily Mail
Photos : Daily Mail
Published 9 June 2020

နိုင်ငံတကာအားကစားသုတေသနအဖွဲ့(CIES)မှ ထုတ်ပြန်လိုက်သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးသမား စာရင်းတွင် ထိပ်ဆုံး(၅)နေရာ၌ အင်္ဂလန်ကစားသမား(၄)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

CIES သည် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှ စျေးကွက်တန်ဖိုးအမြင့်ဆုံး ဘောလုံးသမား(၁၀၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေကပင် ပေါင်(၂၃၁)သန်းဖြင့် ထိပ်ဆုံး၌ဦးဆောင်ခဲ့သည်။

သို့သော် ဘာပေ၏နောက်တွင် စတာလင်၊ ဆန်ချို၊ အာနိုးလ်၊ ရပ်ရှ်ဖို့ဒ်စသည့် အင်္ဂလန်ကစားသမား(၄)ဦး အစဉ်လိုက်ရပ်တည်ခဲ့သလို၊ ၎င်းတို့၏နောက်တွင် ပရီးမီးယားလိဂ်ကစားသမားများဖြစ်သည့် ဆာလာနှင့် မာနေတို့ရှိနေခဲ့သည်။

ထို့ပြင် ဟာရီကိန်းမှာလည်း အဆင့်(၁၀)နေရာတွင် ရပ်တည်နိုင်ခဲ့သည့်အတွက် ထိပ်ဆုံး(၁၀)နေရာကို အင်္ဂလန်နှင့် ပရီးမီးယားလိဂ်ကစားသမားများ အဓိကစိုးမိုးနိုင်ခဲ့သည့် အခြေအနေ လည်းဖြစ်သည်။

လာလီဂါကစားသမားများထဲ၌ တန်ဖိုးအမြင့်ဆုံးအဖြစ် သတ်မှတ်ခံရသူမှာ အဆင့်(၈)နေရာတွင် ရပ်တည်နိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး ဂရီးဇ်မန်းဖြစ်ပြီး စီးရီးအေ ကစားသမားများထဲ၌ တန်ဖိုးအမြင့်ဆုံးမှာ အဆင့် (၁၈)နေရာတွင် ရပ်တည်ခဲ့သည့် ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ဖြစ်သည်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ ထိပ်ဆုံး (၃၀)စာရင်းပင် မဝင်ခဲ့သလို၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာလည်း အဆင့်(၂၂)နေရာသို့ ရောက်ရှိခဲ့သည်။

ချယ်လ်ဆီးအသင်းမှ လူငယ်ကွင်းလယ်ကစားသမား မေဆန်မောင့်သည် တန်ဖိုးပေါင်(၉၁)သန်းဖြင့် အဆင့်(၁၉)နေရာသို့ ရောက်ရှိလာခဲ့ကြောင်းလည်း သိရသည်။

CIES သည် ကစားသမားများ၏တန်ဖိုးကို ခြေစွမ်း၊ အသက်အရွယ်၊ အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းများအပေါ် အခြေခံတွက်ချက် ကာ ယခုစာရင်းကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent