ဇူလိုင်တွင် လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် ထိုးသတ်မည်ဟု မက်ဂရီဂေါ် အရိပ်အမြွက်ပြောကြား

ဇူလိုင်တွင် လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် ထိုးသတ်မည်ဟု မက်ဂရီဂေါ် အရိပ်အမြွက်ပြောကြား
Published 14 May 2020

နာမည်ကြီး အိုင်ယာလန် MMA ကစားသမား မက်ဂရီဂေါ်က ဇူလိုင်တွင် လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် စိန်ခေါ်ထိုး သတ်ဖွယ်ရှိကြောင်း Twitter မှတစ်ဆင့် အရိပ်အမြွက်ပြောကြားသည်။

''ဇူလိုင်မှာ တွေ့ကြတာပေါ့''ဟု မက်ဂရီဂေါ်က Twitter တွင် မေ ၁၂ ရက်က ရေးသားထားပြီး အိုင်ယာလန်နှင့် အမေရိကန်အလံပုံစံ Emoji ကိုပါ ထည့်သွင်းဖော်ပြထားသည်။ 

ထို့နောက် ၎င်းက ''ဇူလိုင်မှာထိုးသတ်မယ့် လိုက်ဝိတ်ချန်ပီယံဆုအတွက် အရမ်းစိတ်လှုပ်ရှားနေတယ်''ဟု ထပ်မံရေးသားခဲ့ကြောင်း သိရသည်။ 

သို့ဖြစ်ရာ မက်ဂရီဂေါ်အနေဖြင့် UFC249 ပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် အမေရိကန်ကစားသမား ဂျပ်စတင်ဂေးချီကို ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဂျပ်စတင်ဂေးချီ (၃၁ နှစ်) သည် မေ ၉ ရက်က ကျင်းပသည့်ပွဲစဉ်တွင် တစ်နိုင်ငံတည်းသား တိုနီဖာဂူဆန်ကို ပဥ္စမအချီ၌ အလဲထိုးအနိုင်ယူကာ လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခွင့်ရမည့် Interim ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် မက်ဂရီဂေါ်က ကွင်းပိတ်ကျင်းပခဲ့ သည့် UFC249 ပြိုင်ပွဲကို နေအိမ်မှကြည့်ရှုခဲ့ပြီး မိမိအစွမ်းကို ဆူညံသံများမပါဘဲ ပြသလိုကြောင်း ပြောကြားထားသည်။

''ပရိသတ်တွေကြောင့် အားကစားနည်းတွေ ရှိနေရတာပါ။ ဒါပေမဲ့ ကျွန်တော့်အစွမ်းအစကို နောက်ခံဆူညံသံတွေမပါဘဲ ပြသရတာကိုလည်း သဘောကျပါတယ်''ဟု ၎င်းက ဆိုသည်။

မက်ဂရီဂေါ် (၃၁ နှစ်)သည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင်ကျင်းပသည့် လိုက်ဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲ၌ ရုရှားကစားသမား ခါဘစ်နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ပြီးနောက် တစ်နှစ်ကျော်အကြာ ပြီးခဲ့သည့်ဇန်နဝါရီတွင် ဝယ်လ်တာဝိတ်တန်းပွဲစဉ် ပြန်လည် ထိုးသတ်ရာ အမေရိကန်ကစားသမား ဒိုနယ်ဆာရိုနီကို ပထမအချီ စက္ကန့် ၄၀ မှာပင် အလဲထိုးအနိုင်ရခဲ့သည်။ 

လိုက်ဝိတ်တန်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ခါဘစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီကတည်းက ခါးပတ်ရရှိထားခြင်းဖြစ်သည်။