လက်ရှိတွင် နိုင်ငံတော်အရန်ဆန်အတွက် ဆန်တန်ချိန် ၃၂၀၀၀ ခန့်ကို ပြည်ပသို့ ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၁၀ ထံမှ ဝယ်ယူလက်ခံထားပြီးဖြစ်ကြောင်း သိရ

လက်ရှိတွင် နိုင်ငံတော်အရန်ဆန်အတွက် ဆန်တန်ချိန် ၃၂၀၀၀ ခန့်ကို ပြည်ပသို့ ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၁၀ ထံမှ ဝယ်ယူလက်ခံထားပြီးဖြစ်ကြောင်း သိရ
Published 6 June 2020

လက်ရှိအချိန်တွင် နိုင်ငံတော်အရန် ဆန်အတွက် ဆန်တန်ချိန် ၃၂၀၀၀ ခန့်ကို ပြည်ပသို့ ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၁၀ ခုထံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူလက်ခံထားရှိပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းလျက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၅ ရက်အထိ သိုလှောင်ရုံ ၉ ရုံတွင် ဆန်တန်ချိန် ၃၂၀၀၀ ခန့်ကို ပြည်ပသို့ ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၁၀ ခုထံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဝယ်ယူလက်ခံထားရှိပြီးဖြစ်သည်။

၂၀၂၀ ခုနှစ် မေလအတွက် ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲ တန်ချိန်တစ်သိန်းခွဲအား ပင်လယ်ရေကြောင်းမှ ကုမ္ပဏီ ၁၁၂  ခုနှင့် နယ်စပ်လမ်းကြောင်းမှ ကုမ္ပဏီ ၂၀၀ ခန့် စုစုပေါင်းကုမ္ပဏီ ၃၀၀ ကျော်တို့က သတ်မှတ်ခွဲဝေထားသော ပမာဏအတိုင်း တင်ပို့ခဲ့ကြောင်း သိရသည်။

COVID-19 Pandemic ကာလအတွင်း ဆန်နှင့် ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ်ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်း စုစုပေါင်းတန်ချိန် တစ်သိန်းခွဲ အထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မေလအတွက် လိုင်စင်လျှောက်ထားရာတွင် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ တင်ပို့ခွင့် ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးထားမှုအပေါ် အမှန်တင်ပို့မှု အထောက်အထားဖြစ်သော အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ (ED) နှင့် အကယ်၍ ခွင့်ပြုလိုင်စင်ပမာဏအား အပြည်အဝ တင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထား ပါရှိရမည်ဖြစ်သည်။

ထို့ပြင် ဆန်/ဆန်ကွဲ တင်ပို့ခွင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်း ပေးသွင်းထားပြီးဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ဇွန်လမှ စက်တင်ဘာလများအတွက် လိုင်စင်လျှောက်ထားရာတွင် ယခင်လများတွင် ခွင့်ပြုချက်ရရှိသည့် လိုင်စင်များအပေါ် ပြီးပြတ်အောင်တင်ပို့ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ (ED) ၊ ခွင့်ပြုလိုင်စင်ပမာဏအား အပြည်အဝတင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထား၊ ဆန်နှင့် ဆန်ကွဲ တင်ပို့ခွင့် ပို့ကုန်လိုင်စင် လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော် အရန်ဆန် ၁၀ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းထားပြီးဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent