အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် ဟာမီးစ်ရိုဒရီဂွက်ဇ် အလိုရှိ

အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် ဟာမီးစ်ရိုဒရီဂွက်ဇ် အလိုရှိ
Published 28 May 2020

ရီးယဲလ်ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် အက်သလက်တီကို အသင်းသို့ပြောင်းရွှေ့ရန် အလိုရှိနေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းနှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းသည် ၎င်းကို လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်၌ ရောင်းချရန်စီစဉ်နေသည်။

အသက် (၂၈)နှစ်အရွယ်ရှိ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် ဥရောပကလပ်အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။

သို့သော် ဟာမီးစ်ရိုဒရီဂွက်ဇ်၏ ဦးစားပေးပြောင်းရွှေ့လိုသည့်အသင်းမှာ အက်သလက်တီကိုဖြစ်ကြောင်း  Mundo Deportivo က ဖော်ပြခဲ့သည်။

အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ အက်သလက်တီကို အမှုဆောင်ချုပ် ဂီးလ်မာရင်သည် ဟာမီးစ်ရိုဒရီဂွက်ဇ်၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့် အပြောင်းအရွှေ့ကိစ္စများကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်ပြည့်မည့် ဟာမီးစ်မှာ ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့်အောက်တိုဘာလကတည်းက အသင်း၏ပွဲစဉ်များတွင် မကစားနိုင်ဘဲ အနားယူနေရသည်။

Most Read

Most Recent