ကျောင်းသားများ အားကစားကို နည်းစနစ်မှန်ဖြင့်သင်ကြားနိုင်ရန် ၁၀ တန်းမအောင်မြင်သော အား/ကာသိပ္ပံကျောင်းဆင်းများကို အခြေခံပညာကျောင်းများတွင် အလုပ်ခန့်အပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ကျောင်းသားများ အားကစားကို နည်းစနစ်မှန်ဖြင့်သင်ကြားနိုင်ရန် ၁၀ တန်းမအောင်မြင်သော အား/ကာသိပ္ပံကျောင်းဆင်းများကို အခြေခံပညာကျောင်းများတွင် အလုပ်ခန့်အပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 18 May 2020
ပြည့်ဖြိုးအောင်

ကျောင်းသားများ အားကစားကို နည်းစနစ်အမှန်ဖြင့် သင်ကြားနိုင်ရန် ၁၀ တန်း မအောင်မြင်သော အား/ကာသိပ္ပံကျောင်းဆင်းများကို အခြေခံပညာကျောင်းများတွင် အလုပ်ခန့်အပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မေ ၁၈ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၆ ကြိမ်မြောက်အစည်းအဝေး၌ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီးမြောက်သည့် သင်တန်းသား၊ သင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ၊ အားကစားနှင့် ကာယပညာသင်ကြားနိုင်ရန်အတွက် အခြေခံဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဆယ်တန်းနှစ်ခါကျတွေ PE ဆရာဆိုတာက ၁၀ တန်းအောင်စရာမလိုပါဘူး။ PE ကို ဘယ်လိုလုပ်ရမယ်။ သိပ္ပံနည်းကျ PE ကို ဘယ်လိုလုပ်ရမယ် ဒါတွေကို သင်ပြမှာဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးဌာနနဲ့တော့ ကျွန်တော်နဲ့ ညှိပါမယ်။ ပညာရေးဝန်ကြီးအနေနဲ့ ဒါဟာကို Criteria နည်းနည်းလျှော့ပြီးတော့ ကျွန်တော်တို့ကျောင်းက အောင်တဲ့သူတွေကို PE ဆရာအနေနဲ့ ခန့်ပေးပါ။ သို့မှသာလျှင် ကျောင်းသားတွေကလည်း စစ်မှန်နည်းစနစ်နှင့် အားကစားကို လုပ်လို့ရမှာ နို့မိုဆိုရင် ဘယ်လိုမှလုပ်လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် အစိုးရအဖွဲ့သို့တင်ပြပြီး အခြားဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဌာနများတွင် အားကစားထူးချွန်သည့် အားကစားနှင့် ကာယသိပ္ပံကျောင်းဆင်းများကို အလုပ်ခန့်နိုင်ရေး စဉ်းစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ ဝန်ကြီးဌာနတွေအနေနဲ့လည်း ယာယီဝန်ထမ်းခန့်တဲ့နေရာပဲဖြစ်ဖြစ်၊ အမှုထမ်းခန့်တဲ့နေရာပဲဖြစ်ဖြစ် ကျွန်တော်တို့ အောင်တဲ့ကျောင်းသားတွေကိုယူဖို့ မေတ္တာရပ်ခံမယ်။ ဒီအချက်တွေကို အစိုးရအဖွဲ့ကို တင်ပြတဲ့အခါမှာ သေသေချာချာ သက်သေစာရင်းဇယားအတိအကျနဲ့ ဘယ်လိုဘယ်လို ဖြစ်တယ်ဆိုတာကို တင်ပြမှာဖြစ်ပါတယ်။ အဓိကကတော့ သိပ္ပံကျောင်းများမှ အောင်မြင်သူ ၁၀ တန်းကျတွေကို ပညာရေးဝန်ကြီးအနေနဲ့ ယူမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးတဲ့အတိုင်း သူတို့ရဲ့ ရှေ့ရေး အခွင့်အရေးတွေဟာ အလွန်ကောင်းမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် အားကစားနှင့် ကာယသိပ္ပံကျောင်းတွင် သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ ၁၇၉၀၀ ရှိပြီး ၁၀ တန်းအောင်မြင်သူ ၂၀၉ ဦး၊ ၁၀ တန်း မအောင်မြင်သူ ၅၃၀ စုစုပေါင်း ၇၃၉ ဦးသာလျှင် ဝန်ကြီးဌာနများတွင် အမှုထမ်းမှ ဒုညွှန်အထိ ခန့်အပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အားကစားနှင့် ကာယသိပ္ပံကျောင်းများကို ၁၉၉၂ ခုနှစ်မှစတင် ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ လွိုင်ကော်တို့တွင် ကျောင်းခြောက်ကျောင်းရှိပြီး စစ်တွေနှင့် ဟားခါးတို့တွင် ဆောက်လက်စ ကျောင်းနှစ်ကျောင်းရှိကြောင်း သိရသည်။

Most Read

Most Recent