လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်း လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်း လျော့ကျ
 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 4 June 2020
 ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၆ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်းလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့  ပြောကြားသည်။

“မေလ ၂၂ ရက်အထိ အထည်ချုပ်တင်ပို့မှုကနေ ဒေါ်လာ ၂၆၆၇ သန်း (၂ ဒသ မ ၆၆ရဘီလျံ)ရှိတယ်။ ယခင်နှစ်ထက် ဒေါ်လာသုံးသန်း လျော့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၆၆၇ ဘီလျံရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၂ ဒသမ ၆၇၀ ဘီလျံအထိရရှိ ထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ဒေါ်လာသုံးသန်း လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။

အထည်ချုပ် CMP ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ဆယ်ဆတိုးတက်လာခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်စတင် တာဝန်ယူချိန်၌ အထည်ချုပ် ဃဏြ ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်ကိုင် လေးသိန်းခန့်ဖန်တီးပေးနိုင်ခဲ့သည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်း CMP ထုတ်လုပ်မှုတန်ဖိုးသည် ဆယ်ဆတိုးတက်လာပြီး ယခုအစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေများရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ  ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က  ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း အထည်ချုပ်ကဏ္ဍတွင် အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁ဝရာခိုင်နှုန်းခန့်သာ ရရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါလုပ်ငန်းများကို FOB စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။     

လက်ရှိအချိန်တွင် CMP လက်ခစား စနစ်လုပ်ငန်းသည် နှစ်ပေါင်းသုံးဆယ်ခန့် ရှိလာပြီဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။  

 

Most Read

Most Recent