အသေးစားပြဿနာရှိသော်လည်း မာယော့ကာနှင့်ပွဲတွင် မက်ဆီ ပါဝင်နိုင်မည်ဟု ဆယ်တီယန် အတည်ပြု

အသေးစားပြဿနာရှိသော်လည်း မာယော့ကာနှင့်ပွဲတွင် မက်ဆီ ပါဝင်နိုင်မည်ဟု ဆယ်တီယန် အတည်ပြု
Published 9 June 2020

ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်က အသင်းခေါင်းဆောင် မက်ဆီအနေဖြင့် အသေးစားပြဿနာများရှိနေသော်လည်း မာယော့ကာအသင်းနှင့် ကစားမည့်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

မက်ဆီသည် ယာဘက်ပေါင်ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနှင့် သောကြာနေ့က လေ့ကျင့်ခန်းအစီအစဉ်များကို လွဲချော်ခဲ့ပြီး စနေနေ့တွင်လည်း တစ်ဦးတည်းလေ့ကျင့်မှုသာ ပြုလုပ်နိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသည် တစ်ကျော့ပြန်စတင်မည့် လာလီဂါပွဲစဉ်အဖြစ် ဇွန် ၁၃ ရက်တွင် မာယော့ကာအသင်းနှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်ပြီး မက်ဆီအနေဖြင့် ယင်းပွဲကို လွဲချော်ဖွယ်ရှိကြောင်း စပိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

သို့သော် Movistar ရုပ်သံနှင့်တွေ့ဆုံစဉ် ဆယ်တီယန်က ''မက်ဆီက မလေ့ကျင့်နိုင်တာ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ မသက်မသာခံစားနေရလို့ပါ။ ဒီလိုအခြေအနေမျိုးက လေ့ကျင့်ခန်းပြန်စရင် လူတိုင်းကြုံတွေ့ရတတ်ပါတယ်။ ဒါက အသေးစားပြဿနာတချို့ဖြစ်ပြီး ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်။ သူကိုယ်တိုင်ကလည်း အကောင်းဆုံးကြိုးစားနေပြီး တခြားဘာပြဿနာမှမရှိပါဘူး''ဟု ပြောကြားသည်။

ထို့ပြင် ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ဇန်နဝါရီကတည်းက အနားယူနေရသည့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏အခြေအနေမှာလည်း မျှော်မှန်းသည်ထက် ပိုမိုကောင်းမွန်ပြီး ပွဲကစားရန် အသင့်ဖြစ်နေပြီဟု ဆယ်တီယန်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent